
လွတ်လပ်ရေးကို တန်ဖိုးထား ထိန်းသိမ်းစောင့်ရှောက်လိုစိတ်များ ထားရှိနိုင်ကြပါစေ
မိုးကေနိုင်
မြန်မာနိုင်ငံတော်ကြီး လွတ်လပ်ရေးရရှိပြီး ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့်ရရှိခဲ့တာ ၇၄ နှစ် တင်းတင်းပြည့်ခဲ့ပါပြီ။
ကျွန်တော်တို့ လက်ဝယ်ပိုင်ဆိုင်ထားတဲ့ လွတ်လပ်ရေးနဲ့ အချုပ်အခြာအာဏာဟာ ဘိုးဘေး ဘီဘင်တွေ အစဉ်အဆက်တိုက်ယူပြီးမှ လက်ဆင့် ကမ်းထိန်းသိမ်းကာကွယ်စောင့်ရှောက်လာခဲ့ရတဲ့အသီးအပွင့်တွေဖြစ်ပါတယ်။ ခိုင်မာတဲ့မျိုးချစ်စိတ် ကို မြစ်ဖျားခံပြီး ကောင်းမြတ်တဲ့ ဘာသာတရား အဆုံးအမများနဲ့အတူ ၁၃၅ မျိုးသော တိုင်းရင်းသား ပေါင်းစုံရဲ့ ရင့်ကျက်နက်ရှိုင်းတဲ့ ယဉ်ကျေးမှုဓလေ့ထုံးတမ်းအစဉ်အလာနဲ့ ကောင်းမြတ်တဲ့ လောက ပါလတရားတွေနဲ့ ထုံမွမ်းထားတဲ့ လွတ်လပ်မှုမျိုး ဖြစ်ပါတယ်။
ပခုံးပြောင်း လက်ဆင့်ကမ်း
ယနေ့မျက်မှောက်မှာတော့ အခုလို အသက် တမျှ တန်ဖိုးထားထိန်းသိမ်းအပ်တဲ့ လွတ်လပ်ခြင်း ရဲ့ အနှစ်သာရတွေကို ကျွန်တော်တို့ရဲ့ မြေးမြစ် တွေထံ အစွန်းအထင်း အကျိုးအပဲ့မရှိစေရဘဲ ပခုံးပြောင်း လက်လွှဲပေးရမယ့်တာဝန်ဟာ ကျွန်တော် တို့အတွက် အရေးကြီးတာဝန်ကြီးတစ်ခု ဖြစ်နေပါ ပြီ။ ဒီလိုတွေးဆပြန်တော့ ဒီလောက်အရေးကြီးတဲ့ တာဝန်၊ တန်ဖိုးကြီးတဲ့ ရတနာအမွေတစ်ခုကို အပြစ်အနာအဆာမရှိ လက်ဆင့်ကမ်းပေးနိုင်ရေး တာဝန်တစ်ရပ် ကျေပွန်ဖို့ရာ နိုင်ငံမှာ စိန်ခေါ်မှုတွေ၊ အခက်အခဲတွေ တသီတတန်းကြီးနဲ့ ရင်ဆိုင်နေရ တယ်ဆိုတာကိုလည်း အားလုံးသတိပြုမိကြဖို့လိုပါတယ်။
အရေးတကာ့ အရေးကြီးဆုံးက တိုင်းပြည် တည်ငြိမ် အေးချမ်းရေးပါ။ တည်ငြိမ်အေးချမ်းဖို့ လိုအပ်တဲ့ တရားဥပဒေစိုးမိုးရေးထက် အရေးကြီး တာ ဘာမှမရှိပါဘူး။ တည်ငြိမ်မှုမရှိဘဲ ဘာမှလုပ်လို့ မရပါဘူး။ ယနေ့ကာလဟာ ဖြစ်ချင်တာထက် ဖြစ်သင့်တာကို ဦးစားပေးရတော့မယ့်ကာလပါ။
