(၂၉) ကြိမ်မြောက် အာဆီယံ အကောက်ခွန် ညွှန်ကြားရေးမှူးချုပ်များအစည်းအဝေး ဗီဒီယိုကွန်ဖရင့်ဖြင့် ကျင်းပ


 

ရန်ကုန် ဩဂုတ် ၁၉


(၂၉) ကြိမ်မြောက် အာဆီယံအကောက်ခွန် ညွှန်ကြားရေးမှူးချုပ်များ အစည်းအဝေး ဒုတိယနေ့ကို ယနေ့နံနက် ၈ နာရီတွင် ဗီဒီယိုကွန်ဖရင့်ဖြင့် ကျင်းပရာ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန အကောက်ခွန်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ထင်က ရန်ကုန်မြို့မှ ပါဝင်၍ အာဆီယံအကောက်ခွန် သဘာပတိအဖြစ် ဆောင်ရွက် သည်။
အစည်းအဝေးတွင် အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား အကောက်ခွန်ဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေးကော်မတီ၊ အကောက်ခွန် လုပ်ထုံးလုပ်နည်းနှင့် ကုန်သွယ်မှု လွယ်ကူချောမွေ့စေရေးလုပ်ငန်းအဖွဲ့၊ အကောက်ခွန်ဥပဒေစိုးမိုးရေး နှင့် လိုက်နာဆောင်ရွက်ရေးလုပ်ငန်းအဖွဲ့၊ အကောက်ခွန် စွမ်းဆောင်ရည် ပျိုးထောင်တည်ဆောက်ရေးလုပ်ငန်း အဖွဲ့၊ အာဆီယံပြတင်းတစ်ပေါက်စနစ်ဆိုင်ရာ ဦးဆောင် ကော်မတီများ၏ (၂၀၁၉-၂၀၂၀) အစီရင်ခံစာများ၊ အကောက်ခွန် ခေတ်မီဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ မဟာဗျူဟာ စီမံချက် (၂၀၁၆ - ၂၀၂၀) ပြီးစီးမှု သုံးသပ်ချက်များနှင့် လုပ်ငန်းအဖွဲ့များမှ နောင်ငါးနှစ်အတွင်း အကောင်အထည် ဖော်ဆောင်ရွက်ရမည့် အကောက်ခွန် ခေတ်မီဖွံ့ဖြိုး တိုးတက်မှုဆိုင်ရာ မဟာဗျူဟာစီမံချက် (၂၀၂၁-၂၀၂၅) တို့အား ဆွေးနွေးအတည်ပြုခဲ့ကြသည်။
ယနေ့ ဒုတိယနေ့အစည်းအဝေးတွင် ကမ္ဘာ့အကောက် ခွန်အဖွဲ့မှ အတွင်းရေးမှူးချုပ် Dr. Kunio Mikuriya တက်ရောက်ခဲ့ပြီး ကိုဗစ်-၁၉ ကပ်ရောဂါ ကာလအတွင်း ကြုံတွေ့နေရသည့် စိန်ခေါ်မှုများ၊ အပြည်ပြည်ဆိုင်ရာ အကောက်ခွန် ကိစ္စရပ်များအပေါ် ဆွေးနွေးသည်။
ထို့ပြင် အာဆီယံဆွေးနွေးဖက် နိုင်ငံများဖြစ်သော တရုတ်၊ ဂျပန်၊ ဩစတြေးလျ၊ ကိုရီးယားနိုင်ငံတို့မှ အကောက်ခွန်ကိုယ်စားလှယ်များနှင့် Covid-19 တုံ့ပြန်မှု ဆိုင်ရာ ကိစ္စရပ်များ၊ နယ်စပ်ဖြတ်ကျော် E-commerce ဆိုင်ရာ ကိစ္စရပ်များ၊ ပုဂ္ဂလိက ကဏ္ဍဖြစ်သော USABC၊ EUABC မှ ကိုယ်စားလှယ်များနှင့် Customs Automation၊ Advanced Rulings၊ ASEAN Wide MRA on AEO ၊ E-commerce Trusted Traders Programme ၊ Collaboration on Anti-illicit Trade ၊ ASEAN Low Value Shipment ဆိုင်ရာ ကိစ္စရပ်များအား ဆွေးနွေးကြသည်။
(၂၉) ကြိမ်မြောက် အာဆီယံအကောက်ခွန် ညွှန်ကြား ရေးမှူးချုပ်များ အစည်းအဝေးကို Video Conferencing စနစ်ဖြင့် ဩဂုတ် ၁၈ ရက်မှ ၁၉ ရက်အထိ နှစ်ရက်တိုင် နံနက် ၈ နာရီမှ ညနေ ၅ နာရီအထိ ကျင်းပခဲ့ပြီး အစည်းအဝေးပထမနေ့တွင် အာဆီယံအတွင်းရေးမှူး ချုပ်ရုံးမှ တာဝန်ရှိသူများ၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ညွှန်ကြားရေးမှူးချုပ်များနှင့် အကောက်ခွန် ကိုယ်စားလှယ် များ တက်ရောက် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်