အာဇာနည်နေ့ကို သင်ခန်းစာယူကြဖို့လို

Type

မျိုးငြိမ်းငယ်

=====

သင်ခန်းစာယူရမယ့်သမိုင်းဖြစ်စဉ်တစ်ရပ်
မြန်မာနိုင်ငံနဲ့ နိုင်ငံသားအားလုံးအတွက် ဝမ်းနည်း ကြေကွဲဖွယ်အာဇာနည်နေ့ဟာ   ယခုဆိုရင်    (၇၄)နှစ်ပင် တိုင်ခဲ့ပါပြီ။


မြန်မာနိုင်ငံအတွက်        မမေ့ပျောက်နိုင်တဲ့ နေ့တစ်နေ့လည်းဖြစ်ပါတယ်။   နယ်ချဲ့တို့ရဲ့ ကြိုးဆွဲ စေခိုင်းချက်အောက်မှာ   ကိုယ့်နိုင်ငံသားအချင်းချင်း အာဇာနည်ခေါင်းဆောင်ကြီးတွေကို     လုပ်ကြံခဲ့ ကြတာပါ။  တိုင်းပြည်အတွက် ရင်နာစရာကောင်း လှသလို သင်ခန်းစာယူဖွယ်လည်း ဖြစ်ပါတယ်။ 
လွတ်လပ်ရေးခေါင်းဆောင်ကြီးတွေ ဆုံးရှုံးခဲ့ရ တာဟာ  နိုင်ငံအတွက် ဘယ်လိုမှအစားထိုးလို့မရတဲ့ ဆုံးရှုံးမှု၊   နစ်နာမှုတွေပဲဖြစ်ပါတယ်။    ဗိုလ်ချုပ် အောင်ဆန်းဟာ ကိုယ်ကျိုးမဖက်  နိုင်ငံနဲ့ နိုင်ငံသား တွေအတွက် အနစ်နာခံ၊ အပင်ပန်းအဆင်းရဲခံ၊ ဒုက္ခ ခံခဲ့တဲ့ ခေါင်းဆောင်တစ်ဦးပါ။ နိုင်ငံ့လွတ်လပ်ရေး သည်သာ သူ့ဘဝ၊ သူ့အသက်၊ သူ့ရဲ့ အန္တိမရည်မှန်း ချက်လို့   သတ်မှတ်ထားတဲ့ လွတ်လပ်ရေးဖခင်ကြီး လည်းဖြစ်ပါတယ်။ သူ့ရဲ့ရည်မှန်းချက်နဲ့ အပြောတွေ ကို  အလုပ်နဲ့သက်သေပြခဲ့ပါတယ်။ မြန်မာ့သမိုင်းမှာ တော့  ခေါင်းဆောင်မှုအရည်အသွေး   စံပြဖြစ်တဲ့ လွတ်လပ်ရေးဗိသုကာပညာရှင်ပဲ ဖြစ်ပါတယ်။
ဒါပေမဲ့         လွတ်လပ်ရေးကြိုးပမ်းခဲ့ကြတဲ့ ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ ခေါင်းဆောင်ကြီးတွေ ဟာ အာဏာမက်မောသူတွေ၊ အတ္တရှေ့တန်းတင်သူ တွေရဲ့လက်ချက်နဲ့   ကျဆုံးခဲ့ရတာဟာ    သမိုင်း တစ်လျှောက် သင်ခန်းစာယူရမယ့်သမိုင်းဖြစ်စဉ်ပဲ ဖြစ်ပါတယ်။ 


