
ရန်ကုန် ဩဂုတ် ၅
၂၀၂၂ အာဆီယံ ယူ-၁၆ ချန်ပီယံရှစ်ပြိုင်ပွဲ အုပ်စု (ဂ) ဒုတိယနေ့ကို သြဂုတ် ၅ ရက်က ဆက်လက် ကျင်းပရာ မြန်မာနှင့် မလေးရှားအသင်း တစ်ဂိုးစီ သရေကျခဲ့သည်။
မြန်မာနှင့် မလေးရှားအသင်း အရှုံးအနိုင်မပေါ်ဘဲ သရေကျခဲ့သဖြင့် ဆီမီးဖိုင်နယ်တက်ရောက်ရန် နောက်ဆုံးပွဲအထိ စောင့်ကြည့်ရမည်ဖြစ်သည်။ မြန်မာအသင်းသည် ပထမပိုင်းတွင် အရေးနိမ့်နေ သော်လည်း ဒုတိယပိုင်းတွင် ချေပဂိုးပြန်သွင်းကာ တစ်ဂိုးစီသရေကျခဲ့ခြင်းဖြစ်သည်။
မြန်မာအသင်းနည်းပြချုပ် ဦးအောင်ဇော်မျိုး သည် ဆလိုင်းအံ့ဘွယ်မောင် (ဂိုး)၊ သူရဇော်၊ ဟန်ထွန်းဇော်၊ ရှိုင်းဝဏ္ဏအောင်၊ မြတ်ဘုန်းခန့်၊ ခွန်ချိုထူး၊ ထူးဝေယံ၊ စောမျိုးဇော်၊ လင်းထက်ဦး၊ ဘရန်ဒွန်းလီ၊ ကောင်းထက်တို့ကို ပွဲထွက်လူစာရင်း တွင် အသုံးပြုခဲ့ပြီး သြစတြေးလျကို အနိုင်ရခဲ့သည့် ပွဲထွက်လူစာရင်းအတိုင်း ယှဉ်ပြိုင်ခဲ့သည်။ ပွဲအစ နှစ်မိနစ်မှာပင် မလေးရှားအသင်း ဂိုးစတင်ရရှိခဲ့ပြီး မတ်ဒီဆာက သွင်းယူခဲ့ခြင်းဖြစ်သည်။ ယင်း နောက်ပိုင်းတွင် မြန်မာအသင်း ချေပဂိုးရရန် ကြိုးပမ်းခဲ့သော်လည်း အဆုံးသတ်အားနည်းခဲ့သဖြင့် ပထမပိုင်းအပြီးတွင် မလေးရှားအသင်းက အနိုင် ရနေသည်။ ဒုတိယပိုင်းတွင် မြန်မာအသင်းက ချေပ ဂိုးရရန်ကြိုးပမ်းလာပြီး မိနစ် ၅၀ တွင် ကောင်းခန့်ဇော် က ဂိုးပြန်သွင်းခဲ့သည်။
ယင်းနောက်ပိုင်းတွင် နှစ်သင်းစလုံး အနိုင်ဂိုးရရန်ကြိုးပမ်းသော်လည်း သရေရလဒ်ဖြင့် ပြီးဆုံးခဲ့သည်။ အုပ်စု (ဂ) အခြားပွဲ တွင် ကမ္ဘောဒီးယားအသင်းက သြစတြေးလျအသင်း ကို လေးဂိုး-နှစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။ မြန်မာ အသင်းသည် အုပ်စုနောက်ဆုံးပွဲအဖြစ် သြဂုတ် ၈ ရက်တွင် ကမ္ဘောဒီးယားအသင်းနှင့် ကစားရမည် ဖြစ်သည်။ ဒုတိယနေ့အပြီးတွင် မလေးရှားနှင့် မြန်မာအသင်းက တစ်ပွဲနိုင်၊ တစ်ပွဲသရေ၊ ရမှတ် လေးမှတ်စီ၊ ကမ္ဘောဒီးယားအသင်းက တစ်ပွဲနိုင်၊ တစ်ပွဲရှုံး သုံးမှတ်ရထားပြီး သြစတြေးလျအသင်း မှာမူ နှစ်ပွဲစလုံးရှုံးကာ အမှတ်မရသေးပေ။
ရဲရင့်လွင်၊ ဓာတ်ပုံ-FAM