
ကဘူးလ် စက်တင်ဘာ ၅
အာဖဂန်နစ္စတန်နိုင်ငံ၏ Ariana အမျိုးသား လေကြောင်းလိုင်းသည် ပြည်တွင်းလေကြောင်း ခရီးစဉ်များ ပြေးဆွဲမှုကို ယနေ့ ပြန်လည်စတင် ခဲ့ကြောင်း ဒေသတွင်းရုပ်သံချန်နယ်တစ်ခုက ယနေ့ တွင် သတင်းဖော်ပြခဲ့သည်။
ပြေးဆွဲမှု ပြန်လည်စတင်
အာဖဂန်နစ္စတန်နိုင်ငံ၏ Ariana အမျိုးသား လေကြောင်းလိုင်းသည် ပြည်တွင်းလေကြောင်း ခရီးစဉ်များအဖြစ် မြို့တော်ကဘူးလ်မှ ဟီရက်၊ မာဇာ-အီ-ရှရစ်ဖ်နှင့် ကန်ဒါဟာမြို့များသို့ ပြေးဆွဲမှု ပြန်လည်စတင်ခဲ့ခြင်းဖြစ်ကြောင်း တိုလိုသတင်းဌာန က သတင်းဖော်ပြသည်။
Ariana အမျိုးသားလေကြောင်းလိုင်းသည် ဩဂုတ်လနောက်ပိုင်းက အာဖဂန်နစ္စတန်နိုင်ငံမှ အမေရိကန်တပ်ဖွဲ့ဝင်များ အပြီးတိုင်ရုပ်သိမ်းသွား ပြီးနောက်ပိုင်း ပြည်တွင်းလေကြောင်းခရီးစဉ်များ ပြေးဆွဲမှုကို ပြန်လည်စတင်ခဲ့သည့် ပထမဆုံး ပြည်တွင်းလေကြောင်းလိုင်းဖြစ်ကြောင်း သိရသည်။
ပြောင်းရွှေ့ခဲ့
အခြားသောဒေသတွင်း ပုဂ္ဂလိကလေကြောင်းလိုင်းတစ်ခုဖြစ်သည့် ကမ်အဲလေကြောင်းလိုင်း ကလည်း ဩဂုတ် ၁၅ ရက်တွင် အာဖဂန်နစ္စတန် နိုင်ငံ၏မြို့တော် ကဘူးလ်ကို တာလီဘန်တို့ သိမ်းပိုက်လိုက်ပြီးနောက် ကဘူးလ်၌ ရှုပ်ထွေး သည့် အခြေအနေများဖြစ်ပေါ်နေခြင်းကို စိုးရိမ် သောကြောင့် မြို့တော်ကဘူးလ်မှ ၎င်းတို့၏ လေယာဉ်များကို အီရန်နိုင်ငံ မက်ရှ်ဟက်မြို့သို့ ပြောင်းရွှေ့ခဲ့ကြောင်း သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-အလင်းသစ်