လက်စားချေနိုင်ငံရေး


၁၉၄၇  ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့က    မြန်မာ့ လွတ်လပ်ရေးအတွက်  ဦးဆောင်ခဲ့ကြတဲ့   ဗိုလ်ချုပ် အောင်ဆန်းနဲ့တကွ အာဇာနည်ကြီးတွေ လုပ်ကြံခံ ခဲ့ကြရတဲ့ဖြစ်စဉ်   အရင်းခံအကြောင်းတရားတွေ၊ အကျိုးဆက်တွေနဲ့ အဲဒီဖြစ်စဉ်သင်ခန်းစာတွေကို ယနေ့ဖော်ထုတ် ပြုပြင်နိုင်ကြရဲ့လားဆိုတာ အနုလုံ ပဋိလုံစဉ်းစားဖို့လိုပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းကို လုပ်ကြံခဲ့တဲ့ ဂဠုန်ဦးစောဆိုတာကလည်း  နိုင်ငံရေး သမားတစ်ဦးပါ။ မြန်မာ့နိုင်ငံရေးမှာ ရှေ့နေ၊ သတင်း စာဆရာ၊  မင်းတိုင်ပင်အမတ်၊  ပါတီခေါင်းဆောင်၊ နန်းရင်းဝန်၊ လယ်ယာနဲ့ သစ်တောရေးရာဝန်ကြီး၊ ပညာရေးဝန်ကြီး  စတဲ့တာဝန်တွေ  ယူခဲ့တာဖြစ်ပါ တယ်။    မျိုးချစ်ပါတီဖွဲ့စည်းတည်ထောင်ခဲ့သလို ဂဠုန်တပ်ဖွဲ့ကိုလည်း   ဖွဲ့စည်းခဲ့ပါတယ်။   ဆရာစံ သူပုန်အမှုမှာ  လယ်သမားတွေဘက်က   လိုက်ပါ ဆောင်ရွက်ပေးတာမို့  ဂဠုန်ဦးစောလို့ အမည်တွင်ခဲ့ သူပါ။
ဦးစောဟာ ၁၉၄၀ ပြည့်နှစ်မှာ နန်းရင်းဝန် ဖြစ်လာပါတယ်။ ဖဆပလမှာပါဝင်ဖို့    ဗိုလ်ချုပ် အောင်ဆန်းက  စည်းရုံးခဲ့ပေမယ့် မပါဝင်ခဲ့ပါဘူး။ ၁၉၄၆ ခုနှစ် စက်တင်ဘာလ ၂၁ ရက်နေ့မှာ ဦးစော သေနတ်ပစ်ခံရပြီး မျက်စိဒဏ်ရာရခဲ့ပါတယ်။ ဒါကို ဗိုလ်ချုပ်အောင်ဆန်းရဲ့    ပြည်သူ့ရဲဘော်တွေက လုပ်ကြံတာလို့ယူဆပြီး     ဦးစောက     ဗိုလ်ချုပ် အောင်ဆန်းကို ရန်ငြိုးထားခဲ့ပါတယ်။ 
၁၉၄၆  ခုနှစ်မှာ    ဗိုလ်ချုပ်အောင်ဆန်းအစိုးရမှာ   သူ ဝန်ကြီးဖြစ်လာပါတယ်။ ၁၉၄၇  ခုနှစ် ဇန်နဝါရီလ  ၉   ရက်နေ့မှာ   မြန်မာနိုင်ငံလွတ်လပ်ရေးအတွက် ဆွေးနွေးဖို့    ဗိုလ်ချုပ်အောင်ဆန်း    ဦးဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ဝင်အဖြစ်       အင်္ဂလန်ကို သွားရောက်ခဲ့ပြီး ဇန်နဝါရီလ ၂၇  ရက်နေ့ မြန်မာ့ လွတ်လပ်ရေးအတွက်  ချုပ်ဆိုတဲ့  အောင်ဆန်း-အက်တလီစာချုပ်ကို    ဦးစောနဲ့    သခင်ဗစိန်က လက်မှတ်ထိုးဖို့ ငြင်းဆိုပြီး စာချုပ်ကို ကန့်ကွက်ခဲ့ကြ ပါတယ်။ ၁၉၄၇ ခုနှစ်  ဖေဖော်ဝါရီလ  ၁၉  ရက်နေ့ မှာတော့   သခင်ဗစိန်နဲ့အတူ   ဝန်ကြီးအဖြစ်ကနေ နုတ်ထွက်ခဲ့ပါတယ်။  အစိုးရအဖွဲ့မှ   နုတ်ထွက်ပြီး နောက်မှာ သခင်ဗစိန်၊ ဒေါက်တာဘမော်တို့နဲ့အတူ မဟာဗမာအဖွဲ့   ဖွဲ့စည်းပြီး  ဖဆပလအတိုက်အခံ အဖြစ် ဆောင်ရွက်ခဲ့ပြန်ပါတယ်။


