အာဖဂန်နစ္စတန်နိုင်ငံကို တာလီဘန်များ ထိန်းချုပ်ပြီးနောက် အစားအသောက်အကျပ်အတည်းနှင့် ရင်ဆိုင်ရ

 

ကဘူးလ် အောက်တိုဘာ ၁၇


ဩဂုတ်လအတွင်း တာလီဘန်များက အာဖဂန်နစ္စတန်နိုင်ငံကို ထိန်းချုပ်ပြီးသည့်အချိန်မှစတင်ကာ စီးပွား ရေး ရှုပ်ထွေးမှုများဖြစ်ပေါ်ပြီး အာဖဂန်ပြည်သူများမှာ အစားအသောက်လုံလောက်စွာ ရရှိရေးအတွက် ရုန်းကန်နေရသည်။ 

 


အာဖဂန်အစိုးရ၏ ပြည်ပရှိ ပိုင်ဆိုင်မှုများ ပိတ်ဆို့ ခံရပြီးနောက်  တိုင်းပြည်၏ စီးပွားရေးအခြေအနေမှာ သိသိသာသာ ယိုယွင်းလာခဲ့သည်။ 
အလုပ်သမားအများစုမှာ လုပ်ခလစာမရခြင်း သို့မဟုတ် အလုပ်အကိုင်ဆုံးရှုံးခြင်းတို့နှင့်  ကြုံတွေ့ လာရသည်။ 

 


ယခုနှစ်  မိုးခေါင်မှုကြောင့်လည်း   တိုင်းပြည် အတွင်း  အစားအသောက်ပြတ်လပ်မှုကို  ပိုမိုဆိုးရွား စေခဲ့သည်။  တာလီဘန်များက အာဖဂန်နစ္စတန် နိုင်ငံကို  ထိန်းချုပ်ပြီးနောက် တာလီဘန်အစိုးရက မည်သို့လုပ်ဆောင်မည်ကို   နိုင်ငံအများအပြားက စောင့်ကြည့်လျက်ရှိသည့်အတွက်      လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ     အကူအညီများမှာ လည်း ရပ်တန့်နေသည်။  

 


ကုလသမဂ္ဂစားနပ်ရိက္ခာအစီအစဉ်၏    ခန့်မှန်းမှု အရ ၉၅ ရာခိုင်နှုန်းသော အာဖဂန်များမှာ လက်ရှိတွင် နေ့စဉ်လုံလောက်သည့်  အစာမရရှိဟု သိရသည်။ အသက် ငါးနှစ်အောက်  အာဖဂန်ကလေးထက်ဝက် နီးပါးခန့်မှာလည်း  ယခုနှစ်ကုန်ပိုင်းတွင် အာဟာရချို့တဲ့ခြင်းကိုခံစားလာရမည်ဟု ခန့်မှန်းထားသည်။ 
လူပေါင်းတစ်သန်းခန့်နီးပါးမှာလည်း  သေကျေ ပျက်စီးနိုင်သည်ဟု  ခန့်မှန်းထားသည်။ အပြည်ပြည် ဆိုင်ရာ အသိုင်းအဝိုင်းအနေဖြင့်လည်း အရေးပေါ် ထောက်ပံ့ကူညီမှုများ   ပြုလုပ်ကြရန်   ကမ္ဘာ့စားနပ် ရိက္ခာအစီအစဉ်က တိုက်တွန်းထားသည်။ 


အင်န်အိတ်ချ်ကေ