အာဇာနည်ခေါင်းဆောင်ကြီးပေးသည့် သမိုင်းသင်ခန်းစာ

Type
1

မောင်ငြိမ်းအေး

====

မိုးတဖွဲဖွဲ တသဲသဲ ဇူလိုင်လသည် လွမ်းမောဖွယ်ရာ ဖြစ်သည်။ 
လွမ်းမောဖွယ်ရာတို့တွင် ဆွေးမြည့်ကြေကွဲစရာ များလည်းရှိသည်။ ဤလဤကာလတွင် လွမ်းမော ဖွယ်ရာ    ကြေကွဲစရာသည်ကား    အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့်အတူ ခေါင်းဆောင်များ ကျဆုံးခဲ့ရသည့် အဖြစ်ဆိုး


ကြီးပေတည်း။   ထိုအဖြစ်ဆိုးကြီးကို   ကျွန်ုပ်တို့ ယနေ့တိုင် မမေ့နိုင်၊ ဝမ်းနည်းပူဆွေး ကြေကွဲနေရ သည်။ ဗိုလ်ချုပ်အောင်ဆန်းသည်ကား ထာဝစဉ် မမေ့နိုင်သော အမျိုးသားခေါင်းဆောင် တကယ့် ယောကျ်ားကောင်း အာဇာနည်စစ်စစ်ပါပေတည်း။

 


ဗိုလ်ချုပ်အောင်ဆန်းသည် နိုင်ငံအတွက် မနား မနေ  စွန့်စားလုံးပန်းအံ့ဟူ၍  အဓိဋ္ဌာန်ပြုပြီး ကျောင်းသားဘဝမှစတင်၍  နိုင်ငံရေးစွန့်စားမှုများ ပြုလုပ်ခဲ့သည်။ ၁၉၄၀ ပြည့်နှစ်  သြဂုတ်လ ၈ ရက် နေ့တွင် နိုင်ငံမှ တိတ်တဆိတ်ထွက်ခွာပြီး ရဲဘော် သုံးကျိပ်နှင့်အတူ ဂျပန်နိုင်ငံတွင် စစ်ပညာများ စွန့်စားသင်ယူခဲ့သည်။ ၁၉၄၁ ခုနှစ် ဒီဇင်ဘာလတွင် ဗိုလ်တေဇ အမည်ခံ၍ ရဲဘော်သုံးကျိပ်နှင့်အတူ ဗမာ့လွတ်လပ်ရေးတပ်မတော်ကို ဖွဲ့စည်းခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်းသည် ကျောင်းသားဘဝ၊ သခင် ဘဝတို့တွင်သာမက ဗမာ့လွတ်လပ်ရေးတပ်မတော် ဖွဲ့စည်းပြီးနောက်တွင် တိုင်းပြည်အတွက် မနေမနား ကြိုးပမ်းဆောင်ရွက်ခဲ့သည်။

တော်လှန်ရေးဝါဒ


လွတ်လပ်ရေးအတွက် ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်ကြိုးပမ်းခဲ့သောခေတ်သည် ဒုတိယကမ္ဘာ စစ်ပြီးကာလဖြစ်သည်။ စစ်ပြီးခေတ် မြန်မာနိုင်ငံ၏ ရုပ်ပိုင်းဆိုင်ရာဘဝမှာ ပြာပုံအတိ ဖြစ်နေသည်။ မြန်မာပြည်သူများ၏ဘဝမှာလည်း အဘက်ဘက် တွင် ချို့တဲ့ကာ စိတ်ဓာတ်ကျလျက်ရှိသည်။ နိုင်ငံ နှင့်ပြည်သူတို့ဘဝမှာ ရုပ်ပိုင်းရော၊ စိတ်ပိုင်းဘဝပါ ချွတ်ခြုံကျလျက် သုညဘဝသို့ ရောက်နေသည်။ တော်လှန်ရေးပြီးသောအခါ လွတ်လပ်ရေးရရှိရန် ကြိုးပမ်းရာ၌   တစ်ဖက်တွင်  အင်္ဂလိပ်နယ်ချဲ့၊ အလိုတော်ရိ၊ ဗျူရိုကရက်တို့က ပရိယာယ်မျိုးစုံဖြင့် ခြယ်လှယ်လှုပ်ရှားနေအချိန်တွင် တစ်ဖက်တွင် နိုင်ငံရေးသမားတို့က     တော်လှန်ရေးဝါဒဖြင့် လွတ်လပ်ရေးယူရန် အမျိုးမျိုးအဖုံဖုံ လှုပ်ရှားကြသည်။