၁၉၄၇ ခုနှစ် ဧပြီလမှာလုပ်တဲ့ ရွေးကောက်ပွဲကို သပိတ်မှောက်ဖို့   ဆော်သြခဲ့ပေမယ့်   ဖဆပလက အများစုနိုင်ပြီး   ဗိုလ်ချုပ်အောင်ဆန်းခေါင်းဆောင် ကာ တိုင်းပြည်ပြုလွှတ်တော်ခေါ်ပြီး အခြေခံဥပဒေ ဆွဲခဲ့ပါတယ်။   အဲဒီလိုကာလမှာပဲ  ဂဠုန်ဦးစောဟာ ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်တဲ့   အစိုးရအဖွဲ့ကို အလိုမရှိတဲ့    နယ်ချဲ့အချို့နဲ့    ပူးပေါင်းပြီးနောက် ၁၉၄၇  ခုနှစ်  ဇူလိုင်လ ၁၉  ရက်နေ့မှာ ဗိုလ်ချုပ် အောင်ဆန်းကို လုပ်ကြံလိုက်ပါတော့တယ်။


အထက်က ဖြစ်စဉ်တွေဟာ ပုဂ္ဂိုလ်ရေးအခြေပြု ဖော်ပြနေတာ   မဟုတ်ပါဘူး။    မြန်မာ့နိုင်ငံရေးမှာ အဓိကအခန်းမှပါဝင်နေတဲ့ လက်စားချေနိုင်ငံရေးနဲ့ အကျိုးဆက်ကို ဖော်ပြလိုရင်းဖြစ်ပါတယ်။


အာဇာနည်နေ့အလွန် ၇၄ နှစ်အကြာ
အခုဆိုရင်  အာဇာနည်ခေါင်းဆောင်ကြီးတွေ လုပ်ကြံခံရတာ  နှစ်ပေါင်း    ၇၄    နှစ်ကြာခဲ့ပါပြီ။ ဒီဆယ်စုနှစ်များစွာအတွင်း မြန်မာ့နိုင်ငံရေးရဲ့အသွင် သဏ္ဌာန်တွေ၊    အနှစ်သာရတွေ     ဘယ်လောက် ပြောင်းလာပြီလဲဆိုတာ  ဒီကနေ့   နိုင်ငံမှာဖြစ်ပျက် နေတဲ့    အခြေအနေတွေက    ညွှန်ပြနေပါတယ်။ ခေတ်ကာလအခြေအနေတွေ ပြောင်းလဲလာပေမယ့် အထူးသဖြင့် မြန်မာ့နိုင်ငံရေးရဲ့ အခြေခံအယူအဆ တွေကတော့ မပြောင်းလဲသေးဘူးလို့ ကောက်ချက် ချရမှာပဲ ဖြစ်ပါတယ်။ 
နိုင်ငံတည်ဆောက်ရေးမှာ အခြေခံလိုအပ်တဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊    အမျိုးသား ရင်ကြားစေ့ရေးနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေဟာ ၂၀၁၅     နောက်ပိုင်းရပ်တန့်နေပါတယ်။     နိုင်ငံ တည်ဆောက်ဖို့၊   နိုင်ငံတိုးတက်ဖို့၊    ဒီမိုကရေစီ ဖက်ဒရယ်တည်ဆောက်ဖို့ လိုချင်ကြပေမယ့် နိုင်ငံ ရေးအခြေခံအယူအဆတွေကတော့   ဟိုးလွန်ခဲ့တဲ့ နှစ်ပေါင်း ၇၄  နှစ်ကြာက   နိုင်ငံရေးအယူအဆများ အတိုင်းပဲ အာဃာတနဲ့အတ္တ    အခြေခံနိုင်ငံရေး သဘောတွေ  အမြစ်တွယ်နေဆဲဆိုတာ တွေ့မြင်နေရ ပါတယ်။ ဒီသံသရာကျော့ကွင်းကနေ ရုန်းမထွက်နိုင် သေးဘူးလို့ ဆိုရမှာပါ။ 


