အာရှ-ပစိဖိတ် တည်ငြိမ်အေးချမ်းရေးနှင့် အာဆီယံအဖွဲ့ကြီး၏ စည်းလုံးညီညွတ်မှု

(၁၁) ကြိမ်မြောက် နိုင်ငံတကာလုံခြုံရေးညီလာခံ (MCIS-2023) ကို ရုရှားနိုင်ငံ၊ မော်စကိုမြို့တွင် ဩဂုတ် ၁၅ ရက်က ကျင်းပရာ မြန်မာအပါအဝင် နိုင်ငံပေါင်း ၇၆ နိုင်ငံနှင့် နိုင်ငံတကာအဖွဲ့အစည်း ခြောက်ခုတို့မှ ကိုယ်စားလှယ်ပေါင်း ၈၀၀ ကျော် တက်ရောက်ခဲ့ ကြသည်။ မျက်နှာစုံညီအစည်းအဝေး အစီအစဉ်သုံးရပ်၏ ဒုတိယ ပိုင်းတွင်  “အာရှ-ပစိဖိတ်ဒေသတွင်း လုံခြုံရေး” ခေါင်းစဉ်ဖြင့် အစည်းအဝေးပါရှိရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က   “အာရှ-ပစိဖိတ်ဒေသတွင်း  တည်ငြိမ်အေးချမ်းရေးအတွက် အရေးပါသော အာဆီယံအဖွဲ့၏စည်းလုံးညီညွတ်မှု”နှင့် ပတ်သက် ပြီး  သုံးသပ်ဆွေးနွေးသည့်  မိန့်ခွန်း Video Message ပေးပို့၍ ပါဝင်တက်ရောက်ခဲ့သည်။
၁၉၆၀ ပြည့်လွန်နှစ်များအတွင်းက အာရှ-ပစိဖိတ်ဒေသသည် ဖွံ့ဖြိုးဆဲနိုင်ငံအများစုပါဝင်သည့် တတိယကမ္ဘာ့နိုင်ငံ အစုအဝေး တစ်ခုအဖြစ်သာ တည်ရှိခဲ့ရာမှ ၂၁ ရာစုအဝင်ကာလတွင် စီးပွားရေး အောင်မြင်ဖြစ်ထွန်းမှုများနှင့်အတူ ကမ္ဘာပေါ်တွင် ဖွံ့ဖြိုးတိုးတက် မှုနှုန်း အမြန်ဆုံးဒေသဖြစ်လာပြီး အာရှအင်အားကြီးနိုင်ငံများ လည်း ပေါ်ထွန်းလာခဲ့သည်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟောင်း ဝါရင့်သံတမန်ကြီး ဟင်နရီကစ်ဆင်းဂျားက နိုင်ငံတကာ ဆက်ဆံရေး၏ ဗဟိုဆွဲအား (Center of Gravity) အတ္တလန္တိတ်မှ ပစိဖိတ်သို့  ပြောင်းရွှေ့သွားပြီဟုဆိုခဲ့ရာ   အစဉ်အလာအားဖြင့် ကမ္ဘာ့နိုင်ငံရေး၏  အချက်အချာအဖြစ် ရပ်တည်ခဲ့သော  အနောက် အုပ်စုဝင်နိုင်ငံများအဖို့  ထိတ်လန့်တုန်လှုပ်ဖွယ်ဖြစ်ခဲ့ပြီး တစ်ချိန် က ၎င်းတို့အသာစီးဖြင့် ရပ်တည်ခဲ့သည့် အနေအထားနှင့် ၎င်းတို့၏ အာရှ - ပစိဖိတ်ဒေသဆိုင်ရာ အကျိုးစီးပွားတို့အတွက် ကာကွယ် ရန် ကြိုးပမ်းမှုများ ပြုလုပ်လာကြသည်။