ဗိုလ်ချုပ်အောင်ဆန်းက     မျက်ကန်းမျိုးချစ်၊ မျက်ကန်းတော်လှန်ရေးကို အားမပေး၊ တော်လှန်ရေး သဘောတရားများကို အသံလွှင့်ပြောကြားခဲ့သည်။ "ကျုပ်တို့ဟာ တော်လှန်ရေးသမားပဲ။ ဒါပေမယ့် ကျုပ်တို့ဟာ ရည်ရွယ်ချက်၊ မှန်းထားချက်မရှိဘဲ မျက်ကန်းလိုလုပ်တဲ့ တော်လှန်ရေးကိုတော့ မကြိုက် ဘူး။  အကြမ်းပတမ်း  တိုက်ခိုက်တဲ့ကိစ္စကိုမှ တော်လှန်ရေးလို့  ဆိုတာမဟုတ်ဘူး။ တော်လှန် ဆိုတာ လက်ရှိစနစ်ဟောင်းကို တော်လှန်ပြီးစနစ်သစ် ပေါ်ပေါက်လာတာကို ဆိုလိုတာပဲ"ဟု ပြောကြားခဲ့ သည်။ 

 

ညီညွတ်ရေးကိုစိုက်ထူ
ဆက်လက်၍ "သူတို့တွေဟာ ကိုယ့်လူမျိုးအချင်းချင်း သတ်ဖြတ်၊ လုယက်၊ သူပုန်ထ၊ မီးရှို့ ဒီလိုလုပ်နေတာ ဘာတော်လှန်ရေးလဲ၊ ဒါတော်လှန်ရေးတဲ့လား . . . " ဟူ၍ လည်းကောင်း။ " ကျုပ်တို့ဟာ တိုင်းပြည်ကို သစ္စာမဖောက်ဘူး။  အရမ်းမလုပ်ဘူး။ ခြေလှမ်း မှန်မှန်နှင့် လုပ်ကိုင်သွားမယ်။ အရင်ပါတီဟောင်း သဘောမျိုးတွေ မလိုက်ဘူး။ ကွန်မြူနစ်ပါတီ အချောင် သမားတွေလို ကမူးရှူးထိုးလဲ မလုပ်ဘူး"  ဟူ၍
လည်းကောင်း ပြတ်ပြတ်သားသား ပြောကြားခဲ့သည်။ နိုင်ငံကို လွတ်လပ်လိုသော၊ အမျိုးကိုချစ်သော ဗိုလ်ချုပ်အောင်ဆန်းသည် လွတ်လပ်ရေးအတွက် အရေးကြီးသော တိုင်းရင်းသားစည်းလုံးညီညွတ်ရေးအုတ်မြစ်ကိုလည်း အခိုင်အမာစိုက်ထူခဲ့သည်။


မရှိမဖြစ်လိုအပ်သော တိုင်းရင်းသားသွေးစည်း


ညီညွတ်ရေးကို ပင်လုံညီလာခံတွင် သန္ဓေတည်ခဲ့သည်။ ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၁၁ ရက်နေ့ ပင်လုံညစာ စားပွဲတွင် "တစ်တိုင်းပြည်လုံး ကြီးပွားစေချင်ရင် ဗမာက တစ်မျိုး၊ ကရင်က တစ်ဖုံ၊ ရှမ်း၊ ကချင်၊ ချင်းတို့ က တခြား အကွဲကွဲအပြားပြား လုပ်နေရင် အကျိုးရှိ မှာ မဟုတ်ဘူး။ စုပေါင်းလုပ်ကြမှသာ အကျိုးရှိနိုင် မယ်။ လုပ်ကြည့်မှလဲ သိနိုင်မယ်" ဟူ၍ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး လမ်းညွှန်ချက်ကို တိတိကျကျ မိန့်ကြားခဲ့သည်။

