အားလုံးအတွက် အကျိုးများစေမည့် ဆီထွက်သီးနှံဆိုင်ရာ ရင်းနှီးမြှုပ်နှံမှု

 

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်က  ဆီထွက်သီးနှံ မျိုးစေ့ ထုတ်လုပ်ခြင်း၊  အကျိုးတူ  ကန်ထရိုက်လယ်ယာ  (Contract Farming) စနစ်ဖြင့် စိုက်ပျိုးခြင်း၊ စားသုံးဆီအမျိုးမျိုး ကြိတ်ခွဲ ထုတ်လုပ်ခြင်းလုပ်ငန်းများကို ဦးစားပေး၍ ပြည်တွင်းပြည်ပမှ စိတ်ပါဝင်စားသည့် ရင်းနှီးမြှုပ်နှံသူများကို  ဖိတ်ခေါ်လျက်ရှိသည်။ အဆိုပြုလွှာများ တင်ပြလာပါက   ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ လွယ်ကူချောမွေ့စွာ ဆောင်ရွက်နိုင်ရေးအတွက်   မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၊ သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ တိုင်း ဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့တို့က  လိုအပ်သည်များကို မြန်ဆန်သွက်လက်စွာ     ပံ့ပိုးကူညီဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်းဖြင့်လည်း အသိပေးထုတ်ပြန်ကြေညာထားသည်။

 


မြန်မာနိုင်ငံသည် ပြည်တွင်း၌ ဆီသီးနှံစိုက်ပျိုးထုတ်လုပ်နိုင် သော်လည်း ပြည်တွင်းစားသုံးမှုက  ပိုမိုများပြားသည့်အတွက် လိုအပ်ချက်ကို  ပြည်ပမှာ တင်သွင်းနေရသည့် နိုင်ငံဖြစ်သည်။ ပြည်တွင်းဆီစားနှုန်းမှာ လူတစ်ဦး တစ်နေ့လျှင် ဆီ  ၂  ဒသမ ၂၅ ကျပ်သား စားသုံးနေပြီး နှစ်စဉ် ဆီတန်ချိန် ၁ ဒသမ ၁ သန်း ကျော်  လိုအပ်သော်လည်း ပြည်တွင်းမှ တန်ချိန် လေးသိန်းကျော် သာ ထုတ်လုပ်နိုင်သည့်အတွက် လိုအပ်ချက်၏ ၆၀ ရာခိုင်နှုန်းမှ ၇၀ ရာခိုင်နှုန်းအထိ  ပြည်ပမှ တင်သွင်းနေရသည်။ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ပြည်ပမှ  စားအုန်းဆီ တန်ချိန် ရှစ်သိန်းကျော် တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ သန်း ၈၃၀ ကျော်ဖိုး တင်သွင်း ခဲ့ရာ ပြည်တွင်းဆီဈေးကွက်ပမာဏကို တွေ့မြင်နိုင်သည်။ 

 


မြန်မာနိုင်ငံတွင် ဆီထွက်သီးနှံများအဖြစ် မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲပုပ်၊ ပြောင်း၊ ဆီမုန်ညင်း၊ ဆီအုန်းစသည်တို့ကို စိုက်ပျိုးလျက် ရှိသည်။ ပြည်တွင်းစိုက်ပျိုးသီးနှံများတွင် ဆီထွက်သီးနှံစိုက်ပျိုး မှုသည် တတိယအများဆုံးဖြစ်ပြီး    စုစုပေါင်းစိုက်ဧကများ၏ ၁၆ ရာခိုင်နှုန်း၊ စိုက်ဧကအားဖြင့် ဧက ၈ ဒသမ ၁ သန်းခန့်ရှိသည်။ ပြည်တွင်းဆီစားသုံးသူများမှာ မြေပဲဆီနှင့် နှမ်းဆီတို့ကို အဓိက ကြိုက်နှစ်သက်ကြသော်လည်း   ပြည်ပမှ    တင်သွင်းလာသည့် စားအုန်းဆီဈေးနှုန်းချိုသာမှုက ဝင်ငွေနည်းမိသားစုများ၊ အခြေခံ လူတန်းစားများအတွက် အဓိကရွေးချယ်စရာ  ဖြစ်လာသည်။ ထို့အပြင် လက်လီဈေးကွက်များတွင် အရည်အသွေးနိမ့်ကျပြီး ဘေးအန္တရာယ်ကင်းရှင်းမှု အာမခံချက်မရှိသည့် ဆီများရောင်းချ လျက်ရှိရာ ၎င်းဆီများကို  ဝယ်ယူစားသုံးနေမှုများလည်း    ပမာဏ ကြီးကြီးမားမားရှိနေသည်။

