
အာဖဂန်နစ္စတန် အမျိုးသမီးဘောလုံး အသင်းမှ အသင်းသားများသည် နယ်စပ် ကိုဖြတ်ကျော်ကာ ပါကစ္စတန်သို့ ထွက် ပြေးလာကြသည်ဟု အရာရှိများက စက်တင်ဘာ ၁၆ ရက်တွင် ပြောသည်။ အငယ်တန်း အားကစားသမားများနှင့် နည်းပြများ၊ ၎င်းတို့၏ မိသားစုဝင်များ သည် လွန်ခဲ့သည့်လအတွင်းက အာဖဂန် နစ္စတန်နိုင်ငံအတွင်းမှ ထွက်ပြေးလာနိုင် ရေးကြိုးပမ်းခဲ့ကြသည်။ သို့သော်လည်း ကဘူးလ်လေဆိပ်တွင် ကြောက်မက် ဖွယ် ဗုံးခွဲတိုက်ခိုက်မှုကြောင့် ၎င်းတို့ သောင်တင်နေခဲ့ရသည်ဟု အသင်းနှင့် နီးစပ်သူက အေအက်ဖ်ပီသို့ပြောသည်။ ၎င်းတို့ကို ကယ်တင်ပေးရေးအတွက် အကူအညီတောင်းခံသည့်စာ လက်ခံရရှိ ခဲ့ပြီးနောက် ပါကစ္စတန်ဝန်ကြီးချုပ် အင်မရန်ခန်းထံ စာရေးသားခဲ့သည်ဟု အင်္ဂလန်အခြေစိုက် ကမ္ဘာလုံးဆိုင်ရာ ဘောလုံးအားကစား ငြိမ်းချမ်းရေး သံတမန် တာဒါနာဗီဟိုင်ဒါက ပြော သည်။ မြောက်ဘက်နယ်စပ်ကို ဖြတ် ကျော်လာသူ စုစုပေါင်း ၇၅ ဦးရှိပြီး လာဟိုးမြို့သို့မရောက်မီ ၎င်းတို့ကိုပန်းကုံးများဖြင့်ကြိုဆိုခဲ့ကြသည်။ ထွက်ပြေးလာသူအမျိုးသမီးဘောလုံးအသင်းသားများမှာ အသက် ၁၄နှစ်အောက်၊ ၁၆နှစ် အောက်နှင့် ၁၈နှစ်အောက်တို့ဖြစ်ကြ သည်။ အာဖဂန်နစ္စတန်ကိုချုပ်ကိုင်ထားသည့်တာလီဘန်များသည် ၁၉၉၀ ပြည့် နှစ် ၎င်းတို့လွှမ်းမိုး အုပ်ချုပ်စဉ်ကတည်း က အမျိုးသမီးများနှင့် မိန်းကလေးများ ကို အားကစားပြုလုပ်ခွင့်ကန့်သတ်ထားသည်။ အမျိုးသမီးများ အားကစားပြိုင်ပွဲ တွင်ပါဝင်ယှဉ်ပြိုင်ရန် မလိုအပ်ဟု တာလီဘန်အဆင့်မြင့်အရာရှိတစ်ဦးက ဩစတြေးလျမီဒီယာသို့ ပြောသည်။
လင်းခေတ်ဆန်