ရှေ့ရေးကိုမြော်တွေး


နိုင်ငံတွင် မရှိမဖြစ် လိုအပ်သော တိုင်းရင်းသား အချင်းချင်း ညီညွတ်ရေး၊ ပြည်သူလူထု ညီညွတ်ရေး ထိုညီညွတ်ရေးနှစ်ခုကို လူတိုင်းမမေ့စေရန် တိုင်းပြု ပြည်ပြုလွှတ်တော်တွင် ဗိုလ်ချုပ်က "တိုင်းရင်းသား အချင်းချင်း ညီညွတ်ရေး၊ တိုင်းရင်းသားလူထု ညီညွတ်ရေး၊ စားဖားသမားတွေ ညီညွတ်နေတာ ကျွန်တော် မလိုချင်ပါဘူး၊ တိုင်းသူပြည်သား လူထု ညီညွတ်ရေး အဲဒီညီညွတ်ရေး နှစ်ခု မရှိသမျှ ကာလ ပတ်လုံး ဒီတိုင်းပြည်ဟာ လွတ်ပင်လွတ်လပ်ငြား သော်လည်း ဘယ်ပါတီတက်တက်၊ ဘယ်အစိုးရ လုပ်လုပ် ဖာသယ်တိုင်းပြည်ဖြစ်နေမှာပဲလို့ ကျွန်တော် ပြောချင်တယ်၊ ဒီနှစ်ခုကို ခင်ဗျားတို့ မပျက်ပြား ပါစေနဲ့။ ဘယ်သူက ဘာလုပ်လုပ် မပျက်ပါစေနဲ့၊ အဲဒါအင်မတန်အရေးကြီးပါတယ်"ဟု တိုင်းရင်းသား ပြည်သူတိုင်း မမေ့မလျော့မပေါ့စေရန် ရှေ့ရေးကို မြော်တွေး၍ တစ်သက်စာပြောကြားသွားခဲ့သည်။
ဗိုလ်ချုပ်သည် အသက်အရွယ် ငယ်ပင်ငယ်ငြား သော်လည်း   နိုင်ငံနှင့်ပြည်သူအကျိုးအတွက်ဆို လျှင် အသက်စွန့်ရန် ဝန်မလေးခဲ့။ အသက်ရှိစဉ် ကာလတို့တွင်လည်း သူ့အတွက် ရွှေ၊ ငွေ၊ ရာထူး၊ စည်းစိမ်ကို သူမမက်ခဲ့။ သူ၏ လက်တွေ့လုပ်ဆောင် ချက်များနှင့် သူ့စကားများက သူ့ဘဝ သရုပ်ကို ခြယ်မှုန်းပြသခဲ့ပေသည်။    "ကျုပ် တိုင်းပြည် လွတ်လပ်ရေးအတွက် အသက်စွန့်စရာရှိတဲ့အခါ ကျုပ်စွန့်ခဲ့တယ်။ ရှေ့ကိုလည်း စွန့်စရာပေါ်သေးရင် ကျုပ်စွန့်ပြီး  လုပ်ရန်အသင့်ပါပဲ"  ဟူ၍ ရဲရဲရင့်ရင့် သူ၏ခံယူချက်နှင့်   သူ၏ဘဝကို   မကွယ်မဝှက် ထုတ်ဖော်ပြောကြားခဲ့သည်။

အကြမ်းဖက်သမား


မိမိ၏ စားရေး၊ ဝတ်ရေး၊ နေရေး၊ ဘဝနှင့် အသက် ကို ပဓာနမထား၊ နိုင်ငံနှင့်လူမျိုးအကျိုးအတွက် နေ့ညမနား သယ်ပိုးထမ်းဆောင်နေသော ဗိုလ်ချုပ် ကို လုပ်ကြံသတ်ဖြတ်မည့် သတင်းစကားများ ကြိုတင်ရထားခဲ့သည်။ ဆိုင်ရာတို့ကလည်း သတင်း တင်ပြခဲ့သည်။ သို့သော် ဗိုလ်ချုပ်က သူ့တာဝန်ကို သာ သူဆက်လုပ်သည်။ ဘာကိုမျှ ဂရုမစိုက်ခဲ့ချေ။ ရရှိသည့် သတင်းကား အမှန်ဖြစ်သည်။ ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက် စနေနေ့ နံနက် ၁၀ နာရီ ၃၇ မိနစ်အချိန်တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အစိုးရအဖွဲ့ဝင်များ ရန်ကုန်မြို့ အတွင်းဝန်ရုံးတွင် အစည်းအဝေးပြုလုပ်နေစဉ်  မသမာသူ အကြမ်း ဖက် လူသတ်သမားများ၏ လုပ်ကြံသတ်ဖြတ်ခြင်း ခံလိုက်ရသည်။


