
နေပြည်တော် နိုဝင်ဘာ ၁၇
(၃၈) ကြိမ်မြောက် အာဆီယံစွမ်းအင်ဝန်ကြီးများအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ (38th ASEAN Ministers on Energy Meeting (AMEM) and Associated Meetings) ကို နိုဝင်ဘာ ၁၇ ရက်မှ ၂၀ ရက်အထိ ဗီယက်နမ်နိုင်ငံက အလှည့်ကျ အိမ်ရှင်နိုင်ငံအဖြစ် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပလျက်ရှိသည်။
မြန်မာနိုင်ငံ၏ စွမ်းအင်ဆိုင်ရာ အဆင့်မြင့် အရာရှိကြီး အဖြစ် တာဝန်ယူထားသော လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဌာန အမြဲတမ်းအတွင်းဝန် ဦးသန်းဇော် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် အစည်းအဝေး ပထမနေ့အစီအစဉ် ဖြစ်သည့် အာဆီယံစွမ်းအင်ဝန်ကြီးများ အစည်းအဝေး အတွက် အာဆီယံစွမ်းအင်ဆိုင်ရာ အဆင့်မြင့်အရာရှိကြီး များ၏ ကြိုတင်ပြင်ဆင်မှုအစည်းအဝေး (SOME Prepa-ratory Meeting for the 38th AMEM) သို့ ယနေ့ နံနက် ၈ နာရီခွဲတွင် နေပြည်တော်ရှိ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဌာနမှ ပါဝင်တက်ရောက်သည်။
အဆိုပါ (၃၈) ကြိမ်မြောက် အာဆီယံစွမ်းအင်ဝန်ကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများကို လေးရက် ကြာ ကျင်းပမည်ဖြစ်ရာ နိုဝင်ဘာ ၁၇ ရက်နှင့် ၁၈ ရက်တို့ တွင် အာဆီယံစွမ်းအင်ဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများမှ AMEM နှင့် ဆက်စပ်အစည်းအဝေးများတွင် အတည်ပြုရန် ကိစ္စရပ်များအတွက် အကြိုညှိနှိုင်းအစည်းအဝေးများကို လည်းကောင်း၊ နိုဝင်ဘာ ၁၉ နှင့် ၂၀ ရက်တို့တွင် အာဆီယံ စွမ်းအင်ဝန်ကြီးများ အစည်းအဝေးနှင့် အခြားဆက်စပ် အစည်းအဝေးများဖြစ်သည့် (၁၄) ကြိမ်မြောက် အရှေ့အာရှ ထိပ်သီးအစည်းအဝေး (14th EAS-EMM)၊ (၁၇) ကြိမ်မြောက် အာဆီယံစွမ်းအင်ဝန်ကြီးများနှင့် ASEAN+3 နိုင်ငံများ ဖြစ်ကြသည့် တရုတ်၊ ဂျပန်၊ ကိုရီးယား အစည်းအဝေး၊ (၆) ကြိမ်မြောက် အာဆီယံစွမ်းအင်ဝန်ကြီးများနှင့် အပြည် ပြည်ဆိုင်ရာ စွမ်းအင်အေဂျင်စီအစည်းအဝေး (6th AMEM-IEA)၊ (၄) ကြိမ်မြောက် အာဆီယံစွမ်းအင် ဝန်ကြီးများနှင့် အပြည်ပြည်ဆိုင်ရာ ပြန်ပြည့်မြဲစွမ်းအင်အေဂျင်စီအစည်းအဝေး (4th AMEM-IRENA) နှင့် ၂၀၂၀ အာဆီယံစွမ်းအင် ဆိုင်ရာ လုပ်ငန်းဖိုရမ် (2020 ASEAN Energy Business Forum (AEBF)) တို့ကိုလည်းကောင်း ကျင်းပမည်ဖြစ် ကြောင်း သိရသည်။ သတင်းစဉ်