
အာဆီယံဘဏ္ဍာရေးဝန်ကြီးများနှင့် ဗဟိုဘဏ်ဥက္ကဋ္ဌများအစည်းအဝေး ကျင်းပ
==========================================================
နေပြည်တော် အောက်တိုဘာ ၂
အာဆီယံဘဏ္ဍာရေးဝန်ကြီးများ၊ ဗဟိုဘဏ်ဥက္ကဋ္ဌများနှင့် US၊ EU Business Councils များအကြား ဆွေးနွေးပွဲ၊ (၁၆)ကြိမ်မြောက် အာဆီယံဗဟိုဘဏ်ဥက္ကဋ္ဌများ အစည်း အဝေး၊ (၆) ကြိမ်မြောက် အာဆီယံဘဏ္ဍာရေးဝန်ကြီးများနှင့် ဗဟိုဘဏ်ဥက္ကဋ္ဌများအစည်းအဝေးနှင့် ဆက်စပ်အစည်း အဝေးများကို ယနေ့နံနက်ပိုင်းက ဗီဒီယို ကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။
တက်ရောက်
မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးကျော်ကျော်မောင်၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းနှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယ ဥက္ကဋ္ဌ ဦးစိုးသိန်းတို့သည် အာဆီယံဘဏ္ဍာရေးဝန်ကြီးများ၊ အာဆီယံဗဟိုဘဏ်ဥက္ကဋ္ဌများ၊ အာဆီယံ အထွေထွေ အတွင်းရေးမှူးချုပ်နှင့် ASEAN- Business Advisory Council (ABAC) ၊ EU-ASEAN Business Council (ABC)၊ US- ASEAN Business Council (ABC) တို့မှ ကိုယ်စားလှယ် များနှင့်အတူ ယနေ့နံနက် ၇ နာရီခွဲတွင် ကျင်းပသည့် Dialogue for Business Councils (ABAC, EU-ABC, US-ABC) – ASEAN Finance Ministers and Central Bank Governors ဆွေးနွေးပွဲသို့ တက်ရောက်ကြသည်။
ဆွေးနွေးပွဲတွင် European Union – ASEAN Business Council (EU-ABC) က Advancing Sustainable Finance in ASEAN ကိုလည်းကောင်း၊ US-ASEAN Business Council (US-ABC) က Digital Transformation in Financial Services for the Fourth Industrial Revolution ကိုလည်းကောင်း၊ ASEAN Business Advisory Council (ABAC) မှ ASEAN Financial Inclusion Solutions နှင့် ASEAN Digital Trade Connect ကိုလည်းကောင်း တင်ပြခဲ့ကြပြီး အာဆီယံ ဘဏ္ဍာရေးဝန်ကြီးများနှင့် ဗဟိုဘဏ်ဥက္ကဋ္ဌများက အမြင် ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။
ဆက်လက်၍ (၁၆) ကြိမ်မြောက် အာဆီယံဗဟိုဘဏ် ဥက္ကဋ္ဌများအစည်းအဝေး (16th ASEAN Central Bank Governors’ Meeting - ACGM) ကိုကျင်းပရာ အစည်းအဝေး သဘာပတိ ဗီယက်နမ်ဗဟိုဘဏ်ဥက္ကဋ္ဌ Mr. Le Minh Hung က အဖွင့်အမှာစကားပြောကြားသည်။
ထို့နောက် အာဆီယံဗဟိုဘဏ်ဥက္ကဋ္ဌများနှင့် အာဆီယံ ကူးသန်းရောင်းဝယ်ရေးဘဏ်များမှ ကိုယ်စားလှယ်များ အကြား ဆွေးနွေးပွဲကို Policy Dialogue on Promoting Digital Transformation in Banking Sector ခေါင်းစဉ် ဖြင့် ကျင်းပသည်။
