(၃၁) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲတွင် မြန်မာဘိလိယက်အဖွဲ့ ပြိုင်ပွဲအမျိုးအစား ခြောက်မျိုးယှဉ်ပြိုင်မည်

 

ရန်ကုန်  မတ် ၂၅


မြန်မာနိုင်ငံ ဘိလိယက်နှင့် စနူကာအဖွဲ့ချုပ်သည်  မေလတွင် ဗီယက်နမ် နိုင်ငံ၌   ပြန်လည်ကျင်းပမည့် (၃၁) ကြိမ်မြောက်  ဆီးဂိမ်းပြိုင်ပွဲတွင် ပြိုင်ပွဲအမျိုးအစား ခြောက်မျိုး ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။

 


(၃၁) ကြိမ်မြောက်  ဆီးဂိမ်းပြိုင်ပွဲ၏  ဘိလိယက်အားကစားနည်းတွင် ပြိုင်ပွဲအမျိုးအစား ၁၀ မျိုး  ပါဝင်မည်ဖြစ်ပြီး  မြန်မာဘိလိယက်အဖွဲ့က ပြိုင်ပွဲအမျိုးအစား    ခြောက်မျိုးတွင်သာ    ယှဉ်ပြိုင်မည်ဖြစ်သည်။ မြန်မာနိုင်ငံ ဘိလိယက်နှင့်  စနူကာအဖွဲ့ချုပ်သည်  ဆီးဂိမ်းဘိလိယက် အားကစားနည်းတွင်ပါဝင်မည့်    ပြိုင်ပွဲအမျိုးအစားများအနက် Carom ပြိုင်ပွဲမှလွဲ၍ ဘိလိယက်၊  စနူကာနှင့်  Pool  ပြိုင်ပွဲတို့တွင်  ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်သည်။ မြန်မာဘိလိယက်အဖွဲ့သည်  (၃၁)  ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲတွင်  ဘိလိယက်တစ်ဦးချင်းပြိုင်ပွဲ၊  ဘိလိယက်နှစ်ယောက် တွဲပြိုင်ပွဲ၊ စနူကာတစ်ဦးချင်းပြိုင်ပွဲ၊ စနူကာ 6 Red တစ်ဦးချင်းပြိုင်ပွဲ၊ Pool 9 Ball ပြိုင်ပွဲနှင့် Pool 10 Ball ပြိုင်ပွဲတို့တွင်  ယှဉ်ပြိုင်သွား မည်ဖြစ်သည်။  မြန်မာဘိလိယက်အဖွဲ့သည်  ဘိလိယက်အားကစားနည်း တွင် နှစ်ဦး၊ စနူကာအားကစားနည်းတွင် နှစ်ဦး၊ Pool အားကစားနည်း တွင် နှစ်ဦး၊ စုစုပေါင်း ခြောက်ဦးဖြင့် ယှဉ်ပြိုင်သွားမည်ဖြစ်သည်။

 


ဘိလိယက်အားကစားနည်းတွင်   ယခင်ကသုံးဦး  ရွေးချယ်ထားသော် လည်း   ကစားသမားတစ်ဦးမှာ  ကျန်းမာရေးအခြေအနေကြောင့် မယှဉ်ပြိုင်နိုင်သဖြင့် နှစ်ဦးဖြင့်သာ ယှဉ်ပြိုင်သွားမည်ဖြစ်သည်။ မြန်မာ ဘိလိယက်အဖွဲ့တွင်   ဘိလိယက်ကစားသမားများအဖြစ်  ပေါက်စ၊ မင်းစည်သူထွန်း၊    စနူကာကစားသမားများအဖြစ်    ဝင်းကိုကိုနှင့် အောင်ဖြိုး၊ Pool ကစားသမားများအဖြစ် ဘုန်းမြင့်ကျော်နှင့် သော်ဇင်ထက် တို့ ပါဝင်သည်။                                                          

ရဲရင့်လွင်