ဗိုလ်ချုပ်အောင်ဆန်းက မြန်မာနိုင်ငံ၏ ရှေ့ရေး ကို မြော်တွေး၍ ပြောကြားခဲ့သည့် သတိပေးစကား များသည် သွေးထွက်အောင်မှန်နေပါသည်။ ဗိုလ်ချုပ် အောင်ဆန်းသည် တိုင်းပြည်နှင့်လူမျိုး ရှေ့ရေး အတွက်  သတိပေးစကား ပြောကြားခဲ့သော်လည်း  မိမိအတွက် သတိပေးစကားကိုမူ လက်မခံခဲ့ပေ။ ပြောသည့်အတိုင်းလုပ်ပြီး လုပ်သည့်အတိုင်းတိုင်းပြည် နှင့်လူမျိုးအတွက် ဘဝကို ရဲရဲဝံ့ဝံ့ ပေးဆပ်ခဲ့လေ သည်။ ဗိုလ်ချုပ်သည် သူ၏ဘဝကို ပေးဆပ်ဝံ့သော် လည်း ဗိုလ်ချုပ်ကို ချစ်မြတ်နိုးသော တိုင်းရင်းသား ပြည်သူများအတွက်မူ မျက်ကန်း မျိုးချစ်၊ အစွန်းရောက် နိုင်ငံရေးသမားစေခိုင်းသည့် အကြမ်းဖက်သမား များ၏ လက်ချက်ဖြင့် ကျဆုံးခဲ့ရခြင်းကို ရင်ထုမနာ ဖြစ်ကြလေသည်။


ကျေးဇူးဆပ်မကုန်
ဗိုလ်ချုပ်သည် လွတ်လပ်ရေးအတွက် တစ်မျိုး  သားလုံးကို စည်းလုံးနိုင်ခဲ့သည်သာမက တိုင်းရင်း သားစည်းလုံးညီညွတ်ရေးတွင်လည်း   ပင်လုံ သွေးစည်းညီညွတ်ရေးအထိ တံခွန်ထူနိုင်ခဲ့သည်။ နယ်ချဲ့သည် ဗိုလ်ချုပ်၏ စည်းရုံးရေးနှင့် တိုင်းရင်း သားစည်းလုံးညီညွတ်ရေးကို သဘောပေါက်ခဲ့ရ သည်။ ပြင်းစွာချောက်ချားခဲ့ရသည်။ ထိုသို့ နယ်ချဲ့ ဆန့်ကျင်ရေးအတွက် စည်းရုံးလှုပ်ရှား အရေးဆိုခဲ့ သောကြောင့် ၁၉၄၈ ခုနှစ်တွင် မြန်မာနိုင်ငံနှင့် ပြည်သူတို့ လုံးဝ လွတ်လပ်ရေး အကျိုးကျေးဇူးကို ခံစားကြရသည်။ သို့သော် ဗိုလ်ချုပ်ကား သူ့ဘဝ၊ သူ့အသက်နှင့် ရင်းနှီးပေးဆပ်ခဲ့သော လွတ်လပ် ရေးကို မြင်မသွားရရှာပေ။ ဗိုလ်ချုပ်၏ ကျေးဇူးကား ဆပ်၍မကုန်အောင် ကြီးမားလှပါပေသည်။
ကျွန်ုပ်တို့သည် ဗိုလ်ချုပ်အောင်ဆန်း၏ လမ်း ညွှန် သတိပေးခဲ့သည့်အတိုင်း လိုက်နာဆောင်ရွက် ပြီး ဗိုလ်ချုပ်၏  ကျေးဇူးဆပ်ကြသည်၊ မဆပ်ကြ သည်ကို မေးခွန်းထုတ်ကြည့်ရမည်ဖြစ်သည်။ သို့သော် ဗိုလ်ချုပ်ကို ချစ်မြတ်နိုးကြ၊ သတိရကြ သော်လည်း ဗိုလ်ချုပ်အောင်ဆန်း၏ လမ်းညွှန်ချက် များ၊ သတိပေးစကားများကို လိုက်နာဆောင်ရွက် ကြခြင်း မရှိကြပါဟု ဆိုရမည်ဖြစ်သည်။ လွတ်လပ် ရေးရပြီးသည်မှစ၍ သူတစ်လူ၊ ငါတစ်မင်း၊ သူ့ဝါဒ၊ ကိုယ့်ဝါဒ၊ သူ့နယ်၊ ကိုယ့်နယ်ဖြင့် လက်နက်စွဲကိုင်၍ တိုက်ခိုက်နေကြသည်မှာ ယနေ့ထက်တိုင်အောင် ဖြစ်ပါသည်။ တိုင်းပြည် မငြိမ်းချမ်းသည့်ရလဒ်များ ကို အပြစ်မဲ့ တိုင်းရင်းသားပြည်သူများ ခံစားကြရ သည်။ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှု နောက်ကျခြင်းကို ကြုံတွေ့နေရသည်။