အဆိုပါဆွေးနွေးပွဲတွင် အပြည်ပြည်ဆိုင်ရာစာရင်း ရှင်းလင်းရေးဘဏ် (Bank for International Settlements- BIS) က Central Bank Digital Currency ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ထိုင်းနိုင်ငံဗဟိုဘဏ်က Promoting Digital Transformation in Thailand’s Financial ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အာဆီယံကူးသန်းရောင်းဝယ် ရေးဘဏ်များမှ ကိုယ်စားလှယ်များက Digital Banking ခေါင်းစဉ်ဖြင့်လည်းကောင်း တင်ပြကြပြီး အစည်းအဝေး တက်ရောက်လာကြသည့် အာဆီယံဗဟိုဘဏ်ဥက္ကဋ္ဌများနှင့် ကိုယ်စားလှယ်များက အမြင်ချင်းဖလှယ်ဆွေးနွေးကြသည်။
ထို့နောက် အာဆီယံဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌများ အစည်းအဝေးသဘာပတိက အာဆီယံငွေရေးကြေးရေးပေါင်းစည်းရေးလုပ်ငန်းစဉ်များ ကြီးကြပ်ထိန်းကျောင်းသည့် အာဆီယံအဆင့်မြင့်ကော်မတီအောက်ရှိ အာဆီယံဘဏ် လုပ်ငန်းပေါင်းစည်းရေးမူဘောင် (ASEAN Banking Integration Framework - ABIF)၊ ငွေပေးချေမှုနှင့် စာရင်း ရှင်းလင်းမှုစနစ် (Payment and Settlement Systems - PSS)၊ စီးပွားရေးစဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုမြှင့်တင် ရေးတွင် အာဆီယံဗဟိုဘဏ်များ၏ အခန်းကဏ္ဍနှင့် အာဆီယံဘဏ်လုပ်ငန်း စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ စည်းမျဉ်းများကိုတင်ပြရာ အာဆီယံဗဟိုဘဏ် ဥက္ကဋ္ဌများက ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ် များအပေါ် လမ်းညွှန်မှုများပေးခဲ့ကြသည်။
အာဆီယံဆိုက်ဘာလုံခြုံရေးဆိုင်ရာ ဆုံးရှုံးနိုင်ခြေ အပေါ် ခံနိုင်ရည်ရှိမှုနှင့် သတင်းအချက်အလက်များအား မျှဝေခြင်းအစီအစဉ် (ASEAN Cybersecurity Resilience and Information Sharing Platform-CRISP) တည်ထောင် ခြင်းအတွက် Memorandum of Understanding (MoU) ကို Digital Technology Network (DTN) အဖွဲ့ဝင် အာဆီယံ ဗဟိုဘဏ်ဥက္ကဋ္ဌများက လက်မှတ်ရေးထိုးခဲ့ပြီး မြန်မာ နိုင်ငံတော်ဗဟိုဘဏ်သည်လည်း မကြာမီ DTN အဖွဲ့ဝင် ဖြစ်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးကျော်ကျော်မောင်က အစည်းအဝေး တွင် တင်ပြခဲ့ပြီး အစည်းအဝေးသဘာပတိကလည်း မှတ်တမ်းတင်ခဲ့သည်။
ရှင်းလင်းတင်ပြ
မွန်းလွဲပိုင်းတွင် (၆) ကြိမ်မြောက် အာဆီယံဘဏ္ဍာရေး ဝန်ကြီးများနှင့် ဗဟိုဘဏ်ဥက္ကဋ္ဌများ အစည်းအဝေး (6th ASEAN Finance Ministers’ and Central Bank Governors’ Meeting- AFMGM)ကို ကျင်းပရာ ၂၀၂၀ ပြည့်နှစ်အတွင်း အာဆီယံအလှည့်ကျဥက္ကဋ္ဌအနေဖြင့် ဆောင်ရွက်သည့် ဦးစားပေးလုပ်ငန်းအစီအစဉ်များနှင့်စပ်လျဉ်း၍ ဗီယက်နမ် နိုင်ငံမှ တင်ပြဆွေးနွေးပြီး အပြည်ပြည်ဆိုင်ရာငွေကြေး ရန်ပုံငွေအဖွဲ့ (International Monetary Fund - IMF)က ကမ္ဘာ့စီးပွားရေး တိုးတက်မှုအခြေအနေနှင့် အလားအလာ များ၊ အာဆီယံ+၃ မေခရိုစီးပွားရေး သုတေသနရုံး (ASEAN+ 3 Macroeconomic Research Office-AMRO)က ဒေသ တွင်း စီးပွားရေးတိုးတက်မှုအခြေအနေနှင့် အလားအလာ များနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ ကိုဗစ်-၁၉ နှင့် စပ်လျဉ်း၍ မူဝါဒဆိုင်ရာတုံ့ပြန်ချက်များနှင့် ဆုံးရှုံးနိုင်ခြေ များ၊ အာရှဖွံ့ဖြိုးရေးဘဏ် (Asia