၁၉၄၇ ခုနှစ် ဇူလိုင်လ  ၁၉  ရက်နေ့ကတော့ နယ်ချဲ့လက်ပါးစေတွေရဲ့   ကြိုးဆွဲမှုနဲ့    ဦးစောနဲ့ အပေါင်းပါတွေဟာ အာဃာတအခြေခံ၊ အတ္တအခြေ ခံစိတ်တွေနဲ့   လွတ်လပ်ရေးဖခင်ကြီး     ဗိုလ်ချုပ် အောင်ဆန်းအပါအဝင် အာဇာနည်ကိုးဦးကို လုပ်ကြံ ခဲ့ကြပါတယ်။ ယနေ့မှာတော့   နိုင်ငံရေးအာဃာတ တွေ၊ အာဏာလိုချင်တပ်မက်မှုတွေအတွက်  နိုင်ငံရဲ့ အချုပ်အခြာအာဏာကို        ထိပါးနေကြပါပြီ။ အာဃာတနဲ့ အာဏာနိုင်ငံရေးကနေ မဖယ်ခွာဘဲ နဲ့တော့ အားလုံးလိုလားတဲ့ ဒီမိုကရေစီနဲ့ဖက်ဒရယ် ရည်မှန်းချက်အောင်မြင်ဖို့ဆိုတာ    ဆောင်းတွင်း အိပ်မက်အဖြစ်သာ ရှိနေပါလိမ့်ဦးမယ်။
အာဏာထိန်းချုပ်ရေးခြေလှမ်း
၂၀၁၁ ခုနှစ်မှာ နိုင်ငံ့အသွင်ကူးပြောင်းရေးတွေ ကို    အသွင်ကူးပြောင်းရေးမော်ဒယ်တစ်ခုအဖြစ် ပြောင်းလဲနိုင်ခဲ့ပါတယ်။ ငြိမ်းချမ်းရေးတွေ အုတ်မြစ် ချခဲ့ပါတယ်။ အသွင်ကူးပြောင်းရေးဖြေလျှော့မှုတွေ လုပ်ဆောင်ခဲ့ပါတယ်။  အားလုံးပါဝင်တဲ့   နိုင်ငံရေး လုပ်ငန်းစဉ်ဖြစ်ဖို့  ၂၀၁၂   ကြားဖြတ်ရွေးကောက် ပွဲမှာ ပါတီအားလုံးကို ပါဝင်နိုင်စေခဲ့ပါတယ်။ ယခင် က နိုင်ငံရေးသဘောကွဲလွဲမှုတွေကို သင်ပုန်းချေပြီး နိုင်ငံတကာမှာ ရောက်နေသူတွေကိုလည်း ဖိတ်ခေါ် ပါဝင်စေခဲ့တာ မျက်မြင်ပါပဲ။   ဒါပေမဲ့ ၂၀၁၁- ၂၀၁၅   အသွင်ကူးပြောင်းရေးဟာ    ပြီးပြည့်စုံတဲ့၊ ခိုင်မာတဲ့ဒီမိုကရေစီအဆင့်ကိုရောက်ဖို့       အဆင့်တွေ၊ အချိန်တွေ၊ လုပ်ငန်းတွေ များစွာကျန်ရှိခဲ့ပါတယ်။


