
ရန်ကုန် ဖေဖော်ဝါရီ ၁၃
လာမည့်မေလတွင် ဗီယက်နမ်နိုင်ငံ၌ ကျင်းပမည့် (၃၁) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲ အတွက် မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းသည် ရက်ပိုင်းအတွင်း စတင် လေ့ကျင့်မည်ဖြစ်သည်။
မြန်မာ့လက်ရွေးစင် အမျိုးသမီး အသင်း နည်းပြချုပ် ဦးတင်မြင့်အောင် သည် ပဏာမကစားသမား ၃၀ ဖြင့် ပြန်လည်ဖွဲ့စည်းမည်ဖြစ်ပြီး အိန္ဒိယ ကလပ် ဂိုကူလမ်အသင်းတွင် ကစားနေ သည့် ဝင်းသိင်္ဂီထွန်းမှာမူ လတ်တလော လာရောက်ပူးပေါင်းနိုင်ဦးမည် မဟုတ် ကြောင်း သိရသည်။ မြန်မာအမျိုးသမီး အသင်းသည် ဖေဖော်ဝါရီ တတိယပတ် တွင် စတင်လေ့ကျင့်မည်ဖြစ်ပြီးဆီးဂိမ်း ပြိုင်ပွဲအတွက် နှစ်လကျော် အချိန်ယူ ပြင်ဆင်သွားမည်ဖြစ်ကာ အာရှဖလား အမျိုးသမီးပြိုင်ပွဲ နောက်ဆုံးအဆင့် ယှဉ်ပြိုင်ခဲ့သည့် အသင်းကိုသာ အခြေခံ ဖွဲ့စည်းသွားမည်ဖြစ်သည်။ မြန်မာ့ လက်ရွေးစင် အမျိုးသမီးအသင်းသည် ဆီးဂိမ်းပြိုင်ပွဲမတိုင်မီ နိုင်ငံတကာ ခြေစမ်းပွဲများ ကစားနိုင်ရန် ကြိုးပမ်း လျက်ရှိသည်။ မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည် ဇန်နဝါရီလက ယှဉ်ပြိုင်ခဲ့သည့် ၂၀၂၂ အာရှဖလား အမျိုးသမီးပြိုင်ပွဲ နောက်ဆုံးအဆင့်ပွဲစဉ် များအပြီးတွင် ခေတ္တအနားယူကာ ဆီးဂိမ်းပြိုင်ပွဲအတွက် ပြန်လည်ပြင်ဆင် ခြင်းဖြစ်သည်။ မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည် နိုင်ငံတကာ ပြိုင်ပွဲများအတွက် ပြီးခဲ့သည့် နှစ်လယ် ပိုင်းကတည်းက လေ့ကျင့်မှုများပြုလုပ် ခဲ့ပြီး ၂၀၂၁ ခုနှစ် အောက်တိုဘာတွင် ၂၀၂၂ အာရှဖလား အမျိုးသမီးခြေစစ်ပွဲ၊ ၂၀၂၂ ခုနှစ် ဇန်နဝါရီတွင် ၂၀၂၂ အာရှ ဖလား အမျိုးသမီးပြိုင်ပွဲ နောက်ဆုံး အဆင့်တို့ ယှဉ်ပြိုင်ခဲ့ကာ ပြိုင်ပွဲတစ်ခုပြီး တိုင်း ရက်အနည်းငယ်သာ အနားယူကာ ပြန်လည်လေ့ကျင့်ခြင်းဖြစ်သည်။ မြန်မာ အမျိုးသမီးအသင်းအနေဖြင့် ယှဉ်ပြိုင် ခဲ့သည့် နိုင်ငံတကာပြိုင်ပွဲများအနက် အာရှဖလားခြေစစ်ပွဲ အောင်မြင်ခဲ့သလို အာရှဖလား နောက်ဆုံးအဆင့်တွင် အုပ်စုအဆင့်မှ ထွက်ခဲ့ရသော်လည်း အာရှထိပ်သီး ဂျပန်နှင့် တောင်ကိုရီးယား တို့ကို ယခင်တွေ့ဆုံမှုများထက် ပေးဂိုးနည်းအောင် ကစားနိုင်ခဲ့ခြင်း၊ အာဆီယံထိပ်သီး ဗီယက်နမ်အသင်းကို နှစ်ကြိမ်တိုင် ဦးဆောင်ပြီးမှ သရေကျခဲ့ ခြင်းဖြစ်သည်။
မြန်မာ့လက်ရွေးစင် အမျိုးသမီး အသင်းသည် နောက်ဆုံးယှဉ်ပြိုင်ခဲ့ သည့် ၂၀၁၉ ဖိလစ်ပိုင် ဆီးဂိမ်းပြိုင်ပွဲ တွင် ကြေးတံဆိပ်ရခဲ့ပြီး ဆီးဂိမ်းပြိုင်ပွဲ တစ်လျှောက် ငွေတံဆိပ်သုံးခု၊ ကြေး တံဆိပ် ခုနစ်ခု ရရှိထားသည်။ ဆီးဂိမ်း ပြိုင်ပွဲတွင် အမျိုးသမီးဘောလုံးပြိုင်ပွဲကို ၁၉၈၅ ခုနှစ်တွင် စတင်ထည့်သွင်းကျင်းပ ခဲ့ပြီး ၂၀၁၉ ခုနှစ်အထိ ၁၁ ကြိမ် ပါဝင် ထားကာ ယင်း ၁၁ ကြိမ်တွင် ဗီယက်နမ် အသင်းက ရွှေတံဆိပ် ခြောက်ခုနှင့် ထိုင်းအသင်းက ရွှေတံဆိပ် ငါးခု ရယူ ထားသည်။
ရဲရင့်လွင်