
အားကစားတိုးတက်ရေးအတွက် လာမည့် ငါးနှစ်အတွင်း
ဆောင်ရွက်မည့်အစီအစဉ်များ စီမံချက်ရေးဆွဲခြင်း အစည်းအဝေး ကျင်းပ
===========================================================================================================
နေပြည်တော် စက်တင်ဘာ ၈
အားကစားဖွံ့ဖြိုးတိုးတက်ရေးအတွက် ရှေ့လာမည့် ငါးနှစ် အတွင်း ဆောင်ရွက်မည့် အစီအမံများ နှစ်အပိုင်းအခြား အလိုက် စီမံချက်ရေးဆွဲခြင်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အားကစားနှင့် ကာယပညာဦးစီးဌာန၌ ဗီဒီယိုကွန်ဖရင့်ဖြင့် ကျင်းပသည်။
အစည်းအဝေးသို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်၊ အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်၊ ဒုတိယအမြဲတမ်းအတွင်းဝန် ဦးသိန်းထွန်းလတ်၊ အားကစား နှင့် ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်များ ဖြစ်ကြသော ဦးထွန်းမြင့်ဦး၊ ဦးကျော်ဆန်း၊ ဦးကျော်ဦး၊ ဌာနခွဲညွှန်ကြားရေးမှူးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ညွှန်ကြားရေးမှူးများ၊ အားကစားနှင့် ကာယပညာသိပ္ပံ ကျောင်းအုပ်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြ သည်။
အစည်းအဝေးတွင် ဒုတိယဝန်ကြီး ဒေါက်တာ မြလေးစိန်က ကိုဗစ်-၁၉ ရောဂါသည် နိုင်ငံအတွင်းသို့ လျင်မြန်စွာ ပျံ့နှံ့နေသည်ဖြစ်၍ မိမိ၏ဌာန၊ မိမိပတ်ဝန်းကျင်၊ မိမိတို့ မိသားစုတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနက ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်သော ညွှန်ကြားချက် များကို တိကျစွာလိုက်နာရန် ဝိုင်းဝန်းတိုက်တွန်းဆောင် ရွက်စေလိုကြောင်း၊ ကိုဗစ်-၁၉ တိုက်ဖျက်ရေး၊ ကုသရေး အတွက် နေရာအခက်အခဲများ ဖြစ်ပေါ်လာနိုင်သည်ဖြစ်၍ အားကစားနှင့် ကာယပညာဦးစီးဌာန လက်အောက်ရှိ အားကစားကွင်း/ရုံနှင့် ကျောင်းများကို သေချာစနစ်တကျ ပြည့်ပြည့်စုံစုံ ကူညီဆောင်ရွက်နိုင်ရန် အသင့်အနေအထား ဖြစ်စေလိုကြောင်း၊ ယခုကျင်းပသည့် အားကစားဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ ငါးနှစ်တာ စီမံချက်နှင့်ပတ်သက်၍ ပြည်ထောင်စုဝန်ကြီးထံ တင်ပြရာတွင် ပြည်ထောင်စုဝန်ကြီး က ကောင်းမွန်သည့် အစီအစဉ်ဖြစ်ကြောင်းနှင့် မိမိတို့နှစ် အလိုက် လုပ်ဆောင်မည့်လုပ်ငန်းများကို ဦးစားပေးအဆင့် သတ်မှတ်ချက်ဖော်ပြပေးရန် လိုအပ်ကြောင်း၊ လုပ်ငန်း အကောင်အထည်ဖော်ပြီးမြောက်မှု ဆန်းစစ်ချက်များ ပြုလုပ်ရန် လိုအပ်ကြောင်း၊ အစည်းအဝေးကို တက်ရောက် လာကြသူများအနေဖြင့် အပြုသဘောဆောင်သော အကြံဉာဏ်ကောင်းများဖြင့် ပွင့်ပွင့်လင်းလင်းဝိုင်းဝန်း အကြံပြုဆွေးနွေးစေလိုကြောင်း ပြောကြားသည်။
ယင်းနောက် အားကစားနှင့် ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီး ဦးကျော်စိုးမိုး၊ အားကစားနှင့် ကာယပညာ သိပ္ပံ(မန္တလေး)ကျောင်းအုပ်ကြီး ဦးမြင့်ခိုင်နှင့် အားကစားနှင့် ကာယပညာသိပ္ပံ(တောင်ကြီး)ကျောင်းအုပ်ကြီး ဦးနိုင်လင်း အောင်တို့က ကဏ္ဍအလိုက် ဆွေးနွေးတင်ပြသည်။
ထို့နောက် တိုင်းဒေသကြီးနှင့် ပြည်နယ်ညွှန်ကြား ရေးမှူးများက အားကစားနှင့် ကာယပညာသိပ္ပံကျောင်းများ နှင့် သက်ဆိုင်သော သင်တန်းသားရွေးချယ်မှုဆိုင်ရာများ၊ ပြိုင်ပွဲများဆိုင်ရာကိစ္စရပ်များ၊ လေ့ကျင့်ရေးဆိုင်ရာကိစ္စရပ် များ၊ ပညာသင်ကြားရေးဆိုင်ရာကိစ္စရပ်များ၊ ဒေသနှင့် လျော်ညီသည့် လူရွေးချယ်မှုဆိုင်ရာကိစ္စရပ်များ၊ နေထိုင် စားသောက်ရေး၊ အားကစားနှင့် ကာယပညာသိပ္ပံကျောင်း များနှင့် အားကစားအဖွဲ့ချုပ်များဆိုင်ရာ အကြံပြုချက်များ နှင့် အားကစားနှင့် ကာယပညာသိပ္ပံ ကျောင်းသားဟောင်း များ၏ ဘဝအာမခံချက်ဆိုင်ရာကိစ္စရပ်များကို အကြံပြု တင်ပြခဲ့ကြပြီး ဒုတိယဝန်ကြီးက နိဂုံးချုပ်သုံးသပ်အမှာ စကား ပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်