
ရန်ကုန် ဇန်နဝါရီ ၁၈
ဗီယက်နမ်နိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် (၃၁) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစား (ဆီးဂိမ်း)ပြိုင်ပွဲတွင် မြန်မာနိုင်ငံ ဂျူဒိုအဖွဲ့ချုပ်မှ ကူရတ်(Kurash)အားကစားနည်းတွင် ကစားသမား အများအပြားဖြင့် ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး ရွှေတံဆိပ်ဆုဆွတ်ခူးရန် မျှော်မှန်းထားကြောင်း သိရသည်။
“ကူရတ်က ဂျူဒိုနဲ့ ဘာကွာ မလဲဆိုတော့ ကူရတ်က လုံး၀ အောက်ပိုင်းမပါဘူး၊ အပေါ်မှာပဲ အောက်ကျရင် ကျောနဲ့ကျရင် အမှတ်ရမယ်။ အဲဒါပဲ ကွာတာ ဖြစ်တဲ့အတွက် ကူရတ်ကိုပါ နိုင်ငံတော်အတွက် ဆုတံဆိပ် မျှော်မှန်းလို့ရမှာ ဖြစ်တဲ့အတွက် အားကစား သမားတွေအတွက် အခွင့်အရေးတစ်ခု ဖြစ်လာမယ်။ အဲဒါကြောင့် ဒီနှစ်ဆီးဂိမ်းကို ကူရတ်ပါ ဝင်ပြိုင်မယ်။ ဒီနှစ်မှာ ဘာထူးခြားမှုရှိလဲဆိုတော့ ကူရတ် ကို လူအင်အားအများဆုံးနဲ့ ပထမ ဆုံးအကြိမ် ပြိုင်တာပေါ့။ ပြီးခဲ့ တဲ့ ဖိလစ်ပိုင်ဆီးဂိမ်းမှာတော့ ပထမဆုံးအကြိမ် ကူရတ်ပြိုင် တယ်။ အဲဒီတုန်းကတော့ နပန်း အဖွဲ့ချုပ်အနေနဲ့ပဲ ဂျူဒိုသမားကို ခေါ်ပြီး ပြိုင်တာပေါ့။ အလွတ်တန်း မှာ တတိယရခဲ့တယ်။ ဒီနှစ်မှာ တော့ ယောကျ်ားလေး နှစ်တန်း၊ မိန်းကလေး လေးတန်း ပြိုင်ဖို့ လျာထားတယ်။ ကူရတ် အားကစားနည်းမှာ မိန်းကလေး တွေကိုတော့ ရွှေရဖို့ မျှော်လင့်ထား တယ်”ဟု မြန်မာနိုင်ငံ ဂျူဒိုအဖွဲ့ ချုပ် အတွင်းရေးမှူး ဦးမောင် မောင်ထွေးဦးက ပြောသည်။
ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့ တွင် ကျင်းပသွားမည့် ဆီးဂိမ်း ပြိုင်ပွဲတွင် မြန်မာနိုင်ငံ ဂျူဒို အဖွဲ့ချုပ်မှ ကူရတ် (Kurash) အားကစားပြိုင်ပွဲတွင် အမျိုးသား ဝိတ်တန်း ငါးတန်း၊ အမျိုးသမီး ဝိတ်တန်း ငါးတန်း၊ ဂျုဒိုပြိုင်ပွဲ တွင် အမျိုးသားတစ်ဦးချင်း ဝိတ်တန်း ငါးတန်း၊ အမျိုးသမီး တစ်ဦးချင်း ဝိတ်တန်း ငါးတန်း၊ Mix Team ပြိုင်ပွဲတွင် အမျိုးသား သုံးဦး၊ အမျိုးသမီး သုံးဦး စုစုပေါင်း ခြောက်ဦး ဝင်ရောက်ယှဉ်ပြိုင် မည်ဖြစ်ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖိလစ်ပိုင်ဆီးဂိမ်းတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ခတ္တ (Kata) အားကစားနည်းမှာမူ ယခုနှစ် ဆီးဂိမ်းပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည် မဟုတ် ကြောင်း သိရသည်။
လက်ရှိတွင် ဆီးဂိမ်းပြိုင်ပွဲ ဝင်ရောက် ယှဉ်ပြိုင်ရန်အတွက် မြန်မာ့လက်ရွေးစင် ဂျူဒို အားကစားသမားများ နေပြည် တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားရုံ(A)တွင် လေ့ကျင့်ပြင်ဆင်လျက်ရှိ ကြောင်း သိရသည်။
အာကာစိုး