ဒီမိုကရေစီအနှစ်သာရအတိုင်း        ၂၀၁၅ အထွေထွေရွေးကောက်ပွဲမှာ   အနိုင်ရရှိတဲ့ပါတီကို အေးချမ်းတည်ငြိမ်စွာနဲ့ လွှဲပြောင်းပေးခဲ့တာ သမိုင်း မှတ်တမ်းမှတ်ရာကို ပြန်လည်ကြည့်ရှုနိုင်ပါတယ်။ ပထမငါးနှစ်သက်တမ်းကို      ပြန်လည်သုံးသပ်မယ် ဆိုရင် ၂၀၁၁   မတိုင်မီကာလက    အခြေအနေနဲ့ ၂၀၁၁ နောက်ပိုင်း  နိုင်ငံရေး၊ စီးပွားရေး၊  လူမှုရေး၊ ပညာရေး၊   ကျန်းမာရေး၊    သတင်းလွတ်လပ်ခွင့်၊ နိုင်ငံသားအခွင့်အရေး၊   ဒီမိုကရေစီညွှန်းကိန်းအခြေ အနေတွေကို   ချိန်ထိုးကြည့်နိုင်ပါတယ်။     ၂၀၁၁-၂၀၁၅ ကာလကို ဘယ်လိုရှုမြင်ကြသလဲ၊ သုံးသပ်ကြ သလဲဆိုတာမှာလည်း          ဖန်ခွက်ထဲမှာရှိတဲ့ ရေတစ်ဝက်ကို ရှုမြင်ကြသလိုဖြစ်မှာပါ။ ရေတစ်ဝက် ရှိနေတယ်လို့ အပြုသဘောမြင်မလား၊ ရေတစ်ဝက် လိုနေတယ်လို့     အပျက်သဘောမြင်မလားဆိုတဲ့ အတိုင်းပါပဲ။   တစ်ခါတစ်ရံမှာ    လိုချင်တဲ့အတိုင်း အတာပမာဏနဲ့ လုပ်ဆောင်လို့ရရှိလာတဲ့ ပမာဏ အကြား ကွာခြားချက်တွေကို ဓမ္မဓိဋ္ဌာန်ကျကျရှုမြင် သုံးသပ်ကြရမှာပါ။
၂၀၁၅ အလွန်ကာလမှာတော့   ယခင်ငါးနှစ်က ဆောင်ရွက်ဆဲ         အသွင်ကူးပြောင်းရေးတွေကို ဆက်လက်  အကောင်အထည်ဖော်မှုတွေအနက် နိုင်ငံရေးမှာ အားလုံးပါဝင်တဲ့ နိုင်ငံရေးလမ်းကြောင်း က  သွေဖည်လာပြီး တစ်ပါတီတည်း အလုံးစုံလက်ဝါး ကြီးအုပ်ရေးလမ်းစဉ်ကို ကူးပြောင်းလာခဲ့ပါတယ်။  အဲဒီရဲ့အကျိုးဆက်ကတော့   အသွင်ကူးပြောင်းရေးကို ထိခိုက်စေခဲ့တာပါ။  ၂၀၂၁ ဖေဖော်ဝါရီလ ဖြစ်စဉ်ဟာ ၂၀၂၀  ရွေးကောက်ပွဲဖြစ်စဉ်    တစ်ခုတည်းအပေါ် အခြေခံခဲ့တာလို့ မမြင်ပါဘူး။   အခြေခံအကြောင်း တရားများစွာအနက်က အကြောင်းတရားတစ်ခုသာ ဖြစ်ပါတယ်။ ဒီအခြေခံအကြောင်းတွေဟာ  ၂၀၁၅ အထွေထွေရွေးကောက်ပွဲပြီးလို့ အောင်မြင်စွာအာဏာ လွှဲပြီးနောက်ပိုင်းကတည်းက စတင်ခဲ့တာပါ။ 


အနိုင်ရပါတီ   အာဏာရရှိပြီးတာနဲ့   တာဝန်နဲ့ လုပ်ပိုင်ခွင့်ခွဲဝေတာကအစ တိုင်းရင်းသားဒေသတွေ မှာ တိုင်းရင်းသားတွေကိုနေရာမပေးဘဲ တစ်ပါတီ တည်းက    ကြီးစိုးလာခဲ့ပါတယ်။  အစိုးရအင်စတီ ကျူးရှင်းတွေကို ပါတီလက်အောက်ခံဖြစ်ဖို့ ကြိုးပမ်း ခဲ့ပါတယ်။     ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာလည်း အာဏာရပါတီလွှမ်းမိုးမှုတွေကြောင့်     အမျိုးသား ရင်ကြားစေ့ရေးနဲ့ တိုင်းရင်းသားစည်းလုံးညီညွတ် ရေးတွေ ရပ်တန့်ခဲ့ရတာ ၂၁ ရာစု ပင်လုံအစည်းအဝေး တွေက သက်သေတွေပဲ ဖြစ်ပါတယ်။