မတည်ငြိမ်၊ မအေးချမ်းဘဲ ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်မှုဆီသွားဖို့ ဘယ်လိုမှ မဖြစ်နိုင်ပါ ဘူး။ တည်ငြိမ်မှုပျက်ပြားတဲ့ အခြေအနေတစ်ရပ်မှာ လက်နက်ကိုင်ပဋိပက္ခတွေ ချုပ်ငြိမ်းဖို့ရာလည်း မလွယ်ပါဘူး။ မငြိမ်းချမ်းလို့ ပဋိပက္ခတွေ သက်ဆိုး ရှည်နေသမျှ အချုပ်အခြာအာဏာကို ထိခိုက်နိုင် တာ၊ အုပ်ချုပ်ရေးယန္တရား ချိုးဖျက်ခံရပြီး အချုပ် အခြာ အာဏာကျိုးပျက်လို့ နိုင်ငံငယ်လေးတွေအဖြစ် အစိတ်စိတ်အမြွှာမြွှာ ပြိုကွဲပျောက်ကွယ်သွားတဲ့ နိုင်ငံတွေရဲ့သင်ခန်းစာတွေ ကမ္ဘာ့သမိုင်းမှာ များစွာ ရှိပါတယ်။ ယူတတ်ဖို့နဲ့ ယူနိုင်ဖို့သာ လိုပါတယ်။
မိမိအကျိုးစီးပွားအသီးသီးအတွက်သာ ပုံဖော် နေကြတဲ့ ပြည်တွင်းပြည်ပဖိအားတွေနဲ့ လက်ရှိ ထူးခြားတဲ့ အခြေအနေများအရ ကမ္ဘာ့မြေပုံကနေ မြန်မာနိုင်ငံ မပျောက်ကွယ်ရေး၊ လူမျိုးမပျောက်ရေး၊ ဘာသာသာသနာမကွယ်ရေး၊ ကိုယ့်ပိုင်နက် နယ်နိမိတ်တိတိကျကျရှိတဲ့ မြန်မာနိုင်ငံနဲ့ “မြန်မာ” ဆိုတဲ့အမည် ထာ၀ရတည်တံ့ရေးဟာ အားလုံးရဲ့ အဓိက သမိုင်းပေးတာဝန်ဖြစ်နေပါပြီ။ တည်ငြိမ် အေးချမ်းဖို့နဲ့ လွတ်လပ်ရေးမဆုံးရှုံးဖို့ ယနေ့ခေတ် ကျွန်တော်တို့မျိုးဆက်တွေရဲ့ အရေးကြီးတာဝန် တစ်ရပ်ဖြစ်နေပြီဆိုတာ အလေးအနက် ခံယူထား စေချင်ပါတယ်။
အကြောက်တရားလျော့ပါးရန်လို
လွတ်လပ်ရေးနဲ့ လွတ်လပ်မှုရဲ့ ဆန့်ကျင်ဘက် ဟာ အကြောက်တရားပါ။ အကြောက်တရားရဲ့ ထိန်းချုပ်မှုအောက်မှာ မိမိတို့ရဲ့လွတ်လပ်မှုတွေ မဆုံးရှုံးရလေအောင် ပညာဉာဏ်အမြော်အမြင် ကြီးရပါမယ်။ ဆင်ခြင်တုံတရားနဲ့ တွေးခေါ်နိုင်ရပါ မယ်။ ပိုင်းခြားဝေဖန်နိုင်စွမ်းရည်နဲ့ အမှန်အမှား ခွဲခြားတတ်ပြီး အမှန်လမ်းကို လျှောက်လှမ်းနိုင်ရ ပါမယ်။ ပညာအမြင်နဲ့ အခက်အခဲကို ဖြေရှင်းပြီး ပဋိပက္ခထွက်ပေါက်ကို ရှာနိုင်ရပါမယ်။ ရှေးက ဘိုးဘွားခေါင်းဆောင်တွေဟာ ဒီလိုပြင်းပြတဲ့ စိတ်ဓာတ်တွေကိုအရင်းခံ၊ ပြည်သူတွေရဲ့ထောက်ခံ မှုအားနဲ့ ခြံရံပြီး လွတ်လပ်ရေးကို အရယူပေးခဲ့ကြ တယ်။ ရေကိုသား အကြားမထင်တဲ့ စည်းလုံး ညီညွတ်မှုနဲ့ အချုပ်အခြာအာဏာကို ကာကွယ် စောင့်ရှောက်ပေးခဲ့ကြတယ်။ ကျွန်တော်တို့ဆီမှာ ရော ကျွန်တော်တို့မျိုးဆက်သစ်တွေမှာပါ ဒီလို ကောင်းမြတ်တဲ့စိတ်ဓာတ်တွေ ကိန်းဝပ်နေအောင် ယခုလိုကာလမှာ လေ့ကျင့်မွေးမြူဖို့ လက်တွေ့ ကျင့်ကြံအားထုတ်ဖို့ အထူးလိုအပ်နေပြီလို့ ယူဆ ပါတယ်။