စည်းလုံးညီညွတ်ရေး


ဗိုလ်ချုပ်အောင်ဆန်းက မျက်ကန်းမျိုးချစ် အစွန်း ရောက်နိုင်ငံရေးသမားများ၏အန္တရာယ်ကို သတိပေး ပြောကြားသည်။ စစ်အတွင်းက နယ်ချဲ့ကို လက်နက် ကိုင်  တွန်းလှန်ခဲ့သော်လည်း   စစ်ပြီးသောအခါ ငြိမ်းချမ်းစွာဖြင့် အသွင်ကူးပြောင်းခြင်းကို ရှေးရှု ခဲ့သည်။ လွတ်လပ်ရေးမရမီ တိုင်းပြည် အဘက်ဘက် က ချွတ်ခြုံကျနေစဉ်တွင် တော်လှန်ရေးဟုဆိုကာ ကိုယ့်လူမျိုးအချင်းချင်း သတ်ဖြတ်၊ လုယက်၊ မီးရှို့၊ သူပုန်ထလုပ်သူများကို ပြတ်ပြတ်သားသားပြောကြား
ခဲ့သည်။ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးသည် လွတ်လပ်ရေးအတွက် အရေးကြီးသဖြင့် တောင်ပေါ် မြေပြန့်အားလုံးသို့ မနေမနား သွားရောက်စည်းလုံး ခဲ့သည်။ စည်းလုံးညီညွတ်ရေး သမိုင်းမှတ်တိုင်ကို ပင်လုံမြေတွင် အခိုင်အမာစိုက်ထူခဲ့သည်။ နယ်ချဲ့ တို့လည်း မတတ်သာတော့ဘဲ လွတ်လပ်ရေးပေးရန် လုပ်ရတော့သည်။ 
ဗိုလ်ချုပ်သည် တစ်နှစ်အတွင်း လွတ်လပ်ရေးရ အောင် ကြိုးပမ်းဆောင်ရွက်ခဲ့သည်။ အနုနည်းဖြင့် လွတ်လပ်ရေးပန်းတိုင်သို့ တက်လှမ်းလာနိုင်သော ဗိုလ်ချုပ်ကို မနာလိုမရှုဆိတ်၊ မလိုလားမနှစ်သက် သော နယ်ချဲ့လက်ပါးစေ မျိုးချစ်မျက်ကန်းနိုင်ငံရေး သမားက အကြမ်းဖက်သမားများကို လက်နက်ပေး စေခိုင်း၍   ရက်ရက်စက်စက်  လုပ်ကြံသတ်ဖြတ် ခဲ့သည်။ ပန်းတိုင်ရောက်ခါနီးမှ တက်ကျိုးခဲ့ရသည်။ ဗိုလ်ချုပ်တည်ဆောက်ခဲ့သော တိုင်းရင်းသားစည်းလုံးညီညွတ်ရေးလည်း ပြိုပျက်ခဲ့ရသည်။ ဗိုလ်ချုပ် ရှုတ်ချခဲ့သော   အကြမ်းဖက်သမားများလည်း ခေါင်းထောင်ထလာခဲ့ကြသည်။ မြန်မာ့နိုင်ငံရေး သမိုင်းတစ်လျှောက် အချင်းချင်းတိုက်ခိုက်သတ်ဖြတ် ကြသည်။ ဗိုလ်ချုပ်ပေးသော သင်ခန်းစာများကိုမယူခဲ့ ကြချေ။

