
အဒစ်အဘာဘာ စက်တင်ဘာ ၆
အာဖရိကတိုက်၌ ယနေ့မွန်းလွဲပိုင်းအချိန်အထိ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူစုစုပေါင်း၇၉၁၀၀၈၆ ဦး ရှိလာကြောင်း အာဖရိက ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာက ပြောကြားသည်။
အာဖရိကသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများ၏ ကျန်းမာရေးအေဂျင်စီများအား ကိုယ်စားပြုသည့် အာဖရိကရောဂါ ထိန်းချုပ်ရေးနှင့် ကာကွယ်ရေး စင်တာ၏ ပြောကြားချက်အရ အာဖရိကတိုက် တစ်ဝန်း၌ ကိုဗစ်-၁၉ ရောဂါကြောင့်သေဆုံးသူ စုစုပေါင်း ၁၉၉၅၀၀ ရှိလာကြောင်း သိရသည်။
လက်ရှိတွင် အာဖရိကတိုက်၌ ကိုဗစ်-၁၉ ရောဂါမှ ပြန်လည်ကျန်းမာလာသဖြင့် ဆေးရုံ အသီးသီးမှ ဆင်းခွင့်ရရှိသူစုစုပေါင်း ၇၁၄၃၃၂၂ ဦး ရှိကြောင်း အာဖရိက ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာက ပြောကြားသည်။
တောင်အာဖရိကနိုင်ငံ၊ မော်ရိုကိုနိုင်ငံ၊ တူနီးရှား နိုင်ငံနှင့် အီသီယိုးပီးယားနိုင်ငံတို့သည် အာဖရိက တိုက်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှုဒဏ်အခံရဆုံးနိုင်ငံများဖြစ်ကြောင်း သိရသည်။ ယနေ့ မွန်းလွဲပိုင်းအချိန်အထိ တောင်အာဖရိကနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူစုစုပေါင်း ၂၈၁၉၉၄၅ ဦး ရှိကြောင်းနှင့် မော်ရိုကိုနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူစုစုပေါင်း ၈၈၄၀၈၅ ဦးရှိကြောင်း အာဖရိကရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေး စင်တာက ပြောကြားသည်။
အာဖရိကတိုက်၌ အာဖရိကတောင်ပိုင်းဒေသ သည် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုအများဆုံးဒေသ
ဖြစ်ပြီး မြောက်ပိုင်းနှင့် အရှေ့ပိုင်းဒေသတို့သည် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုဒုတိယအများဆုံး ဒေသများဖြစ်ကာ အာဖရိကအလယ်ပိုင်းဒေသသည် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုအနည်းဆုံးဒေသ
ဖြစ်ကြောင်း သိရသည်။
ကိုးကား-ဆင်ဟွာ၊ ဘာသာပြန်-အလင်းသစ်