(၇၅)ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံအတွင်း ကျင်းပသည့် စတုတ္ထအကြိမ်မြောက်ကမ္ဘာ့အမျိုးသမီးညီလာခံ (၂၅)နှစ်ပြည့်အထိမ်း အမှတ် အဆင့်မြင့်အစည်းအဝေး ကျင်းပ

(၇၅)ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံအတွင်း ကျင်းပသည့် စတုတ္ထအကြိမ်မြောက်ကမ္ဘာ့အမျိုးသမီးညီလာခံ (၂၅)နှစ်ပြည့်အထိမ်း အမှတ် အဆင့်မြင့်အစည်းအဝေး ကျင်းပ

======================================================================================================================

 

 

နေပြည်တော် အောက်တိုဘာ ၂

 

(၇၅)ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံကာလ အတွင်း ပြုလုပ်သည့် စတုတ္ထအကြိမ်မြောက် ကမ္ဘာ့ အမျိုးသမီးညီလာခံ(၂၅)နှစ်ပြည့် အထိမ်းအမှတ် အဆင့်မြင့် အစည်းအဝေးကို အမေရိကန်ပြည်ထောင်စု နယူးယောက် မြို့တွင် အောက်တိုဘာ ၁ ရက် နယူးယောက်စံတော်ချိန် နံနက် ၉ နာရီတွင် ကျင်းပသည်။

 

အဆိုပါအဆင့်မြင့်အစည်းအဝေးကို ကျား/မ တန်းတူ ညီမျှမှုရရှိရေးနှင့် အမျိုးသမီးနှင့် မိန်းကလေးငယ်များ၏ စွမ်းပကားမြှင့်တင်ခြင်းတို့ကို အရှိန်အဟုန်မြှင့်ဆောင်ရွက် ခြင်း ခေါင်းစဉ်ဖြင့် ကျင်းပခြင်းဖြစ်သည်။

ညီလာခံဖွင့်ပွဲတွင် ကမ္ဘာ့နိုင်ငံအသီးသီးမှ နိုင်ငံ ခေါင်းဆောင်များက Video Message ဖြင့် အဖွင့်မိန့်ခွန်းများပြောကြားခဲ့ကြပြီး နိုင်ငံအလိုက် အမျိုးသမီးရေးရာ ကိစ္စရပ်များတွင် တာဝန်ယူဆောင်ရွက်လျက်ရှိကြသော ဝန်ကြီးများနှင့် တာဝန်ရှိသူများက အမှာစကားများ ပြောကြားခဲ့ကြသည်။

 

အပြောင်းအလဲများစွာဖြစ်ပေါ်

 

ညီလာခံတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ဗီဒီယိုဖြင့် အမှာစကားပြောကြားရာတွင် ယခုအချိန်တွင် တစ်ကမ္ဘာလုံးရှိ နိုင်ငံများအနေဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါကို ရင်ဆိုင်တုံ့ပြန်နေကြရသဖြင့် အပြောင်း အလဲများ များစွာဖြစ်ပေါ်နေပါကြောင်း၊ မိမိတို့မြန်မာနိုင်ငံ အနေဖြင့်လည်း ကိုဗစ်-၁၉ ကပ်ရောဂါကို ကာကွယ်ခြင်း၊ ထိန်းချုပ်ခြင်း၊ ကုသခြင်းနှင့် တုံ့ပြန်ခြင်းဆိုင်ရာလုပ်ငန်း များကို ဆောင်ရွက်နေသကဲ့သို့ တစ်ဖက်တွင်လည်း ဒီမို ကရေစီစနစ်သို့ ပြောင်းလဲခြင်းလုပ်ငန်းများကိုလည်း ဆက်လက်ဆောင်ရွက်လျက်ရှိရာ ငြိမ်းချမ်းရေးလုပ်ငန်း စဉ်များ အပါအဝင် ဒီမိုကရေစီပြောင်းလဲရေး လုပ်ငန်းစဉ် များတွင် အမျိုးသမီးများ တန်းတူကိုယ်စားပြုပါဝင်နိုင်ရန် ဆောင်ရွက်နေပါကြောင်း၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်ပတ်သက်သူများအားလုံး သဘောတူထားသည့် ပြည်ထောင်စု၏ သဘောတူညီချက်တွင် ကျား/မ ဆိုင်ရာ လိင်ကွဲပြားမှုကို အခြေခံသော ခွဲခြားဆက်ဆံမှုမရှိစေရေး၊ တန်းတူညီမျှမှုရှိစေရေးတို့အတွက် မူဝါဒချမှတ်ဆောင်ရွက် ရန်၊ ကဏ္ဍအသီးသီးတွင် အမျိုးသမီးများ အနည်းဆုံး ၃၀ ရာခိုင်နှုန်း ပါဝင်ရေးကို အားပေးရန်၊ ကျား/မ ရေးရာ အခြေပြုအကြမ်းဖက်မှုများကို ကာကွယ်နိုင်သည့် မူဝါဒ များ ချမှတ်အကောင်အထည်ဖော်ရန်၊ အမျိုးသမီးများ၏ စွမ်းဆောင်မှုကို မြှင့်တင်ရန်စသည့် ကျား/မ ဆိုင်ရာ တန်းတူ ညီမျှမှုအတွက် ဆောင်ရွက်ရန် သဘောတူညီချက်များ ပါဝင်ကြောင်း ပြောကြားသည်။

