
ဆောင်းပါး
=======
၂၀၃၀ ပြည့်နှစ်တွင် တစ်ကမ္ဘာလုံး ခွေးရူးရောဂါ လုံးဝကင်းစင်ရေး
============================================
ဒေါက်တာခင်စန်းမော်
လွန်ခဲ့သော ဆယ်နှစ်ခန့်ကဖြစ်သည်။ ကျွန်မ နှလုံးခွဲခံ ရသည်မှာ ခြောက်လသာ ရှိသေးသည်။
ဆေးခန်းရှေ့ မြေကွက်လပ်တွင် လိုက်ထရပ်ကား အဖြူရောင်တစ်စီး ရပ်ထားသည်။ ကားနောက်ခန်းတွင် လူဝံတစ်ကောင်ခန့် အရွယ်အစားကြီးမားသော အမည်း ရောင်ခွေးကြီးတစ်ကောင်က အဆက်မပြတ် မာန်ဖီ ဟိန်းဟောက်နေသည်။ သူ့ကိုတော့ ကားပေါ် မှာ သံကြိုး ခပ်ကြီးကြီးဖြင့် ချည်ထားပါသည်။ သို့သော် သံကြိုးက လျော့ရဲရဲ။
သူ့ကို မြင်ပြီး အထိတ်တလန့် ရပ်ကြည့်သူများကို ဟောင်ရလွန်း၍ အမြှုပ်တစီစီ၊ သွားရည်တများများ ကျနေသော ခပ်ပြဲပြဲပါးစပ်ကြီးထဲမှာ သွားစွယ်တို့က အဖွေးသား။ ပိုင်ရှင်တို့က ကာကွယ်ဆေး ထိုးချင်သည်ဟု ဆိုသည်။ ခွေးက မကိုက်ပါဟုလည်း ဆိုသည်။ သို့သော် နှုတ်သီးစွပ် တပ်၍လည်း မရပါဟု သတင်းပေးပါသည်။ ပိုင်ရှင်နှင့် သူ၏ အလုပ်သမားတို့က ကားနောက်ခန်း တိုင်မှာ ချည်ထားသော သံကြိုးကို တင်းအောင်လုပ်လိုက် ပြီး ခွေး၏လည်ပတ်သံကြိုးမှာ နောက်ထပ်သံကြိုးနှစ်ခု ကို တပ်လိုက်ပါသည်။ သူတို့ကိုတော့ ရန်မမူပါ။ ထို လုပ်ရပ်အားလုံးကို ကားအောက်သို့ဆင်းပြီး ကားဘေး မှ လုပ်ကိုင်နေခြင်း ဖြစ်သည်။ ချိတ်လိုက်သော သံကြိုး နှစ်ချောင်းကို တစ်ဖက်တစ်ချက်စီ ကန့်လန့်ဆွဲပြီး တင်းလိုက်ကာ “ဆရာမ ဆေးထိုးပေးလို့ ရပါပြီ” ဟု ကသောကမျော ပြောကြ၏။ သူတို့ကတော့ ဘေးရန် လွတ်ကင်းသောကားအောက်ဘက်မှာ၊ ခွေး၏ခေါင်းက နောက်ခန်းရှိ ဘေးထိုင်ခုံ သံပန်းတိုင်ပေါ် မေးတင်လျက် အလယ်မှာ ရောက်နေသည်။
ခွေးက ဒေါသအမျက်ခြောင်းခြောင်းထွက်ကာ ကြောက်မက်ဖွယ် ဟိန်းဟောက်နေစဉ် ကျွန်မက ကား နောက်ခန်းပေါ် ကျော်ခွတက်ပြီး ခန္ဓာကိုယ် နောက်ပိုင်း လှုပ်ရမ်းရုန်းကန်နေသည့်ခွေးကို ကာကွယ်ဆေး နှစ်လုံး ခပ်မြန်မြန်ထိုးပေးလိုက်သည်။