ထို့အတူပဲ အကျပ်အတည်းတွေအောက်မှာ ပြည်သူတွေရဲ့ နေ့စဉ်လူမှုဘဝ အထွေထွေ ကျပ်တည်းမှုဟာ အကြောက်တရားကိုဖြစ်ပေါ်စေပြီး သူတို့ရဲ့လွတ်လပ်လိုမှုကို ထိခိုက်နိုင်တယ်ဆိုတဲ့ အချက်ကိုလည်း သတိပြုဖို့လိုပါတယ်။ တစ်ဦးချင်း လွတ်လပ်ခွင့်ဆုံးရှုံးလျှင် တစ်နိုင်ငံလုံးလွတ်လပ် ရေးကိုပါ ထိခိုက်သွားနိုင်တဲ့အရေးဟာ မေ့မေ့ လျော့လျော့ ပေါ့ပေါ့ဆဆ သဘောထားရမယ့်အရာ တစ်ခု မဟုတ်တော့ပါဘူး။
ငြိမ်းချမ်းရေးသတ္တိ
အကြောက်တရားက လွတ်လပ်မှုကို ဝေးကွာ စေပေမယ့် ငြိမ်းချမ်းရေးအတွက် သတ္တိကတော့ လွတ်လပ်မှုနဲ့ အလှမ်းနီးစေပါတယ်။ မငြိမ်းချမ်းရင် ဘယ်လွတ်လပ်နိုင်ပါ့မလဲ၊ လွတ်လပ်ခြင်းရဲ့အသီး အပွင့်ကို ငြိမ်းချမ်းခြင်းကပဲ ပေးစွမ်းနိုင်တယ်ဆို တော့ မငြိမ်းချမ်းခြင်းနဲ့အတူ တွေ့ကြုံရင်ဆိုင်နေရ တဲ့ အကျိုးဆက်တွေဟာ နိုင်ငံနဲ့ နိုင်ငံသားတွေ အပေါ် ဆက်လက်သက်ရောက်နေမှာပဲဖြစ်ပါတယ်။ ပြည်သူတွေရဲ့ဘဝ လုံခြုံမှလည်း လွတ်လပ်ခြင်း ရဲ့ ချိုမြိန်တဲ့အရသာကို တင်းပြည့်ကျပ်ပြည့် ခံစား ရမှာမဟုတ်ပါလား...။
လွတ်လပ်ရေးနှင့်အတူ မွေးဖွားခဲ့တဲ့ ပဋိပက္ခ တွေကြောင့် အများစုလွတ်လပ်သော်လည်း အချို့ ဒေသများမှာ ဘေးဒုက္ခများနဲ့လွတ်လပ်မှုမရှိသကဲ့သို့ ခံစားနေရသူများလည်း ရှိနေပါသေးတယ်။ အလျင်အမြန် ဖွံ့ဖြိုးတိုးတက်ဖို့ လုပ်စရာတွေ များစွာရှိနေပါတယ်။ ပတ်ဝန်းကျင်နိုင်ငံများနဲ့ ယှဉ်ရင် ပြည်တွင်းအတိုက်အခိုက်အများဆုံးနိုင်ငံ၊ “ယာလည်း ညက်စေ ကြက်လည်းပန်းစေ” ဆိုသလို ပြည်ပရဲ့သြဇာပေး ဖိအားအများဆုံးရင်ဆိုင်နေရတဲ့ နိုင်ငံတစ်နိုင်ငံအနေနဲ့တော့ ကျဉ်းမြောင်းတဲ့ အချိုး အကွေ့တစ်ခုမှာ ရောက်နေပေမယ့် ရွေးချယ်စရာ လမ်းကြောင်းများစွာ ရှိနေပါသေးတယ်လို့ အခိုင် အမာယုံကြည်ဆဲ ဖြစ်ပါတယ်။ လိုအပ်နေတာက တစ်ခုတည်းပါ။ လွတ်လပ်ရေးနဲ့ အချုပ်အခြာ အာဏာကို ကိုယ်ကိုယ်တိုင် သန္နိဋ္ဌာန်အပြည့်နဲ့ ထိန်းသိမ်းကာကွယ် စောင့်ရှောက်လိုစိတ်ပါပဲ။ တစ်စိတ်တစ်ပိုင်း ကျိုးပဲ့နိုင်သည့် လွတ်လပ်ရေး မျိုးကိုပင် လက်မခံနိုင်တဲ့ ဒီလိုစိတ်ဓာတ်မျိုး လူတိုင်းလူတိုင်းရဲ့နှလုံးသားမှာ အစဉ်ကိန်းအောင်း စေချင်ပါတယ်။
လောကပါလတရား