 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံ အနေဖြင့် ကျား/မ တန်းတူရည်တူရှိမှု မြှင့်တင်ရေးနှင့် ထိခိုက်ခံစားလွယ်သောအုပ်စုများ ကာကွယ်ရေးလုပ်ငန်း များကို ကြိုတင်ကာကွယ်ခြင်း၊ တားဆီးခြင်း၊ တုံ့ပြန်မှုပေး ခြင်း နည်းလမ်းအမျိုးမျိုးဖြင့် ဥပဒေများ၊ မူဝါဒများ ချမှတ် ခြင်းမှသည် လက်တွေ့အကောင်အထည်ဖော်ခြင်းအထိ အဆင့်ဆင့်၌ အားသွန်ခွန်စိုက် ဆောင်ရွက်နေပါကြောင်း၊ အစိုးရဌာနများအပြင် အမျိုးသမီးအရေးကို တက်ကြွစွာ ဆောင်ရွက်နေကြသည့် အမျိုးသမီးအဖွဲ့ ၁၁ ဖွဲ့တို့ဖြင့် ဖွဲ့စည်းထားသည့် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီး ကော်မတီ၏ လမ်းညွှန်မှုဖြင့် အမျိုးသမီးများ ဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ မဟာဗျူဟာစီမံကိန်း (၂၀၁၃-၂၀၂၂) ကို အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားမှုပပျောက်ရေး ဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်းပါအချက်များနှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ အဆိုပါမဟာဗျူဟာစီမံကိန်း၏ ကျန်ရှိသည့်စီမံကိန်းကာလ သုံးနှစ်အတွက် လုပ်ငန်းစီမံချက်(၂၀၂၀-၂၀၂၂)ကိုလည်း ရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ အမျိုးသမီးများနှင့် အမျိုးသမီးငယ်ရွယ်များအပေါ် လိင် အကြမ်းဖက်မှုအပါအဝင် နည်းမျိုးစုံဖြင့် အကြမ်းဖက်မှု များကို ထိရောက်စွာ ကာကွယ်စောင့်ရှောက်ပေးနိုင်ရန် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုတားဆီးကာကွယ်ရေး ဥပဒေ (မူကြမ်း)အား လွှတ်တော်သို့ တင်ပြထားရှိပါကြောင်း။

 

ပဋိပက္ခအတွင်း အမျိုးသမီးများအား အကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးအတွက် လုပ်ငန်းစီမံချက်(မူကြမ်း)ကို ရေးဆွဲထားရှိပြီး အတည်ပြု နိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကိုဗစ်-၁၉ ကပ်ရောဂါကို ရင်ဆိုင်တုံ့ပြန်ရာတွင်လည်း အမျိုးသမီး များ၊ မိန်းကလေးငယ်များနှင့် ထိခိုက်လွယ်အုပ်စုများ အပါအဝင် မည်သူတစ်ဦးတစ်ယောက်မျှ ကျန်ရစ်ခြင်း မရှိစေရဟူသော မူအတိုင်း ကာကွယ်တုံ့ပြန်မှုများကို ဆောင်ရွက်နေပါကြောင်း၊ ထို့အပြင် IDP စခန်းများနှင့် တိုက်ပွဲရှောင်စခန်းများတွင် နေထိုင်ကြသည့် ပြည်တွင်း နေရပ်စွန့်ခွာသူများအား ကိုဗစ်-၁၉ ရောဂါ ကူးစက် ပြန့်ပွားခြင်းမှ ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်နိုင်ရန်အတွက် စီမံချက်ရေးဆွဲ၍ နိုင်ငံတော်မှ ငွေကျပ် ၂ ဒသမ ၁ ဘီလီယံ ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကိုဗစ်-၁၉ ကြောင့် သက်ရောက်မှုရှိလာမည့် လူမှုစီးပွားရေး အခြေအနေများကို ကုစားနိုင်ရန် လတ်တလော အကူအညီ ပေးအပ်မှုအစီအစဉ်နှင့် ရေရှည်ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ပါဝင်သည့် ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီအစဉ်ကိုလည်း ဆောင်ရွက်လျက်ရှိရာ အဆိုပါအစီအစဉ် တွင် ကျား/မရေးရာကို ထည့်သွင်းစဉ်းစားထားသည့် လူမှု ကာကွယ်စောင့်ရှောက်ရေး အစီအစဉ်များလည်း ပါဝင် ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ကျား/မတန်းတူညီမျှမှု ရရှိရေးနှင့် အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းများကို ဆက်လက်၍ ကြိုးပမ်းဆောင်ရွက်သွား မည်ဟု ပြောကြားခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်