ခွေးပိုင်ရှင်က ကျွန်မနှင့် ခင်မင်ရင်းနှီးသောမိတ်ဆွေ ဖြစ်နေပြီး သူ့စကားကို ယုံကြည်စွာ ခွေးတစ်ကောင်တည်း ရှိသော ကားပေါ်သို့ ကျွန်မတစ်ယောက်တည်း တက်ပြီး ဆေးထိုးပေးခဲ့မိသည်။ တစိမ့်စိမ့် ပြန်တွေးကြည့်မှ အတော်ကြောက်စရာကောင်းမှန်း သတိထားမိသည်။ ခွေးက မကိုက်ဟုသာ ပြောသည်။ သူတို့ကတော့ ဘေး ကင်းရန်ကင်း ကားအပြင်ဘက် ကားနံဘေးဘက်မှာ။ အကယ်၍သူတို့ဆွဲထားသောသံကြိုး ပြတ်သွားခဲ့လျှင် ခွေးနှင့်ကျွန်မသာ ရင်ဆိုင်ရမည် ဖြစ်သည်။ ပိုင်ရှင်ကို မကိုက်သောခွေးဖြစ်စေကာမူ လူစိမ်းဖြစ်သော ကျွန်မ ကို ရန်မူနိုင်သည်သာ ဖြစ်သည်။ ဆေးကုသည့် လမ်း ကြောင်းပေါ် ရောက်ကတည်းက “ဖြစ်အောင် လုပ်မည်” ဆိုသည့် အရဲကိုးစိတ်က ကျွန်မကို တွန်းပို့ခဲ့ခြင်းပင်။
နောက်ပိုင်းမှာ ခွေးက အလွန်သန်စွမ်းပြီး သူ့ခွန် အားကို ယုံကြည်လာသောအခါ ပိုင်ရှင်များကိုပင် ရန်ပြု တတ်လာသဖြင့် ပြေးလွှားဆော့ကစားနိုင်သည့် လှောင်အိမ်ကျယ်ကြီးထဲတွင် လုံးဝပိတ်လှောင်ထား လိုက်ရသည်၊ ကာကွယ် ဆေးလည်း မထိုးဖြစ်တော့ပါဟု ပြန်ကြားရပါသည်။ ဆရာဝန်တစ်ဦးအနေဖြင့် ခွေးတစ် ကောင်ကို ကာကွယ်ဆေးထိုးရန် ဤမျှစွန့်စားခဲ့ဖူးသည့် အမှတ်တရတစ်ခု ဖြစ်ခဲ့ပါသည်။
တစ်ခါကလည်း ခွေးကြီးတစ်ကောင်ကို လှောင် အိမ်ကြီးထဲထည့်ပြီး ယူဆောင်လာသည်။ လှောင်အိမ် တံခါးကို တဖြည်းဖြည်းကျဉ်းအောင်လုပ်ပြီး ခွေးက မရုန်း နိုင်မှ ကတ်ကတ်သတ်သတ်လက်ကိုသွင်းပြီး ကာကွယ် ဆေးထိုးပေးရခြင်းလည်း ရှိတတ်သည်။ ထိုမျှသာ မကသေးပါ။
အိမ်သို့လိုက်ပြီး ကာကွယ်ဆေးထိုးပေးရသောအခါ ခွေးများက ခြံထဲမှာ လှည့်ပတ်ပြေးနေပြီး ပိုင်ရှင်များက တုတ်တစ်ချောင်းဖြင့် နောက်ကလိုက်၊ ခွေးလည်းမော၊ လူလည်းမောမှ ဆရာဝန်က အလျင်အမြန် ဆေးထိုးပေးရ တာမျိုးလည်း ရှိတတ်သည်။
တစ်ခါက ခြံဝင်းကျယ်ကြီးထဲမှ ခွေးတစ်ကောင်ကို ကာကွယ်ဆေးထိုးရန် အလုပ်သမားများက ပိုက်ကွန်ကြီး တစ်ခုဖြင့်အုပ်ကာ ပိုက်ကွန်ကို တဖြည်းဖြည်းချုံ့စေလျက် ဝိုင်းဖမ်းပေးစဉ် လှုပ်ရှားရုန်းကန်နေသော ခွေးကြီးကို အကြိတ်အနယ် ထိုးပေးခဲ့ရသည်။ အဘယ်ကြောင့် ဤမျှ စွန့်စားပြီး ကာကွယ်ဆေးကို မရရအောင် ထိုးပေးရပါသလဲ ဟုမေးကြလျှင် ခွေးရူးရောဂါကာကွယ်ဆေး ဖြစ်နေသော ကြောင့်ဟု ဖြေရပါလိမ့်မည်။
