အားလုံးအတူ ဝိုင်းဝန်းပါဝင်ကူညီ

 

ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာနှင့် ထိတွေ့ခဲ့သူများ၊ မိမိ ကိုယ်ကိုယ် ကိုဗစ်-၁၉ ရောဂါသံသယရှိသူများ ကျန်းမာရေးစောင့် ရှောက်မှုခံယူနိုင်သည့်အစီအစဉ်များ ထုတ်ပြန်လိုက်ရာ ၎င်းအစီအစဉ် အရ ကိုဗစ်-၁၉   သံသယရှိပါက   သက်ဆိုင်ရာ   မြို့နယ်‌ဒေသန္တရ ကျန်းမာရေးဌာန သို့မဟုတ် မြို့နယ်ဆေးရုံများသို့ သွားရောက်သတင်း ပို့ရမည်ဖြစ်သည်။  မြို့နယ်တွင်သတင်းပို့သည့်    သံသယရှိသူအား ဓာတ်ခွဲစစ်ဆေးပေးမည်ဖြစ်ပြီး ရောဂါပိုးတွေ့ရှိပါက ဓာတ်ခွဲအတည် ပြုလူနာများအနေဖြင့် မိမိတို့၏ မြို့နယ်၊ တိုင်းဒေသကြီး၊ ပြည်နယ် ကျန်းမာရေးကော်မတီသို့ ပြန်လည်သတင်းပေးပို့ရမည်ဖြစ်သည်ဟု သိရသည်။


မြို့နယ်ဒေသန္တရကျန်းမာရေးဌာန သို့မဟုတ် မြို့နယ်ဆေးရုံများ နှင့် မြို့နယ်၊ တိုင်းဒေသကြီး၊ ပြည်နယ်ကျန်းမာရေးကော်မတီ ၎င်းမှ တစ်ဆင့် ပြည်သူ့ဆေးရုံများသို့ လူနာတက်ရောက်ကုသမှုခံယူနိုင်ရေး စီမံခန့်ခွဲမှုကော်မတီတို့က ဓာတ်ခွဲအတည်ပြုလူနာကို သက်ဆိုင်ရာ ပြည်သူ့ဆေးရုံများ၊   ကိုဗစ်-၁၉   ရောဂါကုသရေးစင်တာများသို့ ပို့ဆောင်ပေးသွားမည်ဟု   စီစဉ်ထားရာ  သတင်းပေးပို့မှု၊  ဆေးရုံ   တက်ရောက်ကုသခွင့်ရရှိမှုတို့အတွက်    လွယ်ကူလျင်မြန်  အဆင်ပြေ ချောမွေ့ရန် လိုအပ်မည်ဖြစ်သည်။ ကပ်ရောဂါကူးစက်မှုမြင့်တက်လာ ခြင်းကြောင့် ကုသရေးဆေးရုံများတွင်   ဝန်နှင့်အားမမျှသည့်အခြေ အနေများဖြစ်ပေါ်လာရာ ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ များအနက် ရောဂါမပြင်းထန်သူများမှာ ကိုဗစ်-၁၉ ကုသရေးစင်တာ များဆီသို့ ညွှန်းပို့သွားမည်ဖြစ်သည့်အတွက်    ကျေးရွာအလိုက်၊ ရပ်ကွက်အလိုက် ရပ်မိရပ်ဖများ၊ လူမှုကူညီရေးအသင်းအဖွဲ့များ၏ ဝိုင်းဝန်းပူးပေါင်းကူညီမှုများမှာ လွန်စွာအရေးပါလာသည်။


ရောဂါလက္ခဏာပြင်းထန်သူများ၊   အရေးပေါ်လူနာများမှာမူ သက်ဆိုင်ရာပြည်သူ့ဆေးရုံများနှင့် ကိုဗစ်-၁၉  ရောဂါ   ကုသရေး စင်တာများသို့ တိုက်ရိုက်သွားရောက်ကုသမှုခံယူနိုင်မည်ဖြစ်သည်။ ကိုဗစ်-၁၉ ကူးစက်ခံရမှုသံသယအခြေအနေမှသည် ဓာတ်ခွဲအတည် ပြုလူနာအဖြစ် ကုသမှုခံယူရသည့်အခြေအနေအထိ ရောဂါစစ်ဆေး မှုနှင့် ကုသမှုခံယူရာတွင်    လူနာများအား  ဒေသန္တရအဆင့်၊ မြို့နယ် အဆင့်၊ တိုင်းဒေသကြီး/ပြည်နယ်အဆင့်၊   ဗဟိုအဆင့်   စသည်ဖြင့် အဆင့်လိုက်ညွှန်းပို့ဆောင်ရွက်ခြင်းဖြင့်   ကျန်းမာရေးစနစ်ရှိသော် လည်း ကပ်ရောဂါဖြစ်ပေါ်လာသည့် အခြေအနေအရ မနိုင်ဝန်ထမ်း နေရသည့်အဖြစ်သို့ ရောက်ရှိလာရာ ပြည်သူအားနှင့် ဝိုင်းဝန်းကူကြရန် လိုအပ်လျက်ရှိသည်။


ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင်   မိမိတို့၏ဆန္ဒအလျောက် တာဝန်ထမ်းဆောင်လိုသူများမှာ ကိုဗစ်-၁၉ ရောဂါကုသရေးလုပ်ငန်း၊  ဆေးရုံသုံးပစ္စည်းကိရိယာများ  ပြင်ဆင် ထိန်းသိမ်းခြင်းလုပ်ငန်း၊   လူနာသတင်းအချက်အလက်စီမံခန့်ခွဲမှု လုပ်ငန်း၊ လူနာလွှဲပြောင်းပေးပို့ခြင်းလုပ်ငန်းနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးလုပ်ငန်းများတွင် စေတနာ့ဝန်ထမ်းများ  လိုအပ် လျက်ရှိသည့်အလျောက် စေတနာ့ဝန်ထမ်းအဖြစ် ကာယအား၊  ဉာဏ အားတို့ဖြင့် ပါဝင်ကူညီထမ်းဆောင်ကြရန်လည်း    ကျန်းမာရေးနှင့်  အားကစားဝန်ကြီးဌာနက မေတ္တာရပ်ခံလျက်ရှိသည်။


မျိုးရိုးဗီဇပြောင်းလဲလာသည့်          ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲများ ပေါ်ထွက်လာမှုကြောင့် ကပ်ရောဂါကူးစက်မှု မြင့်တက်လာခြင်းကို တစ်ကမ္ဘာလုံးရှိ နိုင်ငံကြီး နိုင်ငံငယ်အားလုံးတို့ ခံစားနေကြရသည်။ မိမိတို့နိုင်ငံကဲ့သို့ အဘက်ဘက်မှ အားနည်းချက်ရှိသည့်  နိုင်ငံအနေ ဖြင့် အားလုံးအတူဝိုင်းဝန်းပါဝင်ကူညီခြင်း၊ အပြန်အလှန်စောင့်ရှောက် ခြင်းတို့ဖြင့်  ကပ်ရောဂါကို   ရင်ဆိုင်ကျော်လွှားကြရမည်ဖြစ်သည့်   အလျောက် ငွေအား၊ လူအား၊ အတတ်ပညာအား၊ ကာယအား၊ ဉာဏ အားတို့ ပါဝင်လှူဒါန်းကြရပါမည့်အကြောင်း။             ။