နိုင်ငံတစ်နိုင်ငံရဲ့ အနှောင်အဖွဲ့ကင်းတဲ့ လွတ်လပ်ရေးမျိုးကို အားလုံးက တန်ဖိုးထား လေးစားရပါမယ်။ ဘယ်လိုတန်ဖိုးထားအပ်ပါသလဲ။ လောကကိုစောင့်ရှောက်တဲ့ လောကပါလတရားများ နဲ့ ဆက်စပ်ပြီး တန်ဖိုးထားရမှာပဲ ဖြစ်ပါတယ်။ လူ့အဖွဲ့အစည်းတစ်ခုမှာ ရှက်တတ်ကြောက်တတ် တဲ့စိတ်တွေ ကင်းမဲ့လာပြီဆိုလျှင် မကောင်းမှုတွေနဲ့ မွေ့လျော်သွားတတ်တာဟာ သဘာဝတရားတစ်ခုပါ။
ရိုးသားမှုတွေပျောက်ဆုံးမယ်၊ မှန်လားမှားလား ကောင်းမှန်းဆိုးမှန်းမသိ၊ သတ်မယ်ဖြတ်မယ်၊ ခိုးမယ်လုမယ်၊ အဂတိဖြစ်မယ်၊ မုသားတွေချဲ့ထွင် မယ် စတဲ့ လောကပျက်စီးမှုရဲ့အစ အေးချမ်းသာယာ မှုနဲ့ တည်ငြိမ်မှုကင်းမဲ့လာတဲ့အခါ လွတ်လပ်ရေး ဆုံးရှုံးနိုင်ခြေ၊ အချုပ်အခြာအာဏာ ပျက်ယွင်းနိုင်ခြေ များစွာရှိလာနိုင်တယ်ဆိုတာ မြင်တတ်ရပါမယ်။ သင်ခန်းစာယူနိုင်ရပါမယ်။ အကြောင်းက လောက ပါလတရားတွေနဲ့အညီ လောကကြီးကို ထိန်းသိမ်း စောင့်ရှောက်ခြင်းဟာ လွတ်လပ်ရေးကို ကာကွယ် စောင့်ရှောက်ခြင်းလည်း ဖြစ်တဲ့အတွက်ပါပဲ။
လောကပါလတရားကို အခြေခံပြီး ထိန်းသိမ်း စောင့်ရှောက်ထားတဲ့ စစ်မှန်တဲ့ လွတ်လပ်ရေးကသာ တရားမျှတခြင်း၊ ညီညွတ်ခြင်းနဲ့ ခွင့်တူညီမျှခြင်းကို တစ်ဖန်ပြန်လည်ပေးစွမ်းနိုင်ပါတယ်။ ထိုသို့သော ယုံကြည်ချက်ကသာ မျိုးဆက်သစ်တွေအတွက် ငြိမ်းချမ်းသာယာဖွံ့ဖြိုးတဲ့ နိုင်ငံသစ်ကို စိတ်သစ် လူသစ်နဲ့တည်ဆောက်မယ်ဆိုတဲ့ ခံယူချက် အမွေခံ ကောင်းတစ်ခုကိုပေးနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် hard power သာမက soft power ပါ တည်ဆောက် ထားဖို့ လိုအပ်နေပါတယ်။
အပေါင်းလက္ခဏာ မဆောင်တဲ့အရာတွေကို
ပြုပြင်ရှောင်ရှား
လွတ်လပ်ရေးအတွက် အပေါင်းလက္ခဏာ မဆောင်တဲ့ အရာတွေက ဘာတွေပါလဲ။ မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာဆိုတဲ့ မြင့်မြတ်တဲ့ ဗြဟ္မစိုရ်တရားတွေ ကင်းမဲ့လာရင် အမုန်းတွေ အာဃာတတွေ ပိုပြီးကြီးထွားဖို့ပဲ ရှိပါတော့တယ်။ ကိုယ်ချင်းစာတရားတွေ ကင်းမဲ့လာပါမယ်၊ နားလည်မှု ယုံကြည်မှုတွေ အားလျော့လာပါလိမ့် မယ်။ အကြံအစည်၊ အပြောအဆို၊ အရေးအသား၊ အပြုအမူအားလုံးက အဆိုးဘက်သို့သာ ဦးလှည့် သွားပါလိမ့်မယ်။
