
နေပြည်တော် ဇွန် ၁၁
၂၀၂၄ ခုနှစ် မတ် ၁၁ ရက်မှ ၁၉ ရက်အထိ တက္ကသိုလ်ဝင်စာမေးပွဲကို ကျင်းပခဲ့ရာ ယနေ့တွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် သက်ဆိုင်ရာ စာစစ်ဌာနကျောင်းများ၌ လည်းကောင်း၊ မြန်မာနိုင်ငံ စာစစ်ဦးစီးဌာန Website ၌လည်းကောင်း တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများ ထုတ်ပြန်ကြေညာခဲ့ရာ နေပြည်တော်ကောင်စီနယ်မြေအတွင်း ဝင်ရောက်ဖြေဆိုသူ ၈၄၂၈ ဦးရှိသည့်အနက် အောင်မြင်သူ ၄၇၈၆ ဦးရှိပြီး အောင်မြင်မှုရာခိုင်နှုန်းအနေဖြင့် ၅၆ ဒသမ ၇၉ ရာခိုင်နှုန်းရှိ ခဲ့ကြောင်း သိရသည်။
ယနေ့ နံနက်ပိုင်းမှစတင်၍ နေပြည်တော် ကောင်စီနယ်မြေ အတွင်းရှိ စာစစ်ဌာန ဖွင့်လှစ်ထား သော ကျောင်းများ၌ တက္ကသိုလ် ဝင်စာမေးပွဲ အောင်စာရင်းများကို ထုတ်ပြန် ကြေညာပေးခဲ့ရာ ကျောင်းသား ကျောင်းသူများ စိတ်အား ထက်သန်စွာဖြင့် လာရောက်ကြည့်ရှုကြသည်။
“ကျွန်မတို့ စာစစ်ဌာနအနေနဲ့ တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုသူ ၂၈၀ ရှိပြီး ၁၄၀ အောင်မြင်တဲ့ အတွက် အောင်ချက်ရာခိုင်နှုန်း အားဖြင့် ၅၀ ရာခိုင်နှုန်းဖြစ်ပါ တယ်။ တစ်နိုင်ငံလုံးမှာရှိတဲ့ တက္ကသိုလ်ဝင် စာမေးပွဲ အောင်စာ ရင်းကို မနက်လေးနာရီ ကနေစပြီး တော့ မြန်မာနိုင်ငံ စာစစ်ဦးစီးဌာန Website ကနေ ထုတ်ပြန်ပေးခဲ့ပြီး စာစစ်ဌာနက ကျောင်းတွေမှာ တော့ မနက် ၆ နာရီဆို အောင် စာရင်းတွေကို ထုတ်ပြန်ပါတယ်။ ဂုဏ်ထူးရရှိမှုအနေနဲ့ လေးဘာသာ ဂုဏ်ထူးရှင် တစ်ဦး၊ သုံးဘာသာ ဂုဏ်ထူးရှင် နှစ်ဦး၊ နှစ်ဘာသာ ဂုဏ်ထူးရှင် သုံးဦးနဲ့ တစ်ဘာသာ ဂုဏ်ထူးရှင် တစ်ဆယ့်ငါးဦး ဖြစ် ပါတယ်။ တက္ကသိုလ်ဝင် စာမေးပွဲ အောင်မြင်တဲ့ ကျောင်းသား ကျောင်းသူတွေနဲ့ သူတို့ရဲ့ မိဘ တွေအတွက်ပါ ဂုဏ်ယူပါတယ်”ဟု အမှတ်(၇) အခြေခံပညာ အထက် တန်းကျောင်းမှ ကျောင်းအုပ် ဆရာမကြီး ဒေါ်ခင်မြင့်ရီက ပြော သည်။
၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင် စားမေးပွဲတွင် နေပြည်တော် ကောင်စီနယ်မြေအတွင်း ဖြေဆို အောင်မြင်မှုအနေဖြင့် ပျဉ်းမနား ခရိုင် ပျဉ်းမနားမြို့နယ်နှင့် ဇမ္ဗူ သီရိမြို့နယ်တို့တွင် ဂုဏ်ထူးရ ကျောင်းသား ကျောင်းသူ ၂၇၆ ဦး၊ ရိုးရိုးအောင်မြင်သူ ၁ဝ၂၆ ဦး၊ စုစုပေါင်း ၁၃ဝ၂ ဦး၊ အောင်ချက် ရာခိုင်နှုန်း ၅၈ ဒသမ ၂၈ ရာခိုင်နှုန်း၊ လယ်ဝေးခရိုင် လယ်ဝေးမြို့နယ် နှင့် ဒက္ခိဏသီရိမြို့နယ်တို့တွင် ဂုဏ်ထူးရ ကျောင်းသား ကျောင်းသူ ၂၄ဝ၊ ရိုးရိုးအောင်မြင်သူ ၁ဝ၆၂ ဦး၊ စုစုပေါင်း ၁၃ဝ၂ ဦး၊ အောင်ချက် ရာခိုင်နှုန်း ၅၈ ဒသမ ၅၂ ရာခိုင် နှုန်း၊ ဥတ္တရခရိုင် ဥတ္တရသီရိမြို့နယ် နှင့် တပ်ကုန်းမြို့နယ်တို့တွင် ဂုဏ်ထူးရ ကျောင်းသား ကျောင်းသူ ၂၃၆ ဦး၊ ရိုးရိုးအောင်မြင်သူ ၈၅၈ ဦး၊ စုစုပေါင်း ၁ဝ၉၄ ဦး၊ အောင်ချက် ရာခိုင်နှုန်း ၅၆ ဒသမ ၇၇ ရာခိုင် နှုန်း၊ ဇေယျာသီရိခရိုင် ဇေယျာ သီရိမြို့နယ် ပုဗ္ဗသီရိမြို့နယ်တို့ တွင် ဂုဏ်ထူးရ ကျောင်းသား ကျောင်းသူ ၁၈၂ ဦး၊ ရိုးရိုး အောင်မြင်သူ ၉ဝ၆ ဦး၊ စုစုပေါင်း ၁ဝ၈၈ ဦး၊ အောင်ချက်ရာခိုင်နှုန်း ၅၃ ဒသမ ၂၈ ရာခိုင်နှုန်း ရှိကြောင်း သိရသည်။
တက္ကသိုလ်ဝင် စာမေးပွဲ ဝင်ရောက်ဖြေဆိုအောင်မြင်ခဲ့သူ တစ်ဦးက “ဒီနေ့ မျှော်မှန်းထား သလို တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်ခဲ့တဲ့အတွက် အင်မတန် ဝမ်းသာပီတိ ဖြစ်မိပါတယ်။ ကိုယ့်ရဲ့ ကြိုးစားမှုရလဒ်အပေါ်မှာ မိဘတွေ ပျော်ရွှင်ရတဲ့အတွက် ဂုဏ်ယူမိပါတယ်။ အခုလို အောင်မြင်မှုရရှိအောင် ဝိုင်းဝန်း ပံ့ပိုးပေးခဲ့ကြတဲ့ မိဘနှစ်ပါးနဲ့ ဆရာ ဆရာမတွေ အားလုံးကို လည်း ကျေးဇူးတင်ရှိပါ တယ်။ စာမေးပွဲအောင်မြင်ကြ တဲ့ သူငယ်ချင်းတွေအတွက်လည်း ဂုဏ်ယူ ဝမ်းမြောက်မိပါတယ်။ မိမိဝါသနာပါတဲ့ ဘာသာရပ်တွေ ကို ဆက်လက်လေ့လာသင်ယူ ချင်ပေမယ့် အမှတ်စာရင်းအပေါ် မှာ မူတည်ပြီးတော့ ဆုံးဖြတ်ရမှာ ဖြစ်ပါတယ်” ဟု ပြောသည်။
ထို့ပြင် အထူးအစီအစဉ် တစ်ရပ်အနေဖြင့် ကျင်းပပေးသည့် ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင် စာမေး ပွဲတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း ပျဉ်းမနား ခရိုင် ဇမ္ဗူသီရိမြို့နယ်၊ အမှတ် (၁၄) အခြေခံပညာ အထက်တန်း ကျောင်း၌ ဝင်ရောက်ဖြေဆိုသူ သုံးဦးအနက် နှစ်ဘာသာ ဂုဏ်ထူး ဖြင့် အောင်မြင်သူ တစ်ဦးရှိ ကြောင်း သိရသည်။
တက္ကသိုလ်ဝင် စာမေးပွဲ အောင်စာရင်းများကို ယနေ့နံနက် ၄ နာရီအချိန်မှ စတင်၍ မြန်မာ နိုင်ငံစာစစ်ဦးစီးဌာန Website ဖြစ်သော www.myanmarexam.org တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် တက္ကသိုလ်ဝင် စာမေးပွဲ အောင်စာရင်းများ ထုတ်ပြန်ပေးခဲ့ရာ ဝင်ရောက် ကြည့်ရှုသူ များပြားခဲ့ကြောင်း သိရသည်။
ထို့ပြင် လမ်းပန်းဆက်သွယ် ရေးခက်ခဲသော တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ စာစစ်ဌာနများ၏ အောင်စာရင်းများကို မြန်မာ့အသံ ရေဒီယို အစီအစဉ်မှလည်း ကြေညာပေးခဲ့ပြီး အောင်စာရင်း နှင့် ပတ်သက်၍ မရှင်းလင်းသည် များရှိပါက မြန်မာနိုင်ငံ စာစစ် ဦးစီးဌာနသို့ ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ကြောင်း သိရသည်။
သတင်းစဉ်