နိုင်ငံရပ်ခြားတွင် အိမ်မွေးတိရစ္ဆာန် မွေးမြူသူများ သည် အိမ်မွေးတိရစ္ဆာန်များကို မှတ်ပုံတင်ကြရပြီး သူတို့ နှင့်ပတ်သက်သမျှ ကိစ္စအဝဝကို တာဝန်ယူကြရသည်။ နိုင်နိုင်နင်းနင်း ကိုင်တွယ်ထိန်းကျောင်းနိုင်ရမည်၊ အပြုအမူ ဆိုးသွမ်းနေသောခွေးဖြစ်ပါက သင်တန်းကျောင်းသို့ ပို့ပြီး အမိန့်နာခံတတ်အောင် လေ့ကျင့်ပေးရမည်။ တိရစ္ဆာန်က စွန့်သည့် အညစ်အကြေးကအစ စနစ်တကျ သိမ်းဆည်းရန် ပိုင်ရှင်က တာဝန်ယူကြရသည်။ အိမ်မွေး တိရစ္ဆာန်အတွက် ကာကွယ်ဆေးများကို နှစ်စဉ်မပျက်မကွက် ထိုးပေးရခြင်းလည်း ပါဝင်ပါသည်။
ကိုက်ခဲတတ်သော သတ္တဝါများနှင့်နေ့စဉ် ရင်ဆိုင် နေရသော တိရစ္ဆာန်ဆေးကုဆရာဝန်တို့၏ဘဝမှာ မိမိ ကိုယ်တိုင်သည်လည်းကောင်း၊ ပိုင်ရှင်နှင့် အခြားလူများ အတွက်သော်လည်းကောင်း သတိကြီးစွာထားရမည့် ရောဂါဆိုးကြီးတစ်ခု ရှိနေသည်။ ထိုရောဂါကတော့ ကုရာ နတ္ထိ ဆေးမရှိသည့် ခွေးရူးရောဂါပင်ဖြစ်သည်။
ခွေးရူးရောဂါအကြောင်း
ခွေးရူးရောဂါသည် Rhabdo ဟုခေါ်သော ကျည်ဆန်ပုံ ဗိုင်းရပ်စ်ကြောင့် ဖြစ်ပွားရသောရောဂါဖြစ်ပြီး ဦးနှောက် နှင့် အာရုံကြောအဖွဲ့ကို အဓိကတိုက်ခိုက်သည်။ ထိုဗိုင်းရပ်စ် သည် လူအပါအဝင် သွေးနွေးသတ္တဝါအားလုံးတို့အား ရောဂါကျရောက်စေသည်။
အာရှနှင့် အာဖရိကနိုင်ငံများတွင် ခွေးများနှင့် ကြောင် များသည် ခွေးရူးရောဂါ ကူးစက်ပျံ့နှံ့စေသော အဓိက ဇာတ်ကောင်များ ဖြစ်ကြသည်။ တောင်အမေရိကနိုင်ငံ များတွင်မူ သွေးစုပ် လင်းနို့များမှတစ်ဆင့် ကူးစက်ပျံ့နှံ့စေ ကြောင်း သိရှိရပါသည်။ ထို့ပြင် အခြားမွေးမြူရေးတိရစ္ဆာန် များ ဖြစ်ကြသည့် ကျွဲ၊ နွား၊ သိုး၊ ဆိတ်၊ မြင်း စသည့် သွေးနွေးသတ္တဝါတို့မှာ ခွေးရူးရောဂါဖြစ်ပွားလျှင်လည်း လူကို ကူးစက်တတ်ပါသည်။
တိရစ္ဆာန်များတွင် ခွေးရူးရောဂါ ဖြစ်ပွားလျှင် တံတွေး ထဲ၌ ခွေးရူးရောဂါဗိုင်းရပ်စ်များစွာပါနေမည်။ ထိုတိရစ္ဆာန်က အခြားတိရစ္ဆာန်ကို ကိုက်လိုက်လျှင် ကိုက်လိုက်သော အနာထဲသို့ တံတွေးထဲမှ ခွေးရူးရောဂါဗိုင်းရပ်စ်များ ဝင်သွား ပြီး ရောဂါကူးစက်စေသည်။ ခွေးရူးရောဂါ ဖြစ်ပွားနေသော တိရစ္ဆာန်သည် ဦးနှောက်နှင့်အာရုံကြောဆိုင်ရာ ရောဂါ လက္ခဏာများနှင့်အတူ အမူအရာပြောင်းလဲခြင်း၊ အစာ မစားနိုင်ခြင်း၊ ရေမသောက်နိုင်ခြင်း၊ အနီးအနားရှိ လူ၊ တိရစ္ဆာန်တို့ကို တိုက်ခိုက်ခြင်း၊ ရန်လိုခြင်း၊ ကိုက်ခဲခြင်းတို့ ဖြစ်လာတတ်သည်။ ရောဂါလက္ခဏာပြပြီး ရက်များမကြာမီ တိရစ္ဆာန် သေဆုံးတတ်သည်။
