(၇၇) နှစ် ပြည့်ခဲ့ပြီ

 

မြန်မာနိုင်ငံတွင် ဖြစ်ပွားသည့်သဘာဝဘေးအန္တရာယ်များ၏ ၇၀  ရာခိုင်နှုန်းမှာ   မီးဘေးအန္တရာယ်ဖြစ်သည်။   မီးဘေး ကို သဘာဝဘေးအန္တရာယ်များအဖြစ်    စာရင်းသွင်းထား သော်လည်း မီးလောင်ကျွမ်းမှု စုစုပေါင်း၏ ၉၀ ရာခိုင်နှုန်း ကျော်မှာ လူတို့ပေါ့ဆမှုကြောင့် လောင်ကျွမ်းရခြင်းဖြစ်ပြီး တစ်နေရာရာတွင်  မီးလောင်ကျွမ်းမှုဖြစ်ပေါ်နေကြောင်း သတင်းရရှိသည်နှင့် အမြန်ဆုံးရောက်ရှိလာသည်မှာ မီးသတ် တပ်ဖွဲ့ဖြစ်သည်။ 

 


မီးသတ်ဦးစီးဌာန၏ ရည်မှန်းချက်တာဝန် (၄)ရပ်တွင် (၁) မီးဘေးလုံခြုံရေး၊ (၂) သဘာဝဘေးအန္တရာယ်ကာကွယ် ရေး၊ (၃)  ရှာဖွေကယ်ဆယ်ရေး၊  (၄)  ပြည်သူ့အကျိုးပြု ဆောင်ရွက်ရေးဟူ၍ပါရှိရာ မီးသတ်တပ်ဖွဲ့ဝင်များသည် မီးဘေး ကြိုတင်ကာကွယ်ရေး၊ မီးငြှိမ်းသတ်ရေး စသည်တို့တွင်သာမက အခြားသော  သဘာဝဘေးအန္တရာယ်  ကျရောက်မှုများနှင့် မတော်တဆဖြစ်ရပ်များတွင်ပါ    ကြိုတင်ကာကွယ်မှုများ လုပ်ဆောင်ခြင်း၊ ဘေးအန္တရာယ် ရင်ဆိုင်ကြုံတွေ့နေရသည့် ပြည်သူများကို ရှာဖွေကယ်ဆယ်ခြင်း စသည့်တာဝန်များကိုပါ ထမ်းဆောင်နေကြသူများဖြစ်သည်။ ယင်းသို့ ထမ်းဆောင်နိုင် ရန်အတွက်လည်း မီးသတ်တပ်ဖွဲ့ဝင်တိုင်း၏ စွမ်းဆောင်ရည် များကို မြှင့်တင်ခြင်း၊ မီးသတ်နှင့် ရှာဖွေကယ်ဆယ်ရေးဆိုင်ရာ စက်များ၊ ယာဉ်ယန္တရားများ၊ ပစ္စည်းကိရိယာများကို အမြဲတမ်း အသင့်အနေအထားရှိနေစေခြင်း၊ ပြည်သူလူထုကို မီးဘေး အန္တရာယ်အသိပညာပေးခြင်း၊ အရန်မီးသတ်နှင့် သီးသန့် မီးသတ်တပ်ဖွဲ့များ တိုးချဲ့ဖွဲ့စည်းရေးနှင့် လေ့ကျင့်သင်တန်း ပေးရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ မီးသတ်နှင့် ရှာဖွေ ကယ်ဆယ်ရေးပညာရပ်များတွင် နိုင်ငံတကာနှင့်ရင်ပေါင်တန်း နိုင်ရန်  သုတေသနပြုဖော်ထုတ်၍    တပ်ဖွဲ့ဝင်များအား လေ့ကျင့်ပေးခြင်း၊ မီးသတ်တပ်ဖွဲ့ဥပဒေ၊ နည်းဥပဒေများအရ မီးဘေးလုံခြုံရေးဆိုင်ရာ အကြံပြုချက်များကို သက်ဆိုင်ရာ နိုင်ငံပိုင်၊ ပုဂ္ဂလိကပိုင်ဌာန၊ အဖွဲ့အစည်းလုပ်ငန်းများက တိကျ စွာလိုက်နာဆောင်ရွက်စေခြင်း၊ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဝင် များအား နိုင်ငံတော်၏ ခိုင်မာသောအရန်အင်အားဖြစ်စေရေး အတွက်  လေ့ကျင့်ဖွဲ့စည်း၍   စွမ်းဆောင်ရည်မြှင့်တင်ခြင်း ဟူသော လုပ်ငန်းစဉ်ကြီး (၇) ရပ်ကို ဆောင်ရွက်လျက်ရှိသည်။

