
ကဘူးလ် အောက်တိုဘာ ၁၀
အမေရိကန်တွင် ပိတ်ဆို့ထိန်းသိမ်းခံထားရသည့် အာဖဂန်အစိုးရပိုင်ဆိုင်မှုများကို ဖြေလျှော့ပေးရန် အတွက် တာလီဘန် ကိုယ်စားလှယ်များက အမေရိကန်ပြည်ထောင်စုထံ တောင်းဆိုခဲ့သည်။
အောက်တိုဘာ ၉ ရက်တွင် ကာတာနိုင်ငံ ဒိုဟာ မြို့၌ အာဖဂန် ခေတ္တနိုင်ငံခြားရေးဝန်ကြီး အာမီယာ ခန်းမတ်တာကီနှင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဌာနမှ ကိုယ်စားလှယ်တစ်ဦးတို့ မျက်နှာချင်းဆိုင် တွေ့ဆုံဆွေးနွေးစဉ် ထိုသို့ တောင်းဆိုခဲ့ကြခြင်း ဖြစ်သည်ဟု တာလီဘန်အဆင့်မြင့်အရာရှိ တစ်ဦးက ပြောသည်။ ဩဂုတ် ၃၀ ရက်က အမေရိကန်တို့ အာဖဂန်မြေပေါ်မှ ထွက်ခွာသွားကြပြီးနောက် ပထမဆုံးအကြိမ်အဖြစ် အမေရိကန်နှင့် တာလီဘန် တို့ တွေ့ဆုံဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။
ထိုသို့တွေ့ဆုံဆွေးနွေးစဉ်အတွင်း လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများ အပါ အဝင် အခြားသော ပူးပေါင်းဆောင်ရွက်မှုများအတွက် တာလီဘန်တို့က အမေရိကန်ထံ တောင်းဆိုခဲ့သည်။
အဆိုပါဆွေးနွေးပွဲနှင့်ပတ်သက်ပြီး အမေရိကန် တို့ဘက်မှ ထုတ်ဖော်ပြောကြားခဲ့ခြင်းမရှိပေ။ ကိုဗစ်-၁၉ ကာကွယ်ဆေး လှူဒါန်းရန်အတွက်လည်း အမေရိကန်အရာရှိများနှင့် ဆွေးနွေးထားပြီး ဖြစ်ကြောင်း တာလီဘန်တို့က ပြောသည်။ တာလီဘန်တို့ အာဏာပြန်လည်ရယူသည့်အချိန်မှစတင်ကာ နိုင်ငံရပ်ခြားရှိ အာဖဂန်အစိုးရပိုင် ပစ္စည်း များ ထိန်းသိမ်းခံထားရသည်။ အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့ကလည်း အာဖဂန်နစ္စတန်သို့ ပေးမည့် ဘဏ္ဍာရေးအထောက်အပံ့များကို ရပ်ဆိုင်း ထားသည်။ တိုင်းပြည်အတွင်း ငွေကြေးပြတ်လပ်မှုနှင့် စီးပွားရေးဆိုင်ရာအခြေအနေများ ပျက်စီးယိုယွင်းမှု နှင့်တွေ့ကြုံနေရသည်။
အင်န်အိတ်ချ်ကေ