လူကို ရောဂါကူးစက်ပုံမှာ ခွေးရူးပြန်နေသော တိရစ္ဆာန်ကကိုက်ခြင်း၊ သူ၏ သွားရည်ထဲမှ ဗိုင်းရပ်စ်များ အနာထဲသို့ ဝင်ရောက်ခြင်းမှ ကူးစက်သည်။ ခွေးရူး ရောဂါကြောင့် သေဆုံးသွားသော လူနာမှန်းမသိဘဲ ထိုလူ၏ ကိုယ်တွင်းအင်္ဂါများကို အစားထိုးကုသခြင်း (OrganTransplantation) ကြောင့်လည်း ကူးစက် တတ်ပါသည်။ ခွေးရူးရောဂါ ဖြစ်ပွားပြီဆိုလျှင် လူဖြစ်စေ၊ တိရစ္ဆာန်ဖြစ်စေ ကုရာနတ္ထိ ဆေးမရှိဘဲ အသက်သေဆုံး ကြရသည်သာ ဖြစ်သည်။
ကမ္ဘာပေါ်ရှိ အခြေအနေ
တစ်ကမ္ဘာလုံးကို ခြုံ၍ကြည့်လျှင် ၁၉၉၀ ပြည့်နှစ် တွင် ခွေးရူးရောဂါကြောင့် သေဆုံးသူ ၅၅၀၀၀ ရှိခဲ့သည်။ ထိုလူများသည် ဖွံ့ဖြိုးဆဲနိုင်ငံများမှ ဖြစ်ကြပြီး အများစုသည် အာရှတိုက်နှင့် အာဖရိကတိုက်တို့မှ ဖြစ်နေသည်။ အာရှနှင့် အာဖရိကတိုက်တွင် ခွေးရူးရောဂါ ပျံ့နှံ့ စေသော အဓိကတိရစ္ဆာန်မှာ ခွေးလေခွေးလွင့်များ ဖြစ်ကြသဖြင့် ခွေးလေခွေးလွင့်များကို နှိမ်နင်းပြီး လူတို့၏ ကျန်းမာရေးအတွက် ဆောင်ရွက်ခဲ့ရာ ခွေးရူးရောဂါကြောင့် သေဆုံးသူလူဦးရေကို များစွာလျှော့ချနိုင်ခဲ့ပါသည်။
ထို့ကြောင့် ၂၀၁၀ ပြည့်နှစ်တွင် ခွေးရူးရောဂါ ကြောင့်သေဆုံးသူကို ၂၆၀၀၀ သာရှိအောင် လျှော့ချ နိုင်ခဲ့သည်။ သို့သော် နောက်ပိုင်းတွင် တိရစ္ဆာန် ချစ်တတ်သူများက ခွေးလေခွေးလွင့်ရှင်းလင်းခြင်းကို ကန့်ကွက်လာကြသောကြောင့် ခွေးလေခွေးလွင့်များကို ကာကွယ်ဆေးထိုးခြင်း၊ ခွေးလေခွေးလွင့်ကောင်ရေ မတိုးပွားအောင် သားဆက်ခြားပေးခြင်း သို့မဟုတ် သားကြောဖြတ်ခြင်းစသော နည်းလမ်းများကို အစားထိုး လာခဲ့ကြသည်။ ၂၀၁၅ ခုနှစ်တွင်မူ တစ်ကမ္ဘာလုံးတွင် ခွေးရူးရောဂါကြောင့် သေဆုံးသူ ၁၇၄၀၀ သာ ဖြစ်အောင် လျှော့ချနိုင်ခဲ့သည်။သေဆုံးသူတို့၏ ၉၅ ရာခိုင်နှုန်းမှာ အာရှနှင့် အာဖရိကမှ ဖြစ်ကြပြီး သေဆုံးသူ လူဦးရေ ၏ ၄၀ ရာခိုင်နှုန်းမှာ အသက် ၁၅ နှစ်အောက် ကလေး များ ဖြစ်နေကြသည်။