 


ရှေးမြန်မာမင်းများ လက်ထက်တွင် မြို့ပြနှင့်ကျေးရွာများ မီးဘေးအန္တရာယ်မကျရောက်စေရန်အတွက် မီးဘေးကြိုတင် ကာကွယ်ရေးလုပ်ငန်းများကို တင်းတင်းကျပ်ကျပ်ဆောင်ရွက် ခဲ့ကြကြောင်း သမိုင်းမှတ်တမ်းများတွင် တွေ့ရပြီး ကိုလိုနီ ခေတ်တွင် အနောက်တိုင်းပုံစံ မီးသတ်တပ်ဖွဲ့များ ဖွဲ့စည်း လာခဲ့သည်။ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့၏ သမိုင်းအစသည်  ၁၉၄၆ ခုနှစ်၊ မေလ (၅) ရက်နေ့ ရန်ကုန်မြို့တွင် ကျင်းပသော ပထမဆုံးအကြိမ် ဗမာနိုင်ငံလုံးဆိုင်ရာ မီးသတ်အစည်းအရုံး ညီလာခံဖြစ်သည်။ အဆိုပါညီလာခံသို့ အမျိုးသားခေါင်းဆောင် ကြီး ဗိုလ်ချုပ်အောင်ဆန်း တက်ရောက်မိန့်ခွန်းပြောကြားခဲ့ပြီး မီးသတ်အဖွဲ့များကို အရပ်ရပ်တိုင်းတွင် ဖွဲ့စည်းအပ်ကြောင်း မိန့်ကြားခဲ့သည်။ နိုင်ငံလုံးဆိုင်ရာ မီးသတ်အစည်းအရုံးကြီး ဖွဲ့စည်းခဲ့သည့် မေလ ၅ ရက်နေ့သည်လည်း “မီးသတ်တပ်ဖွဲ့ နေ့” ဟူ၍ ဖြစ်လာခဲ့သည်။

 


ယခုနှစ်တွင် မီးသတ်တပ်ဖွဲ့နေ့သည် (၇၇) နှစ်ပြည့်မြောက် ခဲ့ပြီဖြစ်သကဲ့သို့ အဘက်ဘက်မှလည်း တိုးတက်ပြောင်းလဲ ခဲ့ပြီဖြစ်သည်။ မီးသတ်လုပ်ငန်းသည် မြန်မြန်ထက်ထက်နှင့် ရဲရဲဝံ့ဝံ့လုပ်ရသည့်လုပ်ငန်းဖြစ်သဖြင့် သူရဲကောင်းများ၏ လုပ်ငန်းတစ်ရပ်ဟု ယူဆကြောင်း၊ သူများကောင်းကျိုးအတွက် ကူညီဆောင်ရွက်သည့် စေတနာ့ဝန်ထမ်းလုပ်ငန်းများဖြင့် သူရဲကောင်းစိတ်တွေမွေးပြီး ကူညီဝိုင်းဝန်းဖို့ လုပ်ရမည်ဖြစ် ကြောင်း ဗိုလ်ချုပ်အောင်ဆန်း မိန့်ကြားခဲ့သည့်အတိုင်းပင် သူရဲကောင်းများလည်း ပေါ်ထွန်းခဲ့ပြီး မြန်မာနိုင်ငံ မီးသတ် သမိုင်းတွင် မော်ကွန်းရေးထိုးနိုင်ခဲ့သည်ဟု ဂုဏ်ပြုအပ်ပါ ကြောင်း။       ။