အာဆီယံ ယူ - ၁၆ ပြိုင်ပွဲကျင်းပမည့် အင်ဒိုနီးရှားနိုင်ငံသို့ မြန်မာအသင်း ရောက်ရှိ

ရန်ကုန်  ဇွန်  ၂၀
မြန်မာ  ယူ-၁၆  အမျိုးသားလူငယ် လက်ရွေးစင်အသင်းသည်    ၂၀၂၄ အာဆီယံ ယူ - ၁၆ ချန်ပီယံရှစ်ပြိုင်ပွဲ ကျင်းပမည့်     အင်ဒိုနီးရှားနိုင်ငံသို့ ရောက်ရှိလာပြီး လေ့ကျင့်ပြင်ဆင်မှုများ ပြုလုပ်လျက်ရှိသည်။
မြန်မာအသင်းသည် အုပ်စု(ခ) တွင် ဗီယက်နမ်၊ ကမ္ဘောဒီးယား၊  ဘရူနိုင်း အသင်းတို့နှင့်ကျရောက်နေပြီး ကမ္ဘော ဒီးယားအသင်းနှင့် စတင်ကစားရမည် ဖြစ်သည်။ အာဆီယံ ယူ - ၁၆ ပြိုင်ပွဲတွင် အာဆီယံဘောလုံးအဖွဲ့ချုပ်    အဖွဲ့ဝင်  ၁၂   နိုင်ငံစလုံး   ယှဉ်ပြိုင်မည်ဖြစ်ပြီး  အုပ်စု (က)တွင် အိမ်ရှင်အင်ဒိုနီးရှား၊ လာအို၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ အုပ်စု (ဂ) တွင်  ထိုင်း၊   မလေးရှား၊    တီမောနှင့် သြစတြေးလျအသင်းတို့ ပါဝင်သည်။ မြန်မာအသင်းသည် အုပ်စုပွဲများ အဖြစ် ဇွန် ၂၂ ရက်တွင် ကမ္ဘောဒီးယား၊ ဇွန် ၂၅ ရက်တွင် ဘရူနိုင်း အသင်း၊ ဇွန် ၂၈ ရက်တွင် ဗီယက်နမ်အသင်းတို့နှင့် ယှဉ်ပြိုင်ကစား ရမည်ဖြစ်သည်။ ပြိုင်ပွဲကျင်းပသည့်ပုံစံအရ အုပ်စုတစ်ခုစီမှ ထိပ်ဆုံး တစ်သင်းစီနှင့် ဒုတိယနေရာရအသင်းများအနက် အကောင်းဆုံး တစ်သင်း စုစုပေါင်း လေးသင်း ဆီမီးဖိုင်နယ် တက်ရောက်ခွင့်ရမည် ဖြစ်သည်။
ပြိုင်ပွဲဝင်မည့် မြန်မာ ယူ-၁၆ အသင်းတွင် အုပ်ချုပ်သူ- ဦးစိုးမြတ် မင်း၊ နည်းပြချုပ်- မီတမီချီတာယု (ဂျပန်)၊ လက်ထောက်နည်းပြ- ဦးအောင်ဇော်မျိုး၊ ဦးမြတ်မင်းသူ၊ ဂိုးနည်းပြ- ဦးမြတ်ကိုမင်း၊ ဆရာဝန်- ဒေါက်တာ ကျော်သန့်ဇင်၊ မီဒီယာ- ဦးဝင်းကိုကို အကြောကျွမ်းကျင်- ဦးအောင်အောင်၊ ကစားသမားများအဖြစ်  ဂိုးသမား- ထက်ဝေယံဇော်  (မန္တလေး    အကယ်ဒမီ/နေပြည်တော် ယူ-၁၇)၊  ရှိုင်းထက်ကျော် (ရာမည ယူ-၁၅)၊ ထက်ဝေယံ (Yangon Focus U-15 FC/ အား/ကာသိပ္ပံ)၊ နောက်တန်း- အောင်သီဟ   (ရခိုင်ယူနိုက်တက် ယူ-၁၇)၊ မြတ်မင်းကျော်၊ စိုင်းမောဝ်ဟန်၊ မျိုးခန့်ကျော် (မန္တလေး အကယ်ဒမီ)၊ အောင်သော်ခန့်   (မန္တလေးအကယ်ဒမီ/ နေပြည်တော် ယူ - ၁၇)၊ သီဟအောင် (Soccer Care U-15 FC/ အား/ကာသိပ္ပံ - မန္တလေး)၊ ကောင်းခန့်သူ (စစ်ကိုင်းယူနိုက်တက် ယူ-၁၅)၊ ဉာဏ်အောင် (ရှမ်း ယူ-၁၇)၊  အလယ်တန်း - သော်ဇင်ကို (ရန်ကုန် အကယ်ဒမီ/ Su Latt  Myint Mo U-17 FC)၊ ကျော်သီဟ၊ ဘေလားဖုန်ရမ်၊ ကျော်ညီညီ (မန္တလေး အကယ်ဒမီ)၊ စိုင်းစွမ်ဆိုင်၊ ခွန်မောင်လုံး၊ ခွန်အောင်ဆန်း (ရှမ်း ယူ-၁၇)၊ စွမ်းဇာနည် (ရခိုင်ယူနိုက်တက် ယူ-၁၇)၊ သူရမင်းသန့် (ရန်ကုန်အကယ်ဒမီ/နေပြည်တော် ယူ-၁၇)၊  ရှေ့တန်း- ခန့်ဝင်းအောင် (မန္တလေးအကယ်ဒမီ)၊ မျိုးနန္ဒအောင်(မန္တလေးအကယ်ဒမီ/ နေပြည် တော် ယူ-၁၇)နှင့် ညီညီသန့် (ရခိုင်ယူနိုက်တက် ယူ-၁၇) တို့ ပါဝင်ကြ သည်။                       

    ရဲရင့်လွင်