Development Bank-ADB)က ဒေသတွင်း စီးပွားရေးတိုးတက်မှု အခြေအနေနှင့် အခြေခံအဆောက်အအုံဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုအခြေ အနေများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ဆွေးနွေးရာတွင် မြန်မာနိုင်ငံ၌ ကိုဗစ်-၁၉ ကြောင့် စီးပွားရေးသက်ရောက် မှုအပေါ် တုံ့ပြန်ဆောင်ရွက်မှုများအတွက် အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့ (IMF)၊ အာရှဖွံ့ဖြိုးရေးဘဏ် (ADB) နှင့် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက် ရေးအေဂျင်စီ (JICA) တို့က သက်သာသောအတိုးနှုန်းဖြင့် ချေးငွေများပံ့ပိုးပေးခဲ့မှု၊ G-20 အဖွဲ့ဝင်နိုင်ငံများ၏ ချေးငွေ ပြန်လည်ပေးဆပ်ရန် ဆိုင်းငံ့ပေးမှုအစီအစဉ် (Debt Service Suspension Initiative – DSSI) ဖြင့် ပံ့ပိုးပေးမှု၊ အာဆီယံ+၃ မေခရို စီးပွားရေးသုတေသနရုံး (ASEAN+3 Macroeconomic Research Office - AMRO) မှ နည်းပညာ အကူအညီနှင့် Capacity Building Program များ ပံ့ပိုးပေးမှု တို့အတွက် ကျေးဇူးတင်ရှိကြောင်း၊ ကိုဗစ်-၁၉ ကြောင့် ရငွေများလျော့နည်းခဲ့မှု၊ အသုံးစရိတ်များ တိုးမြှင့်သုံးစွဲခဲ့ ရမှုများကြောင့် ဘတ်ဂျက်လိုငွေများ များပြားလာပြီး အစိုးရ ကြွေးမြီမြင့်တက်လာမှုကို ကြုံတွေ့ရမည်ဖြစ်ကြောင်း၊ သို့ဖြစ်ရာ အစိုးရ၏ရငွေများ တိုးမြှင့်ရရှိနိုင်ရေးကိုလည်း အလေးထားစဉ်းစားရမည်ဖြစ်ကြောင်း၊ အစိုးရကြွေးမြီခံနိုင် ရည်ရှိမှုအတွက် အခွန်ရငွေများတိုးမြှင့်ရရှိရေးကို မူဝါဒ ရေးရာ စဉ်းစားရမည့်အချက်များအဖြစ် အာရှဖွံ့ဖြိုးရေး ဘဏ်၏ အဆိုပြုချက်ကို အပြည့်အဝသဘောတူပါကြောင်း ဆွေးနွေးတင်ပြသည်။
ဆွေးနွေးတင်ပြ
ထို့နောက် အာဆီယံအတွင်းရေးမှူးချုပ်ရုံးက ကာလ လတ်လေ့လာဆန်းစစ်မှု၊ ကြီးကြပ်ထိန်းကျောင်းမှုနှင့် အကဲ ဖြတ်သုံးသပ်မှုလုပ်ငန်းစဉ်များအပါအဝင် ၂၀၂၅ အာဆီယံ စီးပွားရေး အသိုက်အဝန်းလမ်းပြမြေပုံ (AEC BLUEPRINT 2025) အောက်ရှိ လုပ်ငန်းတိုးတက်မှုအခြေအနေများကို ဆွေးနွေးတင်ပြသည်။
ဆက်လက်၍ အာဆီယံဘဏ္ဍာရေးနှင့် ဒုတိယ အကြီးအကဲများအစည်းအဝေး ပူးတွဲသဘာပတိများက အာဆီယံငွေကြေးနှင့် ငွေရေးကြေးရေးပေါင်းစည်းမှုနှင့် စပ်လျဉ်း၍ လုပ်ငန်းဆောင်ရွက်ခြင်း တိုးတက်မှုအခြေအနေ နှင့် ၂၀၂၀-၂၀၂၁ ခုနှစ်အတွက် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များနှင့်စပ်လျဉ်း၍ တင်ပြသည်။
ယင်းနောက် (၆) ကြိမ်မြောက် အာဆီယံဘဏ္ဍာရေး ဝန်ကြီးများနှင့် ဗဟိုဘဏ်ဥက္ကဋ္ဌများ အစည်းအဝေး (6th AFMGM) ၏ ပူးတွဲကြေညာချက်ကို အပြီးသတ်ဆွေးနွေး ခဲ့ကြသည်။
ထို့နောက် ၂၀၂၁ ခုနှစ် အာဆီယံဗဟိုဘဏ်ဥက္ကဋ္ဌများ အစည်းအဝေး၊ အာဆီယံဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများကို ၂၀၂၁ ခုနှစ်အတွက် အာဆီယံ အလှည့်ကျဥက္ကဋ္ဌအဖြစ် ဆောင်ရွက် မည့် ဘရူနိုင်းဒါရုဆလမ်နိုင်ငံတွင် ကျင်းပရန် သဘောတူညီ ခဲ့သည်။
သတင်းစဉ်