အာဆီယံကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုပပျောက်ရေးဆိုင်ရာ ဝန်ကြီးများအဆင့် ကိုဗစ်-၁၉ တိုက်ဖျက်ရေး အထူးအစည်းအဝေးကျင်းပ


 

နေပြည်တော် ဩဂုတ် ၁၉


အာဆီယံကျေးလက်ဒေသ ဖွံ့ဖြိုး ရေးနှင့် ဆင်းရဲမှုပပျောက်ရေးဆိုင်ရာ ဝန်ကြီးများအဆင့် ကိုဗစ်-၁၉ တိုက်ဖျက်ရေး အထူးအစည်းအဝေးကို ယနေ့ မွန်းတည့် ၁၂ နာရီက ဗီဒီယို ကွန်ဖရင့်ဖြင့် ကျင်းပသည်။
တွေ့ကြုံရင်ဆိုင်
ရှေးဦးစွာ အာဆီယံကျေးလက် ဒေသ ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုပပျောက် ရေးဆိုင်ရာ ဝန်ကြီးများအဆင့် အစည်းအဝေး(AMRDPE)အလှည့်ကျ ဥက္ကဋ္ဌ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည် မြောင်းဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာအောင်သူက ၂၀၂၅ ခုနှစ် အာဆီယံမျှော်မှန်း ချက်နှင့် ကမ္ဘာ့ကုလသမဂ္ဂနိုင်ငံများ၏ ၂၀၃၀ ပြည့်နှစ် စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှု ပန်းတိုင်များကို အောင်မြင်စွာ ချိတ်ဆက်ဆောင်ရွက်နိုင်ရန်အတွက် မိမိတို့အနေဖြင့် အာဆီယံအသိုက် အဝန်း ထူထောင်ရေး ကြိုးပမ်း အားထုတ်မှုများကို အာဆီယံပြည်သူ လူထုတစ်ရပ်လုံး ပူးပေါင်းပါဝင် နိုင်သော ချဉ်းကပ်မှုနည်းလမ်းဖြင့် အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက် ရှိပါကြောင်း၊ သို့သော် မိမိတို့၏ အာဆီယံအသိုက်အဝန်း ထူထောင် ရေး ကြိုးပမ်းအားထုတ်မှုများတွင် အောင်မြင်မှုများစွာ ရရှိပြီးဖြစ် သော်လည်း ကမ္ဘာတစ်ဝန်းလုံးတွင် လက်ရှိ ပျံ့နှံ့ဖြစ်ပွားလျက်ရှိသော ကိုဗစ်-၁၉ ကူးစက်ရောဂါ အကျိုးဆက်ကြောင့် မိမိတို့ အာဆီယံ ဒေသအနေဖြင့် မကြုံစဖူး စိန်ခေါ် မှုများစွာကို တွေ့ကြုံရင်ဆိုင်နေကြ ရပါကြောင်း။
ကိုဗစ်-၁၉ ကူးစက်ရောဂါ၏ ဆိုးရွား သော အကျိုးသက်ရောက်မှုများ ကြောင့် မိမိတို့၏ စီးပွားရေး၊လူမှုရေး နှင့် ပတ်ဝန်းကျင်ဆိုင်ရာ ဖွံ့ဖြိုး တိုးတက်မှုများတွင် ထိခိုက်မှုများ ဖြစ်ပေါ်လျက်ရှိပါကြောင်း၊ အခြား တစ်ဖက်တွင်လည်း မိမိတို့ဆောင်ရွက် လျက်ရှိသော ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးနှင့် ဆင်းရဲနွမ်းပါးမှု ပပျောက်ရေး လုပ်ငန်းစဉ်များတွင် လည်း နှောင့်နှေးကြန့်ကြာမှုများ ရှိလာပြီး ဆင်းရဲနွမ်းပါးသော ပြည်သူ များအနေဖြင့်လည်း ထိခိုက်နစ်နာမှု များအား ပိုမိုရင်ဆိုင်ရမည့် အခြေအနေ များ ပေါ်ပေါက်လျက်ရှိပါကြောင်း၊ ယင်းကူးစက်ရောဂါ အကျိုးဆက်များ အား ကိုင်တွယ်ဖြေရှင်းနိုင်ရန်နှင့် ပြည်သူများ၏ လူမှုစီးပွားဘဝထိခိုက် ဆုံးရှုံးမှုများအား လျှော့ချနိုင်ရန် အတွက် မိမိတို့အနေဖြင့် ပေါင်းစည်း ညီညွတ်၍ တုံ့ပြန်နိုင်စွမ်းရှိသော အာဆီယံစိတ်ဓာတ် ( ASEAN Spirit of Cohesiveness and Responsi-veness) ကို လက်ကိုင်ပြု၍ ခိုင်မာ သော သန္နိဋ္ဌာန်၊ ကတိကဝတ်များဖြင့် အားလုံးပူးပေါင်း ဝိုင်းဝန်းဆောင်ရွက် သွားရမည်ဖြစ်ကြောင်း ဆွေးနွေး ပြောကြားသည်။
ယင်းနောက် အာဆီယံအတွင်း ရေးမှူးချုပ် Mr. Dato’ Lim Jock Hoi (မစ္စတာ ဒါတိုလင်မ် ဂျော့ခ်ဟွိုင်) က ကိုဗစ်-၁၉ ကုစားရေးစီမံချက်တွင် ဆောင်ရွက်သင့်သည့် ကိစ္စရပ်များနှင့် ASEAN Comprehensive Recovery Framework တွင် ထည့်သွင်းသင့်သည့် ကိစ္စရပ်များ အကြံပြုဆွေးနွေးသည်။
အလေးထားဆောင်ရွက်
ထို့နောက် ပြည်ထောင်စုဝန်ကြီး က ပြန်လည်ဆွေးနွေးရာတွင် အာဆီယံနိုင်ငံများအနေဖြင့် ကိုဗစ်-၁၉ ကူးစက်ရောဂါအား ကိုင်တွယ် ဖြေရှင်းရမည့် နည်းလမ်းများအတွက် သက်ဆိုင်ရာ နယ်ပယ်အလိုက် အလေးထားဆောင်ရွက်ရန် လိုအပ်ပါ ကြောင်း၊ ကျေးလက်ဒေသ ဖွံ့ဖြိုးရေး နှင့် ဆင်းရဲနွမ်းပါးမှုပပျောက်ရေး နယ်ပယ်တွင် ကိုဗစ်-၁၉ ကူးစက် ရောဂါ အကျိုးဆက်များအား တုံ့ပြန် နိုင်ရန်အတွက် အဆိုပါ မူဝါဒလမ်းညွှန် ချက်များ၊ မဟာဗျူဟာမြောက် လုပ်ငန်းအစီအစဉ်များနှင့် စပ်လျဉ်း၍ မိမိတို့၏ သဘောထားအမြင်များအား ဆွေးနွေးဖလှယ်နိုင်ရန်အတွက် ယနေ့ အစည်းအဝေး ကျင်းပရခြင်းဖြစ်ပါ ကြောင်း၊ ကိုဗစ်-၁၉ ကူးစက်ရောဂါ ကြောင့် မိမိတို့ အာဆီယံဒေသအတွင်း အားလုံးရင်ဆိုင် တွေ့ကြုံနေရသည့် တူညီသော ထိခိုက်နစ်နာမှုများအား ထောက်ရှုလျက် မိမိတို့အနေဖြင့် ကူးစက်ရောဂါကို အချိန်နှင့် တစ်ပြေးညီ ထိရောက်စွာ တုံ့ပြန် ဖြေရှင်းရာတွင် ပေါင်းစည်းညီညွတ် သော၊ ကဏ္ဍပေါင်းစုံ၊ သက်ဆိုင်သူ ပေါင်းစုံပါဝင်သော ချဉ်းကပ်မှု နည်းလမ်း (Coher-ent, Multi-sectoral, Multi-stakeholder approach) အား ကျင့်သုံးဆောင်ရွက် ရေးသည် အလွန် အရေးကြီးပါ ကြောင်း။
ဖြည့်ဆည်းဆောင်ရွက်
မြန်မာနိုင်ငံ အစိုးရအနေဖြင့် ကိုဗစ်-၁၉ စီးပွားရေး ထိခိုက်မှု သက်သာရေးစီမံချက်အား ၂၀၂၀ ပြည့်နှစ်၊ ဧပြီလတွင် စတင်ကျင့်သုံး အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိပြီး အဆိုပါစီမံချက်ဟာ မည်သူ တစ်ဦးတစ်ယောက်ကိုမျှ ချန်လှပ် ခြင်းမရှိစေဘဲ အစိုးရ၊ ပုဂ္ဂလိကနှင့် ပြည်သူများအားလုံးအပေါ် ကပ်ရောဂါ ၏ ဆိုးကျိုးသက်ရောက်များကို လျော့ပါးသက်သာစေရေးအတွက် ဟန်ချက်ညီညီ ဖြည့်ဆည်း ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ အာဆီယံနိုင်ငံများတွင်လည်း ကပ် ရောဂါ တုံ့ပြန်နိုင်ရန်အတွက် မိမိတို့ နိုင်ငံကဲ့သို့ မဟာဗျူဟာမြောက်စီမံ ချက်များရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိနေမည်ဟု မိမိ အနေဖြင့် ယုံကြည်ပါကြောင်း၊ ဒေသ အတွင်း ကပ်ရောဂါအား ရင်ဆိုင် တွေ့ကြုံနေရသည့် တစ်ချိန်တည်းမှာ ပင် နောင်အနာဂတ်တွင် ဖြစ်ပေါ် လာနိုင်သည့် အလားတူဘေးအန္တရာယ် များကို မိမိတို့ပြည်သူလူထု၏ တုံ့ပြန် နိုင်စွမ်းအားကို မြှင့်တင်ဆောင်ရွက် ရေးသည်လည်း မိမိတို့လက်ရှိ ဆောင်ရွက်လျက်ရှိသည့် တုံ့ပြန်နိုင် စွမ်းအား ကောင်းမွန်သော၊ ရေရှည် တည်တံ့သော၊ အားလုံးပါဝင်နိုင် သော အာဆီယံလူမှုအသိုက်အဝန်း