 ၂၀၁၅-၂၀၂၀  ကာလအတွင်း  နိုင်ငံ့အသွင် ကူးပြောင်းရေးမှာ    ဒီမိုကရေစီနဲ့     ဖက်ဒရယ် တည်ဆောက်ဖို့အတွက်      အခြေခံတွေဖြစ်တဲ့ နိုင်ငံရေး၊    တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ အမျိုးသားရင်ကြားစေ့ရေးနဲ့   ငြိမ်းချမ်းရေးတွေမှာ အားအနည်းဆုံးအဖြစ် တွေ့ရမှာဖြစ်ပါတယ်။ အထူး သဖြင့်   ခိုင်မာတဲ့ဒီမိုကရေစီနိုင်ငံရေးစနစ်ဖြစ်ဖို့ ဒေါက်တိုင်တွေဖြစ်တဲ့ အင်စတီကျူးရှင်းတွေ ခိုင်မာ အောင်   တည်ဆောက်ခြင်းထက်    တစ်ပါတီတည်းက အာဏာထိန်းချုပ်ရေးဆီကို     ဦးတည်ခဲ့ပါတယ်။ ဒါကြောင့်လည်း   အင်စတီကျူးရှင်းတွေအကြား၊ တိုင်းရင်းသားတွေအကြား၊    နိုင်ငံရေးပါတီတွေ အကြား၊   ငြိမ်းချမ်းရေးမှာပါဝင်တဲ့   အဖွဲ့အစည်း အသီးသီးတွေအကြား ယုံကြည်မှုနဲ့ ရင်ကြားစေ့မှု တွေ ပျောက်ဆုံးသွားခဲ့ကြတာဟာ ဒီမိုကရေစီအသွင် ကူးပြောင်းရေးကို    လမ်းချော်စေတဲ့     အခြေခံ အကြောင်းတရားတွေပဲဖြစ်ပါတယ်။ 


အကြမ်းဖက်လုပ်ရပ်များရဲ့
နောက်ကွယ်က ရည်ရွယ်ချက်


အာဃာတနိုင်ငံရေးတွေ၊         ကိုယ်ကျိုးအတ္တ သမားတွေကြောင့် လွတ်လပ်ရေးဖခင်ကြီး ဆုံးရှုံး ခဲ့ရတာကို ဒီကနေ့ သင်ခန်းစာယူဖို့ အချိန်တန်ပါပြီ။ ဗိုလ်ချုပ်အောင်ဆန်း   ကျဆုံးခဲ့ရလို့ မြန်မာ့နိုင်ငံရေး မှာလည်း အကျိုးဆက်တွေအများကြီးခံစားခဲ့ရပါ တယ်။     ဒီကနေ့မှာလည်း        ဒီမိုကရေစီအသွင် ကူးပြောင်းရေးလမ်းကြောင်းပေါ် ရှိနေဆဲပါ။ ဒါပေမဲ့    ဒီမိုကရေစီနဲ့ ဖက်ဒရယ်တည်ဆောက်ဖို့ဆိုရင် ဒီမို ကရေစီနဲ့  ဖက်ဒရယ်လိုလားတဲ့    လူပုဂ္ဂိုလ်တစ်ဦး ချင်းမှာဖြစ်စေ၊   အဖွဲ့အစည်းတွေမှာဖြစ်စေ   ရေခံ မြေခံကောင်းတွေရှိဖို့ လိုအပ်ပါတယ်။ ဒီမိုကရေစီ လိုလားတယ်ဆိုပြီး    တစ်ပါတီအာဏာရှင်စနစ် တည်ဆောက်တာ၊ အကြမ်းဖက်လမ်းစဉ်ကို  ကိုင်စွဲ ထားတာတွေဟာ အပြောနဲ့အလုပ်၊  ရည်မှန်းချက်နဲ့  အကောင်အထည်ဖော်မှုကို         ပြဒါးတစ်လမ်း၊ သံတစ်လမ်းဖြစ်စေပါတယ်။  

