
ရန်ကုန် ဇူလိုင် ၂၇
အင်ဒိုနီးရှားနိုင်ငံ ပလန်ဘမ်မြို့၌ ပြုလုပ်လျက်ရှိသည့် ၂၀၂၂ အာဆီယံ ယူ-၁၈ အမျိုးသမီးချန်ပီယံရှစ်ဘောလုံးပြိုင်ပွဲ အုပ်စု (ခ) ဒုတိယနေ့ကို ဇူလိုင် ၂၇ ရက်က ဆက်လက် ကျင်းပရာ မြန်မာအသင်းက ဖိလစ်ပိုင်အသင်းကို သုံးဂိုး-တစ်ဂိုးဖြင့် အနိုင်ရရှိပြီး ဆီမီးဖိုင်နယ် တက်ရောက်သွားသည်။
မြန်မာအသင်းသည် ဆီမီး ဖိုင်နယ် တက်ရောက်ရေးအတွက် အရေးပါသည့်ပွဲတွင် အမှား အယွင်းမရှိ အနိုင်ယူကာ ဆီမီး ဖိုင်နယ်သို့ စောစီးစွာ တက်ရောက် နိုင်ခဲ့သည်။ မြန်မာအသင်းသည် သြစတြေးလျနှင့် နောက်ဆုံးပွဲ ကစားရန် ကျန်သေးသော်လည်း မလေးရှားနှင့် ဖိလစ်ပိုင်အသင်းကို အနိုင်ယူကာ ဆီမီးဖိုင်နယ် တက် ရောက်ခဲ့ခြင်းဖြစ်သည်။
မြန်မာ ယူ-၁၈ အမျိုးသမီး အသင်းနည်းပြချုပ် ဒေါ်သက် သက်ဝင်းသည် ယခုပွဲတွင် မေဦးခင်(ဂိုး)၊ မေသက်မွန်မြင့်၊ ကြယ်စင်၊ ဖြူဖွေး၊ ရွှန်းလဲ့နိုင်၊ဖြူဖြူဝင်း၊ ဝေဖူးအိမ်၊ နှင်းပွင့်အေး၊ ဟေမာန်စိုး၊ ဆုမြတ်နိုး၊ ယဉ်လွန်းအိမ် တို့ကို ပွဲထွက်လူစာရင်း၌ အသုံးပြုခဲ့သည့် မလေးရှားနှင့် ကစားခဲ့သည့် ပွဲထွက်လူစာရင်းကို အပြောင်းအလဲအချို့ ပြုလုပ်ခဲ့သည်။ ဆီမီးဖိုင်နယ် တက်ရောက်ရေး အရေးပါသည့်ပွဲဖြစ်သောကြောင့် မြန်မာအသင်းသည် ပွဲစကတည်းက တိုက်စစ်အသားပေးကစားခဲ့သော်လည်း လက်ရွေးစင် ကစားသမားအချို့ ပါဝင်လာသည့် ဖိလစ်ပိုင်အသင်းမှာလည်း ဆီမီး ဖိုင်နယ်တက်ရောက်ရေး နောက်ဆုံးမျှော်လင့်ချက်အတွက် အကောင်း ဆုံး တုံ့ပြန်ခဲ့သည်။ ထို့ကြောင့် မြန်မာအသင်းသည် ဂိုးရရန် အားကုန် ထုတ်ကစားခဲ့ရပြီး ၃၃ မိနစ်တွင် နှင်းပွင့်အေးက သွင်းယူခဲ့ခြင်းဖြစ်သည်။ ဂိုးရပြီး လေးမိနစ်အကြာတွင် မြန်မာအသင်း ဒုတိယဂိုး ထပ်မံရရှိခဲ့ပြီး ဆုမြတ်နိုးက သွင်းယူခဲ့သဖြင့် ပထမပိုင်းအပြီးတွင် မြန်မာအသင်းက နှစ်ဂိုးပြတ် ဦးဆောင်နေသည်။ ဒုတိယပိုင်းတွင် ဖိလစ်ပိုင်အသင်း ချေပ ဂိုးရရန် ကြိုးပမ်းလာသော်လည်း မြန်မာအသင်းက အကောင်းဆုံး ထိန်းချုပ်နိုင်ခဲ့သည်။ ၈၇ မိနစ်တွင် ဂျိုနာလင်လူဘမ်က ဖိလစ်ပိုင် အတွက် ချေပဂိုးတစ်ဂိုး ပြန်သွင်းခဲ့သော်လည်း မိနစ် ၉၀ တွင် နှင်းပွင့်အေးက မြန်မာအသင်းအတွက် အနိုင်သေချာစေမည့် တတိယဂိုး ကို သွင်းယူခဲ့သည်။
အုပ်စု(ခ)တွင် မြန်မာနှင့် သြစတြေးလျအသင်းတို့မှာ ထိပ်တိုက် မတွေ့ဆုံမီ ခြောက်မှတ်စီရရှိကာ ဆီမီးဖိုင်နယ်တက်ရောက်ရန် သေချာ သွားပြီး နှစ်ပွဲစလုံးရှုံးထားသည့် ဖိလစ်ပိုင်နှင့် မလေးရှားအသင်းမှာမူ အုပ်စုအဆင့်မှ ထွက်ခဲ့ရပြီဖြစ်သည်။ မြန်မာအသင်းသည် အုပ်စု နောက်ဆုံးပွဲအဖြစ် ဇူလိုင် ၂၉ ရက်တွင် သြစတြေးလျအသင်းနှင့် ကစား ရမည်ဖြစ်သည်။
ရဲရင့်လွင်