တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေးရရှိရေးအတွက် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) ပါ သဘော တူညီချက်များအတိုင်း ဖြစ်နိုင်သမျှ အလေးထားလုပ်ဆောင်သွားရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅) ရပ်တွင် ထည့်သွင်းချမှတ်ထားသည်။ ထို့အပြင် ဦးတည်ချက် (၉) ရပ်တွင် လည်း တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေးရရှိရေးအတွက် တစ်နိုင်ငံ လုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) ပါအတိုင်း အလေးထားလုပ်ဆောင်ရေးဟူသော နိုင်ငံရေးဦးတည်ချက်တစ်ရပ် ပါရှိသည်။ ဤသည်မှာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေ ဖြင့် နိုင်ငံ့တာဝန်ကို ရယူထမ်းဆောင်နေစဉ်ကာလအတွင်း ငြိမ်းချမ်း ရေးလုပ်ငန်းစဉ်များကို မပျက်မကွက် အလေးအနက် ဆက်လက် ဆောင်ရွက်သွားမည်ဟူသော သန္နိဋ္ဌာန်ကို ရှင်းရှင်းလင်းလင်း ပြသထားခြင်းပင်ဖြစ်သည်။
နိုင်ငံတော်အစိုးရအဆက်ဆက်ကို လက်နက်ကိုင်ဆန့်ကျင် ခဲ့ကြသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (EAOs) များသည်ပင် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန်၊ စစ်ရေး နည်းလမ်းကို ရှောင်ရှား၍ တွေ့ဆုံဆွေးနွေးအဖြေရှာရန် ကြိုးပမ်း နေကြချိန်တွင် အကြမ်းဖက် NUG အဖွဲ့က ပြည်သူလူထုနှင့် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေမည့် လှုံ့ဆော်ကြေညာချက်ကို ထုတ်ပြန်ခဲ့သည်။ ထို့အပြင် NLD ပါတီစွန်းရောက်များ၊ NUG၊ CRPH နှင့် PDF အမည်ခံ အကြမ်းဖက်အုပ်စုများက အပြစ်မဲ့ပြည်သူများ ကို သတ်ဖြတ်ခြင်း၊ မြို့ရွာများ ထိတ်လန့်ချောက်ချားစေရန် ဗုံးခွဲ၊ တိုက်ခိုက်၊ ပစ်ခတ်ခြင်းများကို အဆက်မပြတ်ပြုလုပ်လျက်ရှိသည်။ NUG ၏ အကြမ်းဖက်လှုံ့ဆော်ကြေညာချက်ကို လက်နက်ကိုင် အဖွဲ့အစည်းအချို့မှ အစိတ်အပိုင်းအချို့နှင့် PDF အကြမ်းဖက်တို့က နောက်မှ သံယောင်လိုက် ထုတ်ပြန်ပြောဆိုခဲ့ကြသော်လည်း NCA ကို အလေးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကမူ လိုလားလက်ခံမှုမရှိသည်ကို တွေ့ရသည်။
တပ်မတော်သည် တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေးရရှိရေး တည်ဆောက်နိုင်ရန် လက်တွေ့ကျသော လုပ်ဆောင်ချက်များအဖြစ် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးနှင့် ထာဝရငြိမ်းချမ်းရေး ထုတ်ပြန်ချက် များကို ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်နေ့မှစ၍ အကြိမ်ပေါင်း ၂၀ ထုတ်ပြန်ခဲ့ရာ ယနေ့အထိ ၂ နှစ်နှင့် ၈ လကျော် ကြာမြင့်ခဲ့ပြီဖြစ်သည်။ ထို့အပြင် တပ်မတော်၏ ငြိမ်းချမ်းရေးဆွေးနွေးမှုကော်မတီကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ပြင်ဆင်ဖြည့်စွက်ဖွဲ့စည်းကာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် တပ်မတော်တို့ ဆွေးနွေး နိုင်ရန်အတွက် လမ်းဖွင့်ပေးထားခဲ့သည်။ ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါ ကျရောက်မှု ကာလရှည်ကြာလာသည်နှင့်အမျှ နိုင်ငံအတွင်း စီးပွားရေး၊ လူမှုရေး၊ ပညာရေး စသည်ဖြင့် အဘက်ဘက်မှ ထိခိုက် ဆုံးရှုံးမှုများဖြစ်ပေါ်နေရာ ပြည်သူလူထုအတွင်း၌လည်း ထိခိုက်မှု များ ခံစားနေကြရသည်။ အလုပ်အကိုင်များ လက်လွတ်ဆုံးရှုံးကြ ရခြင်း၊ စိုက်ပျိုးထွက်ကုန်သီးနှံများ ဈေးကွက်ဝယ်လက်လျော့နည်း သွားခြင်း၊ ရောင်းဝယ်ကုန်သွယ်မှုများ တုံ့ဆိုင်းသွားခြင်းတို့နှင့် ဆက်နွှယ်ကာ မြို့ပေါ်နှင့် ကျေးလက်တို့တွင်ရှိသော ဝင်ငွေနည်း ပြည်သူလူထုတို့မှာ အခံရဆုံးဖြစ်ကြရသည်။ သို့ဖြစ်ရာ နိုင်ငံတော် ငြိမ်းချမ်းရေး၊ အေးချမ်းသာယာရေးနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးတို့မှာ နိုင်ငံ့အရေး၊ အမျိုးသားရေးအဖြစ် အားလုံး က ဝိုင်းဝန်းဆောင်ရွက်ကြရန်လိုအပ်ချက်ဖြစ်သည်။
NUG ၏ အရေးပေါ်အခြေအနေကြေညာခြင်း ထုတ်ပြန်ချက်သည် စင်စစ်အားဖြင့် နိုင်ငံတည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန် အကြမ်းဖက်လှုံ့ဆော်မှုသာဖြစ်ပြီး နိုင်ငံ့အရေး၊ အမျိုးသားအရေးကို အလေးထားသည့် အဖွဲ့အစည်းများနှင့်တကွ တိုင်းရင်းသားပြည်သူ တစ်ရပ်လုံးကလည်းကောင်း၊ ပြည်သူများ၏ ကျန်းမာရေး၊ ပညာရေး နှင့် ဖွံ့ဖြိုးရေးကိုလိုလားသည့် အဖွဲ့အစည်းများက လည်းကောင်း လက်မခံကန့်ကွက်လျက်ရှိနေပါကြောင်းနှင့် နိုင်ငံ့အရေး၊ အမျိုးသား ရေးအတွက် နိုင်ငံတော်အစိုးရ၏ ကြိုးပမ်းအားထုတ်ဆောင်ရွက် ချက်များတွင် တိုင်းရင်းသားပြည်သူတစ်ရပ်လုံး ပါဝင်ဆောင်ရွက်ကြ ရန် တိုက်တွန်းအပ်ပါကြောင်း။ ။