ယခုအချိန်အထိ ကမ္ဘာပေါ်တွင် နိုင်ငံပေါင်း ၁၅၀ ကျော်၌ ခွေးရူးရောဂါ ရှိနေပါသေးသည်။ ခွေးရူးရောဂါ ကင်းစင်သောနိုင်ငံများတွင် ဗြိတိသျှကျွန်းစုများ၊ အိုင်ယာလန်၊ ဘယ်လ်ဂျီယံ၊ နယ်သာလန်၊ လူဇင်ဘတ်၊ ပြင်သစ်၊ ဆွစ်ဇာလန်၊ ပေါ်တူဂီ၊ အီတလီ၊ ဂရိ၊ မော်လတာ၊ ဂျာမနီ၊ ဒိန်းမတ်၊ နော်ဝေ၊ ဆွီဒင်၊ ဖင်လန်၊ အိုက်စလန် စသော ဥရောပနိုင်ငံများ ပါဝင်ကြသည်။
ဆရာဝန်တစ်ယောက်၏ အခန်းကဏ္ဍ
နေ့စဉ်နေ့တိုင်း လက်တွေ့ ဆေးကုသသောအလုပ် ကိုသာ စွဲစွဲမြဲမြဲလုပ်ကိုင်ခဲ့သော တိရစ္ဆာန်ဆေးကု ဆရာဝန် (Vet Practitioner) တစ်ယောက်အနေဖြင့် ဦးနှောက်ထဲ၌ အချက်ပေးခေါင်းလောင်းသံများဖြင့် အစဉ်အမြဲ တပ်လှန့်နေရသည့် ရောဂါဆိုးကြီးများ ရှိနေပါ သည်။ အဘယ်ကြောင့်ဆိုသော် ကျွန်မတို့ တိရစ္ဆာန်ဆေး ကုဆရာဝန်များသည် တိရစ္ဆာန်များကို ရောဂါကုသ ပေးရုံသာမက တိရစ္ဆာန်များမှ ကူးစက်တတ်သော ရောဂါများကို ကိုယ်တိုင်သတိထားရသည့်အပြင် ပိုင်ရှင် များနှင့် အခြားသူများကို မကူးစက်နိုင်အောင် ကြိုတင် သတိပေးခြင်း၊ ကာကွယ်တားဆီးရန် နည်းလမ်းပေးခြင်း၊ အသိပညာ ဖြန့်ဝေပေးခြင်းတို့အတွက်ပါ တာဝန် ရှိသောကြောင့် ဖြစ်သည်။
လူနှင့် တိရစ္ဆာန်တို့အတွက် အကြီးမားဆုံး အန္တရာယ်ဖြစ်သော ခွေးရူးရောဂါ သံသယရှိတိရစ္ဆာန်ကို နဖူးတွေ့၊ ဒူးတွေ့ရင်ဆိုင်တွေ့ကြုံကြရပြီး သံသယ ဖြစ်ဖွယ် တိရစ္ဆာန် ဟုတ်၊ မဟုတ်ဆုံးဖြတ်ပေးရသူများမှာ လက်တွေ့ဆေးကုသသည့်နယ်ပယ်မှ တိရစ္ဆာန်ဆေးကု ဆရာဝန်များသာ ဖြစ်နေသည်။ ရောဂါရာဇဝင်ကို မေးမြန်း၍မရပါက မျက်မြင်တွေ့ရသော ရောဂါ လက္ခဏာများကို ကိုယ်စွမ်း၊ ဉာဏ်စွမ်း၊ အတွေ့အကြုံ အစွမ်းတို့ကို အစွမ်းကုန်ထုတ်ပြီး ဆုံးဖြတ်ပေးရသူ များသာ ဖြစ်သည်။ သံသယဖြစ်ဖွယ် တိရစ္ဆာန် တစ်ကောင်ကိုတွေ့ရပြီဆိုသည်နှင့် လူကို ကိုက်ထားခြင်း ရှိ၊ မရှိ စုံစမ်းမေးမြန်းပြီး ကာကွယ်ဆေးထိုးရန်အကြံပေး ခြင်း၊ အန္တရာယ်မရှိအောင် မည်သို့မည်ပုံပြန်လည် ယူဆောင်သွားရမည် (တချို့ တိရစ္ဆာန်များကို ကားပေါ် က မချမီ ကြိုတင်စစ်ဆေးကြည့်ရှုသည်)၊ မည်သို့ လှောင် ပိတ်ထားရမည်၊ တိရစ္ဆာန်သေဆုံးသွားပါက ရောဂါရှာဖွေ ရေးဓာတ်ခွဲခန်းသို့ ပို့ဆောင်စစ်ဆေးရမည်၊ မည်သို့ ကိုင်တွယ်ရမည်ဆိုသော