စေတနာတွေနည်းပါးပြီး မပြည့်ဝတဲ့ ဆင်ခြင်တုံ တရားနဲ့ ပညာဉာဏ်တွေ နည်းသထက်နည်း လာပါတော့မယ်။ လူလူချင်း တန်းတူညီမျှမှုနဲ့ ကျင့်ဝတ်ကောင်းတွေကို ခက်ခက်ခဲခဲ ရှာဖွေရမယ့် သဘောမှာရှိလာပါမယ်။ ယုံကြည်ကိုးကွယ်မှုနဲ့ ဘာသာတရား၊ ကိုယ်ပိုင်သမိုင်း၊ ကိုယ်ပိုင်ယဉ်ကျေး မှု စံနှုန်းတွေအပေါ် တန်ဖိုးထားလေးစားမှုတွေ ပျောက်ကွယ်တတ်ပါတယ်။ ဆင်းရဲသထက် ဆင်းရဲ လာပါမယ်၊ ဖွံ့ဖြိုးမှုတွေ နောက်ကျပါလိမ့်မယ်။ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့်တွေ ဆုံးရှုံးရတတ်ပါ တယ်။ ခံယူချက်တွေ တိမ်းပါး၊ ညီညွတ်မှုပျက်ပြားပြီး ကမ္ဘာ့အလယ်မှာ ထည်ထည်ဝါဝါ ရပ်တည်နိုင်မယ့် အခွင့်အလမ်းတွေ နည်းသထက် နည်းလာနိုင်ပါတယ်။
လွတ်လပ်ရေးကိုထိန်းသိမ်းစောင့်ရှောက်ချင်တဲ့
စိတ်ဓာတ်
လွတ်လပ်ရေးကို တည်တံ့စေရန်မှာ ခေါင်းဆောင် တွေရဲ့အရည်အသွေးဟာ အလွန်ကိုအရေးကြီးလှ တယ်။ လွတ်လပ်ရေးကိုတိုက်ယူရာမှာ ခေါင်းဆောင် ကောင်းတွေရဲ့ နှလုံးရည်၊ လက်ရုံးရည်နဲ့ အမြော် အမြင်ကြီးမားမှုက အဓိကကျခဲ့သလို ပေးဆပ်ခဲ့ရ တဲ့ အသက်သွေးချွေးကလည်း မနည်းလှဘူးဆိုတာ ပြန်ပြောင်းအမှတ်ရစေချင်ပါတယ်။ ခါးသီးတဲ့ သူ့ကျွန်ဘဝမှာ မနေချင်ကြလို့သာ အသက်စွန့် အသေခံတော်လှန်ခဲ့ကြရတာဖြစ်သလို ခက်ခက် ခဲခဲ ရယူခဲ့ရတဲ့လွတ်လပ်ရေး ပြန်လည်မဆုံးရှုံးရ အောင် ပေးဆပ်မှုပေါင်းများစွာနဲ့ အသက်ပေး ကာကွယ်စောင့်ရှောက် နေကြရတာကိုလည်း ယနေ့ထိတိုင် တွေ့မြင်နေရမှာ ဖြစ်ပါတယ်။ အလိုချင်ဆုံးက လွတ်လပ်ရေးတိုက်ပွဲဝင်ကာလ တစ်လျှောက် အမြော်အမြင်ကြီးမားတဲ့ ခေါင်းဆောင် မှုနဲ့ ခိုင်ခိုင်မာမာ စုစည်းပိုင်ဆိုင်ခဲ့ဖူးတဲ့ စည်းလုံး ညီညွတ်မှုမျိုးပဲလို့ ဆိုချင်ပါတယ်။
ဘာကြောင့်လဲဆိုတော့ ယနေ့အခြေအနေ လိုအပ် ချက်အရ လွတ်လပ်ရေးမဆုံးရှုံးဖို့နဲ့ ကျစ်လျစ် ခိုင်မာတဲ့ ညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးသည်သာ ပြည်သူများရဲ့ အဓိကလိုလားတောင့်တချက်ဖြစ်နေ လို့ပါပဲ။
