
နေပြည်တော် ဇူလိုင် ၁၉
(၇၇)နှစ်မြောက် အာဇာနည်နေ့ တွင် နိုင်ငံတော်အတွက် အသက် ပေးလှူသွားကြသည့် အာဇာနည် ခေါင်းဆောင်ကြီးများအား ရည်စူး ကုသိုလ်ပြု အမျှပေးဝေခြင်း အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ကောင်စီရုံး ဇမ္ဗူသီရိခန်းမ၌ ကျင်းပသည်။
တက်ရောက်
အခမ်းအနားသို့ နေပြည်တော် ပျဉ်းမနားမြို့နယ် မင်္ဂလာဇေယျုံ ပါဠိတက္ကသိုလ် ကျောင်းတိုက် ပဓာနနာယက ဆရာတော် အဂ္ဂ မဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဘဒ္ဒန္တဝိမလဗုဒ္ဓိနှင့် နေပြည်တော်တိုင်း သံဃနာယက အဖွဲ့ ဥက္ကဋ္ဌ၊ ပျဉ်းမနားမြို့ သုခဝိဟာရ သရက်ကုန်းကျောင်း တိုက် ပဓာနနာယကဆရာတော် ဒေါက်တာဘဒ္ဒန္တမုနိကုမာရ အမှူး ပြုသော ဆရာတော်၊ သံဃာတော် များ ကြွရောက်ချီးမြှင့်တော်မူကြ ပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော် တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် စိုးမင်း၊ ဒုတိယဝန်ကြီး များ၊ နေပြည်တော်ကောင်စီဝင် များ၊ နေပြည်တော်စည်ပင်သာယာ ရေး ကော်မတီ ဒုတိယမြို့တော်ဝန်၊ အမြဲတမ်းအတွင်းဝန်နှင့် ဌာန ဆိုင်ရာ အကြီးအကဲများ တက်ရောက်ကြည်ညိုကြသည်။
အခမ်းအနားတွင် နေပြည် တော်ကောင်စီဥက္ကဋ္ဌနှင့် ဧည့် ပရိသတ်များက ပျဉ်းမနားမြို့နယ် မင်္ဂလာဇေယျုံ ပါဠိတက္ကသိုလ် ကျောင်းတိုက် ပဓာနနာယက ဆရာတော်ထံမှ ငါးပါးသီလ ခံယူ ဆောက်တည်ကြပြီး ဆရာတော် ကြီးများ ရွတ်ပွားသရဇ္စျာယ်တော်မူ သည့် ပရိတ်တရားတော်များကို နာယူကြသည်။
ဆက်ကပ်လှူဒါန်း
ထို့နောက် နေပြည်တော် ကောင်စီဥက္ကဋ္ဌက ပျဉ်းမနားမြို့ နယ် မင်္ဂလာဇေယျုံပါဠိတက္ကသိုလ် ကျောင်းတိုက် ပဓာနနာယက ဆရာတော်ထံ လှူဖွယ်ဝတ္ထုပစ္စည်း များ ဆက်ကပ်လှူဒါန်းပြီး နေပြည်တော်တိုင်း စစ်ဌာနချုပ် တိုင်းမှူး၊ ဒုတိယဝန်ကြီးများနှင့် နေပြည်တော် ကောင်စီဝင်များက ဆရာတော် သံဃာတော်များ ထံ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။
ယင်းနောက် အခမ်းအနားသို့ တက်ရောက်လာကြသည့် ဧည့် ပရိသတ်များက နေပြည်တော် တိုင်းသံဃနာယကအဖွဲ့ ဥက္ကဋ္ဌ၊ ပျဉ်းမနားမြို့ သုခဝိဟာရသရက် ကုန်းကျောင်းတိုက် ပဓာနနာယက ဆရာတော် ဒေါက်တာဘဒ္ဒန္တမုနိ ကုမာရထံမှ သံဝေဂကထာ တရား နာယူကြပြီး အာဇာနည် ခေါင်းဆောင်ကြီးများအား ရည်စူး ကာ ရေစက်သွန်းလောင်း အမျှ ပေးဝေကြသည်။
ဆက်လက်၍ နံနက် ၁၀ နာရီ ၃၇ မိနစ်တွင် တက်ရောက်လာကြ သည့် ဧည့်ပရိသတ်များက နိုင်ငံတော်အတွက် အသက်ပေးလှူ သွားကြသည့် အာဇာနည် ခေါင်းဆောင်ကြီးများအား ရည်စူး ၍ ၁ မိနစ် မတ်တပ်ရပ် ဦးညွတ်၍ ငြိမ်သက်ဂါရဝပြုကြသည်။
အခမ်းအနား အပြီးတွင် နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ နေပြည်တော်တိုင်း စစ်ဌာနချုပ် တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ နေပြည်တော်ကောင်စီဝင်များနှင့် တာဝန်ရှိသူများသည် ဆရာတော် သံဃာတော်များအား နေ့ဆွမ်း ဆက်ကပ် လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်