အချက်များကို မှာကြား ခြင်းတို့ လုပ်ပြီးသည်နှင့် တစ်ပြိုင်နက် ဆေးခန်းအတွင်း၊ အပြင် သန့်ရှင်းရေးကို စနစ်တကျ အထပ်ထပ် လုပ်ဆောင်ရပါ သေးသည်။ ဆေးကုသသည့် သက်တမ်းတစ်လျှောက် ခွေးရူးရောဂါသံသယဖြစ်ဖွယ် အတွေ့အကြုံများက တစ်ခေါက်တစ်မျိုး မရိုးနိုင်ပါ။ ယခုဆိုလျှင်တိရစ္ဆာန်ချစ်သူ များ၏ ဗဟုသုတ ပြည့်စုံလာကာ အိမ်မွေးတိရစ္ဆာန် မွေးမြူ သူတိုင်းက တိရစ္ဆာန်များကို ကာကွယ်ဆေးထိုးရန် တာဝန်ရှိကြောင်း သိလာကြပါပြီ။ ခွေးများကိုသာမက အိမ်မွေးကြောင်များကိုပါ ကာကွယ်ဆေး မပျက်မကွက် ထိုးလာကြသည်။ အိမ်ထဲ၊ ခြံထဲ၊ တိုက်ခန်းထဲတွင် တာဝန် ယူမွေးမြူခြင်းမဟုတ်ဘဲ ကြင်နာသနားသော စိတ် အရင်းခံဖြင့် ကျွေးမွေးထားသည့် လမ်းဘေးလေလွင့် ခွေးများကိုပင် ဆရာဝန်ကိုပင့်၍ ဖြစ်စေ၊ ကယ်ဆယ်ရေး ဂေဟာများမှ စေတနာ့ဝန်ထမ်းများကို ခေါ်ဆောင်၍ ဖြစ်စေ ခွေးရူးကာကွယ်ဆေးလောက်တော့ သေချာစွာ ထိုးပေးကြသည်။
ကိုင်တွယ်ထိန်းချုပ်၍ မရသော လေလွင့်ခွေးများ ကို ပိုက်ကွန်ဖြင့်အုပ်ပြီး ဖမ်းချုပ်လျက် ကာကွယ်ဆေး ထိုးခြင်း၊ မှုတ်ပြောင်းနှင့်မှုတ်ပြီး ခွေးရူးကာကွယ်ဆေး ထိုးခြင်း၊ သားဆက်ခြားသည့် ဆေးထိုးခြင်းများကို မဖြစ်မနေ လုပ်ဆောင်လာကြခြင်းမှာ ပြည်သူလူထု၏ အသိပညာ ဗဟုသုတ ကြွယ်ဝလာကြခြင်းကြောင့် ဖြစ်ပါ သည်။
World Rabies Day (ကမ္ဘာ့ခွေးရူးရောဂါနေ့)
ကမ္ဘာ့ခွေးရူးရောဂါနေ့အဖြစ် စက်တင်ဘာလ ၂၈ ရက်နေ့ကို သတ်မှတ်ခဲ့ရာ ယခု ၂၀၂၀ ပြည့်နှစ် စက်တင် ဘာလ ၂၈ ရက်နေ့တွင် (၁၄) ကြိမ်မြောက် ရှိခဲ့ပါပြီ။ ကမ္ဘာ့ခွေးရူးရောဂါနေ့အဖြစ် သတ်မှတ်ရခြင်းမှာ ခွေးရူးရောဂါ ကာကွယ်တားဆီးရေးနှင့်ပတ်သက်ပြီး ပြည်သူလူထု ပိုမိုနားလည်သတိပြုမိစေရန်နှင့် ကြောက် မက်ဖွယ်ကောင်းသော ဤရောဂါကို တိုက်ဖျက်နှိမ်နင်း ရာတွင် ရရှိလာသော တိုးတက်မှုများကို မီးမောင်းထိုးပြ နိုင်ရန်ရည်ရွယ်ပြီး ကျင်းပခြင်းဖြစ်သည်။ ကမ္ဘာ့ခွေးရူး ရောဂါနေ့ ၂၀၁၉ ၏ အဓိကရည်မှန်းချက်မှာ “ခွေးရူး ရောဂါကင်းစင်ဖို့ ကာကွယ်ဆေးထိုးကြပါစို့ (Rabies: Vaccinate to Eliminate)” ဖြစ်သည်။ ကာကွယ်ဆေး ထိုးခြင်းဟု ဆိုရာ၌ တိရစ္ဆာန်များကို ကာကွယ်ဆေးထိုး ခြင်းနှင့် အကိုက်ခံရပြီးနောက် လူကို ကာကွယ်ဆေးထိုး ခြင်းလည်း ပါဝင်ပါသည်။