အရေးကြီးတဲ့ မျိုးချစ်စိတ်ဓာတ်နဲ့အတူ လွတ်လပ်ရေးကိုတန်ဖိုးထား ထိန်းသိမ်းစောင့်ရှောက် လိုတဲ့ စိတ်ဓာတ်တွေ စုစည်းနိုင်ပြီဆိုရင် ကျန်တဲ့ ကဏ္ဍတွေဖြစ်တဲ့ စီးပွားရေး၊ ကာကွယ်ရေး၊ ယဉ်ကျေးမှုစတဲ့ အရေးအရာ အားလုံးမှာလည်း အင်အားကြီးမားလာမှာပဲ ဖြစ်ပါတယ်။ “ကျွဲကူး ရေပါ” ဆိုသလို နိုင်ငံရေးတည်ငြိမ်ပြီး ပြည်သူတွေရဲ့ နိုင်ငံရေးရေချိန်လည်း လိုက်ပါမြင့်မားလာမှာ ဖြစ်ပါ တယ်။ ကဏ္ဍအားလုံး စွမ်းပကားနိမ့်ပါးအားနည်းတဲ့ အခြေအနေမှာ အင်အားတောင့်တင်းတဲ့ နိုင်ငံတော် ကြီးအဖြစ်ကနေ ဝါးအစည်းပြေသလို ဆုတ်ယုတ် ပျက်ပြားခဲ့ရပြီးမှ ခက်ခက်ခဲခဲ ကယ်တင်ဖြေရှင်း ခဲ့ရတဲ့ ဆိုးရွားတဲ့အတွေ့အကြုံတွေဟာ မမေ့ ကောင်းတဲ့အရာတွေပဲ ဖြစ်ပါတယ်။ တွေးခေါ် မြော်မြင်မှု နည်းပါးတဲ့ခေါင်းဆောင်တွေလက်ထက် မှာ တိုင်းပြည်ကျွန်ဖြစ်ခဲ့ရတာ၊ လွတ်လပ်ရေးမရမီ သွေးခွဲအုပ်ချုပ်ခံခဲ့ကြရလို့ ယနေ့ထိတိုင် လက်နက် ကိုင်ပဋိပက္ခတွေ မချုပ်ငြိမ်းနိုင်သေးတာ၊ ဒါတွေ အားလုံး သင်ခန်းစာယူစရာတွေ၊ မမေ့အပ်တဲ့အရာ တွေပဲ ဖြစ်ပါတယ်။
လွတ်လပ်ရေး၏တန်ဖိုးကို လွတ်လပ်မှုဆုံးရှုံးဖူး မှ သိရသလို၊ အင်အားကြီးသူ၏ ဖိနှိပ်မှုကို ခံရဖူးမှ လည်း ညီညွတ်မှုအင်အားရဲ့တန်ဖိုးကို သိရတာ ဖြစ်လို့ အခုအချိန်မှာ ပြည်သူအားလုံး၊ နိုင်ငံသား အားလုံး၊ တိုင်းရင်းသားအားလုံး စည်းလုံး ညီညွတ်ကြဖို့ အထူးကို လိုအပ်နေပါပြီ။ သွေးနီးပြီး သွေးစည်းကြဖို့ အရေးကြီးပါပြီလို့ တိုက်တွန်း နှိုးဆော်ပါရစေ။
ကျိုးပျက်နေတဲ့ သစ္စာတရားတွေကို တည် ဆောက်နိုင်ရေး တစ်ဦးအပေါ်တစ်ဦး ယုံကြည်ပေးဖို့ ကတိကဝတ်တွေ ပြန်တည်ကြဖို့ လိုအပ်ပြီလို့ ထင်မြင်မိပါတယ်။ မျိုးချစ်စိတ်ကို နိုးကြားတက်ကြွ အောင် နှိုးဆွစေ့ဆော်ပေးပြီး လွတ်လပ်ရေးကို ကာကွယ်ထိန်းသိမ်းစောင့်ရှောက်လိုတဲ့ စိတ်ဓာတ်နဲ့ ပေါင်းစည်းမှုစွမ်းအားကို အရယူနိုင်ရပါမယ်။ တစ်ဦး နဲ့တစ်ဦး မေတ္တာမှန်၊ စေတနာမှန်စိတ်ထားနဲ့ မျိုးဆက်သစ်တို့အတွက် လိုရာပုံကို သွင်းနိုင်ဖို့ ကြိုးပမ်းအားထုတ်ရပါမယ်။ ဒါမှသာ တစ်လက်မမှ အပွန်းအပဲ့မခံနိုင်တဲ့ လွတ်လပ်ရေးရဲ့ တန်ဖိုးကို အာမခံနိုင်မှာဖြစ်သလို လွတ်လပ်ရေးရဲ့ အသီးအပွင့် ကိုလည်း လွတ်လွတ်လပ်လပ် ခံစားနိုင်ကြ မည်ဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါ တယ်။ ။
- Log in to post comments