တိုင်းပြည်ပျက်စီးလျှင်


မျက်မှောက်ကာလတွင်လည်း လွန်ခဲ့သော နှစ် ပေါင်း ၇၀ ကျော်က ဗိုလ်ချုပ်အောင်ဆန်း သတိပေးခဲ့ သည့် အခြေအနေအတိုင်း ဖြစ်နေပြီဟု ဆိုရမည်။ မျက်ကန်းနိုင်ငံရေးသမား၊ အစွန်းရောက် နိုင်ငံရေး သမားများ၏ မမှန်မကန် ဆောင်ရွက်မှုများကြောင့် တိုင်းပြည် ဖရိုဖရဲဖြစ်လာခဲ့သည်။ တိုင်းရင်းသား ပြည်သူအချင်းချင်း စည်းလုံးညီညွတ်မှု ပြိုကွဲလာခဲ့ သည်။ အချင်းချင်း ရန်လိုမုန်းထား ပိုများလာခဲ့သည်။ ပါတီစွဲ၊ ဝါဒစွဲများ ကြီးမားလာကြသည်။ ပြည်သူများ အား နိုင်ငံရေးမှိုင်းတိုက်ပြီး တိုင်းပြည်ပျက်စီးရေး လမ်းကြောင်းကို တွန်းပို့ပေးကြသည်။ နိုင်ငံရေးသမား၊ အစွန်းရောက်သမား၊ အခွင့်ရေးသမား၊ အချောင် သမား၊ တောကြောင်များ ခေါင်းထောင်လာခဲ့သည်။ အမျိုးသားရင်ကြားစေ့ရေး ကြွေးကြော်လာခဲ့သူများ ကြောင့်ပင်  အမျိုးသားရင်ကြား ဗြန်းဗြန်းကွဲလာခဲ့ သည်။ တိုင်းပြည်ပျက်စီးသွားလျှင် ကိုယ်စီ အခွင့် အရေးများရလာမည်ဟု အထင်အမြင်လွဲမှားအောင် ပြုလုပ်ထားကြသည်။ 


တိုင်းပြည်ပြိုကွဲပျက်စီးသွားလျှင် အခွင့်အရေး များ ရနိုင်မည်လား၊ ဒုက္ခဆင်းရဲများ ရောက်မည် လားကို သာမန်ကလေးငယ်များပင် အဖြေပေးနိုင် ပါသည်။ အကြမ်းဖက်တော်လှန်ရေးလမ်းစဉ်သည် မည်သည့်အခါမျှ အောင်မြင်မှုရရှိလိမ့်မဟုတ်ပေ။ ပြိုကွဲပျက်စီးခြင်းဖြင့်သာ အဆုံးသတ်သွားနိုင်
ပါသည်။ ဗိုလ်ချုပ်အောင်ဆန်း လမ်းညွှန်သကဲ့သို့ မတိုးတက်သော စနစ်ဟောင်းကို တိုးတက်သော စနစ်သစ်သို့ ပြောင်းလဲသည့် တော်လှန်ရေးကို သာလျှင် ရှေးရှုလုပ်ကိုင်ကြခြင်းသည်သာ အကောင်း ဆုံးဖြစ်သည်။   ယခုအခါ   မဆင်နွှဲသင့်သော တော်လှန်ရေးကို ဆင်နွှဲခဲ့ကြသည်။ ထိုတော်လှန် ရေးသည်  နောက်ဆုံးတစ်နေ့တွင်  နိုင်မလား၊ ရှုံးမလား အဆုံးသတ်တစ်ခုခုဖြင့် အဖြေထွက်ပေါ် လာပါလိမ့်မည်။ တိုင်းပြည် ပျက်စီးရေးဆိုလျှင် လက်မနှေး၊ တိုင်းပြည် တည်ဆောက်ရေးဆိုလျှင် ရှောင်ဖယ်ပြေး၊ ကန့်လန့်တိုက်သည့် အကျင့်ဆိုး များကို ဖျောက်ဖျက်ပစ်ရမည်။


တော်လှန်ရေးဆိုသည်မှာ လက်ရှိစနစ်ဟောင်း ကို တော်လှန်ပြီး စနစ်သစ်ပေါ်ပေါက်လာသည်ကို ဆိုလိုသည့် အာဇာနည်ခေါင်းဆောင်ကြီး၊ အမျိုး သားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းပေးခဲ့ သည့် သမိုင်းသင်ခန်းစာနှင့်အညီ တိုင်းပြည်ဆိုးညစ် ခဲ့သည့် စနစ်ဟောင်းကိုဖယ်ရှား၍ စည်းကမ်းပြည့်ဝ သည့် ဒီမိုကရေစီစနစ်သို့ တက်လှမ်းရမည်ဖြစ်ပါ ကြောင်း။    ။