
ရန်ကုန် ဩဂုတ် ၄
၂၀၂၂ အာဆီယံ ယူ-၁၈ အမျိုးသမီး ချန်ပီယံရှစ် ပြိုင်ပွဲ တတိယနေရာလုပွဲအဖြစ် မြန်မာအသင်း နှင့် ထိုင်းအသင်းတို့ သြဂုတ် ၄ ရက်က အင်ဒိုနီးရှားနိုင်ငံ၌ယှဉ်ပြိုင်ကစားရာ မြန်မာ အသင်းသည် ထိုင်းအသင်းကို နှစ်ဂိုး-ဂိုးမရှိဖြင့် အရေးနိမ့်ပြီး တတိယဆုနှင့် လွဲချော်ခဲ့သည်။
ဗီယက်နမ်ကို အရေးနိမ့်ပြီး ဗိုလ်လုပွဲနှင့် လွဲချော်ခဲ့သည့် မြန်မာ ယူ-၁၈ အမျိုးသမီး အသင်းသည် တတိယနေရာ ရယူနိုင်ရန် ကြိုးပမ်းခဲ့သော်လည်း ထိုင်းကို အရေးနိမ့်ပြီး ဆုတံဆိပ်နှင့် လွဲချော်ခဲ့ရသည်။ မြန်မာအသင်း အနေဖြင့် ယခုပြိုင်ပွဲတွင် အောင်မြင်မှုရရန် ကြိုးပမ်းခဲ့သော်လည်း ကစားသမားအများစု နိုင်ငံတကာအတွေ့အကြုံမရှိခြင်း၊ ပြိုင်ပွဲ မတိုင်မီ နိုင်ငံတကာခြေစမ်းပွဲ မကစားရခြင်း၊ ပြိုင်ပွဲကာလအတွင်း အမာခံကစားသမားအချို့ မပါဝင်နိုင်ခြင်းတို့ကြောင့် အရေးပါသည့်ပွဲများ တွင် မျှော်မှန်းသလောက် ခြေစွမ်းမပြနိုင်ခဲ့ခြင်း ဖြစ်သည်။
မြန်မာအသင်းနည်းပြချုပ် ဒေါ်သက်သက် ဝင်းသည် အမာခံကစားသမားအချို့ မပါဝင် နိုင်သဖြင့် ပွဲထွက်လူစာရင်းကို အပြောင်းအလဲ အချို့ပြုလုပ်ခဲ့ပြီး ဖြူဖြူဝင်း၊ မေဦးခင် (ဂိုး)၊ ကြယ်စင်၊ ဖြူဖွေး၊ ရွှန်းလဲ့နိုင်၊ ဝေဖူးအိမ်၊ ယဉ်လွန်းအိမ်၊ ဇင်မိုးပြည့်၊ ခင်စန်းလွင်၊ ဆုမြတ်နိုး၊ ဟေမာန်စိုး တို့ဖြင့် ပွဲထွက်ခဲ့သည်။ မြန်မာအသင်းသည် ယခုပွဲတွင်လည်း ထိုင်း အသင်းကို သူတင်ကိုယ်တင်ကစားနိုင်ရန် ကြိုးပမ်းခဲ့ပြီး ဂိုးရနိုင်သည့်အခွင့်အရေးများရသော်လည်း အသုံးမချနိုင်သဖြင့် နစ်နာခဲ့ရ သည်။ ထိုင်းအသင်းအတွက် အနိုင်ဂိုးများကို ၂၁ မိနစ်တွင် မာနိုဝမ်၊ ၉၀:၁ မိနစ်တွင် ဂျီနာ သောင်ပန်တို့က သွင်းယူခဲ့ခြင်းဖြစ်သည်။
မြန်မာအသင်းသည် ၂၀၂၂ အာဆီယံ ယူ-၁၈ အမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲ အုပ်စု ပွဲစဉ်များတွင် မလေးရှားကို နှစ်ဂိုး-ဂိုးမရှိ၊ ဖိလစ်ပိုင်ကို သုံးဂိုး-တစ်ဂိုးဖြင့် အနိုင်ရပြီး သြစတြေးလျကို နှစ်ဂိုး-တစ်ဂိုးဖြင့် အရေးနိမ့်ခဲ့ သည်။ မြန်မာအသင်းသည် အုပ်စုဒုတိယဖြင့် ဆီမီးဖိုင်နယ် တက်ရောက်ခဲ့ပြီး ဆီမီးဖိုင်နယ် တွင် ဗီယက်နမ်ကို လေးဂိုး-တစ်ဂိုး၊ တတိယ လုပွဲတွင် ထိုင်းကို နှစ်ဂိုး-ဂိုးမရှိဖြင့် အရေးနိမ့် ကာ စတုတ္ထနေရာဖြင့် ကျေနပ်ခဲ့ရခြင်းဖြစ် သည်။
ရဲရင့်လွင်၊ ဓာတ်ပုံ-AFF