
ရန်ကုန် ဖေဖော်ဝါရီ ၁၂
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန မြန်မာ နိုင်ငံ ရိုးရာလက်ဝှေ့အဖွဲ့ချုပ်က ကြီးမှူးကျင်းပသော (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်း အမှတ် ရိုးရာလက်ဝှေ့ပြိုင်ပွဲကို ယနေ့ မွန်းလွဲ ၂ နာရီ က ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နယ် သိမ်ဖြူ လက်ဝှေ့ရုံ၌ ကျင်းပသည်။
အဆိုပါပြိုင်ပွဲတွင် လေးချီစိန်ခေါ်ပွဲ၌ ကနောင်သွေး (အဖြူရောင် သွေးသစ်)နှင့် ကိုကို(STL)တို့ ယှဉ်ပြိုင်ထိုးသတ်ရာ ဒုတိယအချီ၌ ကိုကို၏ညာလက်သီးကြောင့် ကနောင်သွေး ဒဏ်ရာအနာတရ ရကာ မယှဉ်ပြိုင်နိုင်၍ အရှုံးပေးလိုက်ရသည်။ ခေတ်နိုင်(ဖိုးရာဇာ)နှင့် သန့်ဇင် (တော်၀င်ဧရာ)တို့ပွဲတွင် သန့်ဇင်၏ဘယ်ညာလက်သီး တွဲလုံးများ ကြောင့် ဒုတိယအချီတွင် ခေတ်နိုင်မျက်နှာဒဏ်ရာရကာ ဆက်လက် မယှဉ်ပြိုင်နိုင်တော့ဘဲ သန့်ဇင်အနိုင်ရရှိသွားသည်။
နောက်တစ်ပွဲဖြစ်သည့် ထွန်းမင်းအောင် (ထွန်းထွန်းမင်း)နှင့် ရှင်းသန့်အောင်(AMT2)ပြိုင်ပွဲတွင် ပထမအချီမှ တတိယအချီအထိ ထွန်းမင်းအောင် အသာစီးထိုးနိုင်ခဲ့ကာတတိယအချီတွင် ရှင်းသန့်အောင် ခေါင်းဒဏ်ရာရပြီး အရှုံးပေးခဲ့ရသည်။
ပူးတွဲသရေ
ထို့ပြင် ငါးချီစိန်ခေါ်ပွဲတွင် လျှမ်းတောက်(AMT2)၏ လက်သီး၊ ခြေကန်ချက်များကြောင့် သိန်းစိုး(အဖြူရောင်သွေးသစ်) ဒုတိယအချီ တွင် နံရိုးထိမိပြီး ဆက်လက်မယှဉ်ပြိုင်နိုင်တော့၍ လျှမ်းတောက် အနိုင်ရရှိသွားသည်။ ထို့ပြင်သာဒိန်း(ဖိုးရာဇာ)နှင့် ကမ္ဘာရှား(AMT2)၊ ကျားသွေး(ထွန်းထွန်းမင်း)နှင့် အဲးမွီ(နဂါးမင်း)တို့ ပြိုင်ပွဲများတွင် ပွဲကြီးပွဲကောင်းဖြစ်ခဲ့ကြပြီး အရှုံးအနိုင်မပေါ်ဘဲ ပူးတွဲသရေကျခဲ့ကြ သည်။
အဆိုပါ ပြိုင်ပွဲသို့ ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ် ရေးရာ၀န်ကြီး ဗိုလ်မှူးကြီး၀င်းတင့်၊ တိုင်းဒေသကြီးအားကစားနှင့် ကာယပညာဦးစီးဌာနမှ ညွန်ကြားရေးမှူးများ၊ မြန်မာနိုင်ငံရိုးရာ လက်ဝှေ့အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးသိန်းအောင်နှင့် အမှုဆောင်များ၊ အားကစား သမားများ ကြည့်ရှုအားပေးကြသည်။ ယင်းပြိုင်ပွဲကို ပရိသတ်မပါဘဲ ကျင်းပခဲ့ပြီး ကျန်းမာရေး၀န်ကြီးဌာနက ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါစည်းကမ်းနှင့်အညီ ကျင်းပခဲ့ခြင်းဖြစ်သည်။
တင်စိုး(မြန်မာ့အလင်း)