 


ဒီနေ့ဆိုရင် ဒီမိုကရေစီအတွက်ဆိုပြီး အကြမ်း ဖက်မှုတွေကို လုပ်ဆောင်နေကြပါတယ်။ လူငယ် တွေကို သွေးထိုးမြှောက်ပင့်ပေးပြီး အကြမ်းဖက် ဝါဒတွေ   သွတ်သွင်းနေတာ    တွေ့ရပါတယ်။ အကြမ်းဖက်လုပ်ငန်းတွေလုပ်ဖို့  သင်တန်းတွေ ဖွင့်ပေးနေပြီး ပြည်သူအချင်းချင်း သတ်ဖြတ်နေတာ တွေဟာ ဒီမိုကရေစီအတွက် တိုက်ပွဲဝင်နေတာ၊ နိုင်ငံအတွက်    တော်လှန်နေတာ  မဟုတ်ပါဘူး။ ဒီမိုကရေစီအတွက်ဆိုပြီး     ဘယ်နိုင်ငံမှာများ ကျောင်းတွေကို မီးရှို့၊ ကျောင်းသား ကျောင်းသူတွေ ကို  ကျောင်းမတက်ခိုင်း၊    ဆရာ   ဆရာမတွေကို သတ်ဖြတ်တာရှိပါသလဲ။ 


ကိုယ်နဲ့  သဘောထားမတိုက်ဆိုင်သူမှန်သမျှ ကို   ရန်သူသတ်မှတ်နေတာက   ငါကိုဗဟိုပြုတဲ့  ငါမိုကရေစီတွေပဲ ဖြစ်ပါလိမ့်မယ်။ အခုလို ကိုဗစ်- ၁၉    ကူးစက်မှုတွေ    များပြားနေချိန်မှာတောင် ပြည်သူတွေရဲ့အသက်တွေကို  မငဲ့ကွက်ဘဲ လူစု  လူဝေးနဲ့ ဆန္ဒပြခိုင်းနေတာတွေ၊  အကြမ်းဖက်ခိုင်း နေတာတွေဟာ အငှားဗိုက်နဲ့  ဓားထိုးခံနေကြတာ ပါ။ ၂၀၂၀  ရွေးကောက်ပွဲမှာလည်း   ကိုဗစ်-၁၉ ကူးစက်မှုမြင့်မားနေတဲ့ကြားမှာ လူထုရဲ့ကျန်းမာ ရေးထက်    ပါတီအောင်နိုင်ရေးကို    အုန်းအုန်း ကျွက်ကျွက်   လုပ်ဆောင်ခဲ့တာ ပူပူနွေးနွေးပဲရှိပါ သေးတယ်။ ဒီတော့ ကိုယ်ကိုယ်တိုင် အာဏာရတုန်း ကရော    ပြည်သူတွေအပေါ်    ဘယ်လောက် လှည့်ကြည့်ခဲ့ကြသလဲ ချိန်ထိုးစဉ်းစားကြရမှာပါ။ 


ဒီတော့   လူထုအကျိုးစီးပွားနဲ့     နိုင်ငံအကျိုး စီးပွားကို ပျက်စီးစေတဲ့ အကြမ်းဖက်လုပ်ရပ်တွေ ကို   ဦးဆောင်နေသူတွေ၊    ထောက်ပံ့ပေးနေသူ အသီးသီးရဲ့နောက်ကွယ်က        ရည်ရွယ်ချက်ကို မြင်အောင်ကြည့်ကြဖို့လိုပါပြီ။ ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခံရသလို   အခုလည်း    ခေတ်သစ်ကိုလိုနီ ဝါဒီတွေရဲ့နောက်ကွယ်က    ကြိုးကိုင်တဲ့အတိုင်း အကောင်အထည်ဖော်နေကြတာတွေဟာ     သူတို့ အာဏာရဖို့၊    ငွေကြေးရဖို့    အာဃာတနိုင်ငံရေးနဲ့ ပြည်သူတွေအချင်းချင်း     အကြမ်းဖက်သတ်ဖြတ်ခိုင်း နေကြတာပဲဖြစ်ပါတယ်။    


