
နေပြည်တော် နိုဝင်ဘာ ၂၆
4th China–ASEAN Information Harbor Forum ကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ Cyberspace Administration ၊ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြုပြင်ပြောင်းလဲရေး ကော်မရှင်၊ စက်မှုနှင့် သတင်းအချက်အလက် နည်းပညာ ဝန်ကြီးဌာနနှင့် ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အစိုးရတို့ ပူးပေါင်း၍ ယနေ့တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကွမ်ရှီးကျွမ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်နင်းမြို့၌ ကျင်းပသည်။
အခမ်းအနားသို့ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က ဗီဒီယိုမိန့်ခွန်း ပေးပို့ပြောကြားရာတွင် China – ASEAN Information Harbor Forum သည် အာဆီယံဒေသတွင် ဒစ်ဂျစ်တယ်စီးပွားရေးနှင့် ဆက်စပ်သည့် အရေးကြီး အကြောင်းအရာများကို ဆွေးနွေးပြီး မိမိတို့အမြင်များကို မျှဝေရန် စင်္ကြံတစ်ခု ဖြစ်လာပါကြောင်း၊ အခမ်းအနားကို ယခင်နှစ်များကကျင်းပခဲ့သည့်အတိုင်း ယခုနှစ်တွင်လည်း တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် အာဆီယံနိုင်ငံတို့က နှစ်ဦး နှစ်ဖက် အကျိုးရှိမည့် ကောင်းမွန်သော ရလဒ်များကို ရရှိမည်ဟု ယုံကြည်ကြပါကြောင်း၊ ဒေသတွင်းအဆင့်တွင် အာဆီယံသည် “ဒစ်ဂျစ်တယ်စီးပွားရေးနှင့် ဒစ်ဂျစ်တယ် အသွင်ကူးပြောင်းခြင်း”၏ အရေးပါသော အစိတ်အပိုင်း တစ်ခုဖြစ်သည်သာမက ဒေသတွင်းပေါင်းစည်းမှုနှင့် အဓိက အားဖြင့် အားလုံးပါဝင်ပြီး သာတူညီမျှတိုးတက်ရန် ပဓာနကျသည့် မှတ်တိုင်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ အနေဖြင့်လည်း နိုင်ငံအဆင့်၌ မိမိနိုင်ငံတို့၏ ဒစ်ဂျစ်တယ် အသွင်ကူးပြောင်းခြင်း အားထုတ်မှုကို အရှိန်မြှင့်ဆောင်ရွက် ရန် ကြိုးပမ်းလျက်ရှိပါကြောင်း၊ မိမိတို့အနေဖြင့် ကွန်ရက် အခြေခံအဆောက်အအုံတည်ဆောက်ခြင်းနှင့် ပတ်သက်၍ အောင်မြင်မှု အတော်အတန်မြင့်မားစွာ ရရှိခဲ့ပါကြောင်း၊ Cybe-Legal မူဘောင်ကို ရေးဆွဲလျက်ရှိပါကြောင်း။
တရုတ်ပြည်သူ့သမ္မတနိုင်ငံသည် မိတ်ဖက်ကောင်း နိုင်ငံတစ်နိုင်ငံဖြစ်ပြီး အာဆီယံနှင့် မြန်မာနိုင်ငံတို့အား များစွာသော ကူညီမှုများကို ပေးပါကြောင်း၊ 4th China– ASEAN Information Harbor Forum သည် ဒေသတွင်းပူးပေါင်းဆောင်ရွက်မှုကို ပိုမိုခိုင်မာစေရေးအတွက် ကြီးမား သော အောင်မြင်မှုတစ်ခုဖြစ်ပြီး အာရှ-ပစိဖိတ်ဒေသတွင် ချိတ်ဆက်ထားသော ဒစ်ဂျစ်တယ်အနာဂတ်ကို ပူးတွဲ ဖန်တီးရေးအတွက် ပူးပေါင်းဆောင်ရွက်မှု ဖြစ်လာစေရန် ဆန္ဒပြုပါကြောင်း ပြောကြားသည်။
တရုတ်နိုင်ငံသည် ဒစ်ဂျစ်တယ်စီးပွားရေးတွင် အာဆီယံနိုင်ငံများနှင့်အတူ ပူးပေါင်းဆောင်ရွက်မှုနှင့် အတွေးအမြင်များ ပိုမိုဖလှယ်နိုင်ရေး နှစ်ဦးနှစ်ဖက် မိတ်ဖက်ဆက်ဆံရေးကို ချဲ့ထွင်နိုင်ရန်အတွက် ၂၀၁၅ ခုနှစ် တွင် 1st China – ASEAN Information Harbor Forum ကို လည်းကောင်း၊ ၂၀၁၆ ခုနှစ်တွင် 2nd China – ASEAN Information Harbor Forum ကို လည်းကောင်း၊ ၂၀၁၈ ခုနှစ်တွင် 3rd China – ASEAN Information Harbor Forum ကို လည်းကောင်း ကျင်းပခဲ့သည်။
အဆိုပါ ဖိုရမ်၏ Theme မှာ “Digital Technology Connects ASEAN, Intelligence Creates the Furure” ဖြစ်ပြီး ဖိုရမ်သို့ တရုတ်နိုင်ငံနှင့် အာဆီယံနိုင်ငံများမှ ဖိတ်ကြားထားသော ဝန်ကြီးအဆင့် ဧည့်သည်တော်များ၊ ဒစ်ဂျစ်တယ်စီးပွားရေးကဏ္ဍတွင် ထင်ရှားကျော်ကြားသည့် ပညာရှင်များနှင့် ကျွမ်းကျင်သူများ တက်ရောက်ကြသည်။
သတင်းစဉ်