တည်ဆောက်ရေး ကြိုးပမ်းအားထုတ် မှုများတွင် အရေးပါသော အခန်းကဏ္ဍ မှ ပါဝင်လျက်ရှိနေသည်ကို မိမိတို့ အနေဖြင့် နားလည်သိရှိထားပြီးဖြစ် ကြောင်း၊ အနာဂတ်တွင် ပေါ်ပေါက် လာနိုင်သည့် အလားတူဘေးအန္တရာယ် များကို ကိုင်တွယ်ဖြေရှင်းနိုင်ရေး အတွက် အထူးသဖြင့် ထိခိုက်နစ်နာ လွယ်သည့် အုပ်စုများမှ ပြည်သူများ အား ကောင်းမွန်စွာ ကြိုတင်ပြင်ဆင် ထားသော တုံ့ပြန်နိုင်စွမ်းအား ကောင်းမွန်သည့် လူထုတစ်ရပ်ဖြစ်ပေါ် လာစေရေးအတွက် ဆောင်ရွက်သွား မည်ဖြစ်ပါကြောင်း၊ သို့မှသာလျှင် မိမိတို့ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှု ပပျောက်ရေးနယ်တွင် မမျှော်မှန်းနိုင်သည့် ဘေးအန္တရာယ် ဖြစ်ပေါ်မှု ဆိုးကျိုးသက်ရောက်မှုများ အား လျော့နည်းစေနိုင်မည် ဖြစ်ပါ ကြောင်း၊ ကိုဗစ်-၁၉ ကူးစက်ရောဂါ စိန်ခေါ်မှုများကို ကိုင်တွယ်ဖြေရှင်း နိုင်ရေးအတွက် သက်ဆိုင်ရာအာဆီယံ နိုင်ငံအသီးသီးမှ ဝန်ကြီးများရဲ့ စွမ်းစွမ်းတမံ ပူးပေါင်းဆောင်ရွက် ချက်များအား မိမိအနေဖြင့် ကြိုဆို အသိအမှတ်ပြုပါကြောင်း၊ မမျှော်မှန်း နိုင်သည့် အနာဂတ်ဘေးအန္တရာယ်များ အတွက် အာဆီယံဒေသ၏ ကြိုတင် ပြင်ဆင်မှုနှင့် စွမ်းဆောင်ရည်များကို ဆက်လက်မြှင့်တင်နိုင်ရန် အာဆီယံ နိုင်ငံများအနေဖြင့် နိုင်ငံတကာ မိတ်ဖက်အဖွဲ့အစည်းများ၊ ပြင်ပ မိတ်ဖက်အဖွဲ့အစည်းများနှင့်အတူ နိုင်ငံတကာအဆင့် ဒေသတွင်းအဆင့် အသီးသီးတွင် ပူးပေါင်းညှိနှိုင်း ဆောင်ရွက်သွားရန် တိုက်တွန်းလိုပါ ကြောင်း၊ ကပ်ရောဂါ စိန်ခေါ်မှုများနှင့် ကျေးလက်ဒေသ ဆင်းရဲနွမ်းပါးမှု များအား ကိုင်တွယ်ဖြေရှင်းရာတွင် မိမိတို့ မြန်မာနိုင်ငံအနေဖြင့်လည်း အာဆီယံနိုင်ငံများ အားလုံးနှင့်အတူ ဆက်လက်၍ လက်တွဲပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ဆွေးနွေးပြောကြားသည်။
ဝိုင်းဝန်းဆွေးနွေး
ထို့နောက် အာဆီယံအဖွဲ့ဝင်နိုင်ငံ များမှ ကျေးလက်ဒေသဖွံ့ဖြိုးရေး နှင့် ဆင်းရဲမှုလျှော့ချရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသော ဝန်ကြီးဌာန များမှ ဝန်ကြီးများ၊ အဆင့်မြင့်အရာရှိ ကြီးများ၊ ကိုယ်စားလှယ်များက နိုင်ငံ အလိုက် ကိုဗစ်-၁၉ တိုက်ဖျက်ရေး လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေ များ၊ တွေ့ကြုံရသည့် အခက်အခဲများ၊ စိန်ခေါ်မှုများကို ဝိုင်းဝန်းဆွေးနွေး ခဲ့ကြသည်။
ယနေ့ ကျင်းပပြုလုပ်သည့် အာဆီယံကျေးလက်ဒေသ ဖွံ့ဖြိုးရေး နှင့် ဆင်းရဲမှုပပျောက်ရေးဆိုင်ရာ ဝန်ကြီးများအဆင့် ကိုဗစ်-၁၉ တိုက်ဖျက်ရေး အထူးအစည်းအဝေး ကို အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသော ဝန်ကြီးဌာန များမှ ဝန်ကြီးများ၊ အဆင့်မြင့် အရာရှိကြီးများ၊ ကိုယ်စားလှယ်များ၊ အာဆီယံ အတွင်းရေးမှူးချုပ်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ဆွေးနွေး ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်