ဒီတော့ စဉ်းစားစရာရှိပါတယ်။ ၂၀၁၅-၂၀၂၀ ဒီမိုကရေစီလမ်းကြောင်းပေါ်မှာ  ရောက်နေတုန်း က၊   ကိုယ်ကိုယ်တိုင် အာဏာရနေစဉ်တုန်းက     ဒီမိုကရေစီလမ်းခရီး   ပိုမိုဖြောင့်ဖြူးဖို့၊   ခိုင်မာဖို့၊ ဖက်ဒရယ်တည်ဆောက်ဖို့၊ တိုင်းရင်းသားစည်းလုံး ညီညွတ်ဖို့၊ အမျိုးသားရင်ကြားစေ့ဖို့ လုပ်နိုင်ပါရက် နဲ့ မလုပ်ခဲ့ပါဘဲ    အခုလိုအာဏာလက်မဲ့တဲ့အချိန်မှ   ဒီမိုကရေစီနဲ့    ဖက်ဒရယ်ပြောပြီး       အကြမ်းဖက် လုပ်ရပ်တွေ လုပ်ဆောင်နေတာတွေဟာ လူထုကို လှည့်ဖြားပြီး    အာဏာပြန်လည်ရရှိရေးကြိုးစားနေခြင်းပဲ ဖြစ်ပါတယ်။


ဒုတိယမ္ပိလုပ်ကြံမခံရဖို့


လွတ်လပ်ရေးဖခင်ကြီး   ဗိုလ်ချုပ်အောင်ဆန်း ကတော့   နယ်ချဲ့လက်ပါးစေတွေရဲ့   လက်ချက်နဲ့ ကျဆုံးခဲ့တာ နှစ်ပေါင်း ၇၀   ကျော်ခဲ့ပါပြီ။    မိအေး တစ်ခါနာခဲ့ရပြီးပါပြီ။  အခုတစ်ခါ  ခေတ်သစ်ကိုလိုနီ လက်ပါးစေတွေက   မြန်မာနိုင်ငံကို   ဒုတိယမ္ပိ လုပ်ကြံဖို့  ကြိုးစားနေကြပါတယ်။  အာဏာရှိစဉ် တုန်းကတောင်   ဒီမိုကရေစီနဲ့   ဖက်ဒရယ်ကို ဂရုမစိုက်ခဲ့ဘဲ မိမိအာဏာခိုင်မြဲရေးတည်ဆောက်ခဲ့ သူတွေက   အခုလိုကာလမှာ     ဒီမိုကရေစီတွေ၊ ဖက်ဒရယ်တွေ၊ တိုင်းရင်းသားအရေးတွေ၊ ပြည်သူ့ အရေးတွေ  ပြောဆိုနေတာတွေဟာ   ရှေ့နောက် ကြောင်းကျိုးမညီသလို ယုတ္တိလည်းမတန်ပါဘူး။ ဒါကြောင့်  ဗိုလ်ချုပ်အောင်ဆန်းနဲ့    အာဇာနည် ခေါင်းဆောင်ကြီးတွေ      လုပ်ကြံခံရတဲ့သမိုင်း ဖြစ်စဉ်လို  ဒီနေ့အာဃာတနဲ့ အတ္တနိုင်ငံရေးသမား တွေလက်ချက်နဲ့      မြန်မာနိုင်ငံနဲ့     ပြည်သူတွေ လုပ်ကြံမခံရရေး သင်ခန်းစာယူကြဖို့ အချိန်တန် ပါပြီ။        ။