ကမ္ဘာ့ခွေးရူးရောဂါနေ့ ၂၀၂၀ ၏ အဓိကရည်မှန်းချက် မှာ “၂၀၃၀ ပြည့်နှစ်တွင် တစ်ကမ္ဘာလုံး ခွေးရူးရောဂါ လုံးဝ ကင်းစင်ရေး (The goal of Zero by 30 )” ဖြစ်သည်။ အဓိကလုပ်ငန်းစဉ်များအနေဖြင့် “ကာကွယ်ဆေးထိုး ခြင်းနှင့် ပူးပေါင်းဆောင်ရွက်ခြင်း”တို့ ပါဝင်ပါသည်။ တစ်ဦး ချင်း တစ်ယောက်ချင်းဆောင်ရွက်နေသူများ၊ အစိုးရမဟုတ် သော အဖွဲ့အစည်းများနှင့် သက်ဆိုင်ရာ အစိုးရအဖွဲ့အစည်း များအားလုံး စုပေါင်းပြီး လုပ်ဆောင်နိုင်ရန် လုပ်ငန်းစဉ် ဖြစ်ပါသည်။
၂၀၁၉ ခုနှစ်အထိ လုပ်ဆောင်ချက်များ
ကျွန်မတစ်ဦးတည်း၏ လုပ်ဆောင်မှုကို ဖော်ပြရ လျှင် ခွေးရူးရောဂါနှင့်ပတ်သက်ပြီး သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်းများတွင် ပြည်သူလူထု သတိထားသင့်သော အချက် အလက်များကို ဆောင်းပါးများစွာရေးခဲ့ရုံသာမက ဝတ္ထုပါ ရေးသားခဲ့သည်။ ခွေးရူးရောဂါအကြောင်းစာအုပ်လည်း ထွက်ရှိခဲ့သည်။ ခွေးရူးရောဂါအကြောင်း ဟောပြောပွဲ များတွင်လည်း ဟောပြောခဲ့သည်။ စစ်တွေမြို့တွင် ခွေးရူး ရောဂါ ကာကွယ်ရေး ရခိုင်သဇင်လှုပ်ရှားမှုအတွက် မြန်မာ နိုင်ငံ တိရစ္ဆာန်ဆေးကုဆရာဝန်များအသင်းကြီးသို့ ခွေးရူး ရောဂါကာကွယ်ဆေး (USA ) အလုံး ၁၀၀ လှူဒါန်းခဲ့သည်။ ထို့ပြင် Infinity Vet Myanmar (IVM) ပရဟိတ ဆရာဝန် များအဖွဲ့သို့ ခွေးရူးကာကွယ်ဆေး (USA) အလုံး ၂၀၀၊ ကယ်ဆယ်ရေးဂေဟာများသို့ အလုံး ၁၀၀ လှူဒါန်းခဲ့ပြီး လေလွင့်ခွေးကောင်ရေ ထိန်းချုပ်ရန် ပရဟိတဆရာဝန်များ အဖွဲ့၏ ပရဟိတလုပ်ငန်းများတွင် ကိုယ်တိုင်ပါဝင် ခွဲစိတ်ခြင်း၊ ကာကွယ်ဆေးထိုးပေးခြင်းများ ပြုလုပ်ခဲ့ပါသည်။ ကျွန်မကဲ့သို့ပင် တစ်ဦးချင်း တစ်ယောက်ချင်းသော် လည်းကောင်း၊ စိတ်ချင်းတူရာ ပရဟိတအဖွဲ့အစည်းများ အနေဖြင့်သော်လည်းကောင်း၊ မြန်မာနိုင်ငံ တိရစ္ဆာန်ဆေးကု ဆရာဝန်များအသင်းကြီးက ဦးဆောင်၍သော်လည်း ကောင်း၊ အစိုးရအဖွဲ့အစည်းများမှ ဆရာဝန်များကသော် လည်းကောင်း ခွေးရူးကာကွယ်ဆေးထိုးခြင်း၊ တိရစ္ဆာန် ကောင်ရေ ထိန်းချုပ်ရန် ခွဲစိတ်ကုသခြင်းတို့တွင် ဝိုင်းဝန်း၍ တက်တက်ကြွကြွ ဆောင်ရွက်ခဲ့ကြပါသည်။