 


ယခု  ဆီထွက်သီးနှံဆိုင်ရာ     ရင်းနှီးမြှုပ်နှံမှုများအတွက် ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံသူများကို ဖိတ်ခေါ်လိုက်ခြင်းက ပြည်တွင်းစားသုံးဆီထုတ်လုပ်မှု လိုအပ်ချက်ကို ဖြည့်ဆည်းနိုင် ရန်နှင့် ရေရှည်တွင် စားသုံးဆီစိုက်ပျိုးထုတ်လုပ်သည့်   နိုင်ငံ တစ်နိုင်ငံအဖြစ် ရပ်တည်လာနိုင်ရန် ကြိုးပမ်းမှုစတင်လုပ်ဆောင် လိုက်ခြင်းပင်ဖြစ်သည်။  မြန်မာနိုင်ငံသည် စိုက်ပျိုးရေးအဓိက နိုင်ငံတစ်နိုင်ငံဖြစ်သော်လည်း တောင်သူတစ်ဦးချင်းအနေဖြင့် လည်းကောင်း၊ မြေတစ်ဧကချင်းအနေဖြင့် လည်းကောင်း ထုတ်လုပ် နိုင်စွမ်းနည်းပါးလျက်ရှိရာ ဒေသတွင်းနိုင်ငံများ၏ ထုတ်လုပ်နိုင်မှု များနှင့် နှိုင်းယှဉ်ပါက များစွာနိမ့်ကျလျက်ရှိသည်။

 

မြန်မာ့လယ်ယာ စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အဓိကလိုအပ်ချက်များတွင် ရင်းနှီးမြှုပ်နှံမှု၊  စိုက်ပျိုးရေးဆိုင်ရာ ခေတ်မီနည်းပညာများနှင့် ပံ့ပိုးကူညီပေးမည့်စနစ်များဖြစ်သည်ဟု သုတေသီတို့ကဆိုသည်။  ယင်းလိုအပ်ချက်ထက်ပို၍   အရေးအကြီးဆုံးသောအချက်မှာ တောင်သူလယ်သမားများကိုယ်တိုင်က တိုးတက်ကြီးပွားလိုသည့် စိတ်ဆန္ဒထက်သန်စွာဖြင့် ကြိုးပမ်းလုပ်ကိုင်ကြရေးဖြစ်သည်ဟု ဆိုသည်။

 


ဆီထွက်သီးနှံဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုများက  ဆီထွက်သီးနှံ မျိုးစေ့ထုတ်လုပ်ခြင်း၊  အကျိုးတူ ကန်ထရိုက်လယ်ယာစိုက်ပျိုး ခြင်းနှင့် စားသုံးဆီအမျိုးမျိုး ကြိတ်ခွဲထုတ်လုပ်ခြင်းကဏ္ဍများကို  တစ်ခေတ်ဆန်းစေပြီး ရင်းနှီးမြှုပ်နှံသူများအတွက်ရော၊ တောင်သူ များနှင့်    စိုက်ပျိုးထုတ်လုပ်ကြိတ်ခွဲထုပ်ပိုး     ဖြန့်ချိစသည့် ကွင်းဆက်တစ်လျှောက်လုံး     ပါဝင်လုပ်ကိုင်သူများအတွက်ပါ အကျိုးများစေမည်ဟု ယုံကြည်မိပါကြောင်း။    ။