၂၀၂၀ ကိုဗစ်-၁၉ ကပ်ရောဂါကာလ
ယခု ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်းမှာတော့ ပုံမှန်ဆေးကုသပေးသည့် အလုပ်ကိုပင် အချိန်ပိုင်းလုပ် ဆောင်နေရာမှ လုံးဝပိတ်ပြီး အိမ်တွင်သာ နေထိုင်ဖြစ်ခဲ့ ပါသည်။ ခွေးရူးရောဂါကင်းစင်ရေးအတွက် လှုပ်ရှားမှု များကိုလည်း မလုပ်နိုင်သေးပါ။ သို့သော် ဤကာလတွင် တစ်ဦးချင်း တစ်ယောက်ချင်း ကြိုးစားပမ်းစား ဆောင်ရွက် နေကြသူများလည်း ရှိပါသည်။ ထိုအတောအတွင်း ကပ်ရောဂါ၏ အခြေအနေကို သတိပြုရင်း ပညာရပ်နှင့် သက်ဆိုင်သော Webinar များကို မပျက်မကွက် တက်ရောက်နားထောင်ဖြစ်ခဲ့သည်။
အထူးသဖြင့် ကမ္ဘာ့ခွေးရူးရောဂါနေ့ အထိမ်း အမှတ်အဖြစ် ပြုလုပ်သော Webinar များတွင် စိတ်ဝင် စားဖွယ်အကြောင်းအရာများကို နားထောင်ခဲ့ရပါသည်။ အိမ်နီးချင်း ထိုင်းနိုင်ငံ၏ ခွေးရူးရောဂါကင်းစင်ရေး နည်းဗျူဟာများအနက် ကာကွယ်ဆေးထိုးခြင်း၊ တိရစ္ဆာန်ကောင်ရေထိန်းချုပ်ခြင်း၊ လေလွင့်ခွေးများ အတွက် ကယ်ဆယ်စောင့်ရှောက်ရေးဂေဟာများ ဖွင့်လှစ် ပေးခြင်း၊ ဂေဟာများကို မှတ်ပုံတင်ခြင်း၊ ဂေဟာများ၏ အရည်အသွေး မြင့်မားအောင် လုပ်ဆောင်ခြင်းတို့ ပါဝင် သည်။
ကျွန်မ စိတ်ဝင်စားသောအချက်မှာ ချူလာလောင် ကွန်တက္ကသိုလ် တိရစ္ဆာန်ဆေးပညာ မဟာဌာနကြီး၏ သုတေသနပြုချက်အရ ခွေးထီးများကို မခွဲစိတ်ဘဲ မျိုးမပွားနိုင်အောင် ထိန်းချုပ်ခြင်း (Using nanoparticles to induce apoptosis of cells) နှင့် Kasetsart တက္ကသိုလ်၏ သုတေသနပြုချက်များအရ ခွေးမများကို မခွဲစိတ်ဘဲ မျိုးမပွားအောင်ထိန်းချုပ်ခြင်း (Using some herbs)တို့ပင် ဖြစ်ပါသည်။
ကပ်ရောဂါကာလအတွင်း ကျွန်မတို့၏ လှုပ်ရှား ဆောင်ရွက်မှုတို့ကို မလုပ်ဆောင်နိုင်သေးသော်လည်း ကိုဗစ်အလွန်ကာလတွင် ခွေးရူးရောဂါကင်းစင်ရေး အတွက် ယခင်ကလိုပင် တစ်ဦးချင်းသော်လည်းကောင်း၊ အဖွဲ့လိုက်သော်လည်းကောင်း အားကြိုးမာန်တက် ဆောင်ရွက်ကြမည် မလွဲပါ။ The goal of zero by 30 ရည်ရွယ်ချက်အတိုင်း အောင်မြင်အောင်လုပ်ဆောင်ဖို့ ကြိုတင်မျှော်လင့်ရင်း ကမ္ဘာ့ခွေးရူးရောဂါနေ့ ၂၀၂၀ ကို ဂုဏ်ပြုလိုက်ရပါသည်။ ။