မြန်မာအပါအဝင် အာဆီယံနိုင်ငံများတည်ရှိရာ အရှေ့တောင် အာရှဒေသသည် အာရှ-ပစိဖိတ်ရပ်ဝန်းတွင် အချက်အချာကျသော နေရာ၌ တည်ရှိနေရာ  အင်အားကြီးနိုင်ငံများ၏  အားပြိုင်မှုများမှ ဖြစ်ပေါ်လာသော   ရိုက်ခတ်မှုများကို  ကြုံတွေ့နေကြရသည်။ အထူးသဖြင့် အရှေ့တောင်အာရှနိုင်ငံများဖြင့်  ဖွဲ့စည်းထားသည့်    အာဆီယံအဖွဲ့အတွင်း    ဩဇာလွှမ်းမိုးနိုင်ရန်  ကြိုးပမ်းမှုများကို  တွေ့ရှိရပြီး   သပ်လျှိုသွေးခွဲမှုပြုလုပ်သည့် အရိပ်လက္ခဏာတို့ကို လည်း  တွေ့ရှိရသည်။ နိုင်ငံရေးစနစ်၊ အုပ်ချုပ်သည့်အစိုးရပုံစံ၊ ကိုးကွယ်သည့်ဘာသာတရား   စသည်ဖြင့်   ကွဲပြားခြားနားကြ သော    ဒေသတွင်းနိုင်ငံများကို   စုစည်းထားသည့်  အာဆီယံ၏  အရေးပါသော   အခြေခံမူဖြစ်သည့်  တစ်နိုင်ငံ၏ ပြည်တွင်းရေးကို တစ်နိုင်ငံက ဝင်ရောက်မစွက်ဖက်ရေးမူကို ကျော်လွန်လုပ်ဆောင် ရန် ဖိအားပေးမှုမျိုးက အာဆီယံ၏ စည်းလုံးညီညွတ်မှုကို ထိခိုက် စေသည်။


“အာဆီယံ၏ စည်းလုံးညီညွတ်မှုသည် အာရှ-ပစိဖိတ်ဒေသ ကြီးတစ်ခုလုံး၏ တည်ငြိမ်အေးချမ်းရေးအတွက် များစွာအရေးပါ လျက်ရှိသဖြင့် အနာဂတ်တွင် အာရှ-ပစိဖိတ်ဒေသတွင်း နက်နဲ ရှုပ်ထွေးသော    စိန်ခေါ်မှုများကို     ကိုင်တွယ်ဖြေရှင်းရာတွင် အာဆီယံအပါအဝင်  ဒေသတွင်းနိုင်ငံများအားလုံး၏ စည်းလုံး ညီညွတ်မှု၊ ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုခိုင်မာအောင်ဆောင်ရွက် ကာ ကျော်လွှားတုံ့ပြန်သွားကြရမည်ဖြစ်ပါကြောင်း၊  ဒေသတွင်း နိုင်ငံများအကြား    အငြင်းပွားမှုများနှင့်     ပြဿနာများအား ငြိမ်းချမ်းသောနည်းလမ်းဖြင့်   ဆွေးနွေးညှိနှိုင်း အဖြေရှာသွားရ မည်ဖြစ်ပြီး ရရှိလာသောအခွင့်အလမ်းများကို အမိအရ အသုံးချ ၍    ဒေသတွင်းဖွံ့ဖြိုးတိုးတက်ရေးအတွက်   ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း”   (၁၁) ကြိမ်မြောက် နိုင်ငံတကာလုံခြုံရေးညီလာခံ  (MCIS-2023)   သို့  ပေးပို့သည့် နိုင်ငံတော်အကြီးအကဲ၏   မိန့်ခွန်းတွင်  ထည့်သွင်းပြောကြား ထားသည်။


ကမ္ဘာ့လူဦးရေ၏ ထက်ဝက်ကျော်နေထိုင်ပြီး ကမ္ဘာ့စီးပွားရေး နှင့် ကုန်သွယ်ရေးတို့၏ အချက်အချာရပ်ဝန်းအဖြစ် အရှိန်အဟုန် နှင့်   လျင်လျင်မြန်မြန် တိုးတက်ဖြစ်ပေါ်လာနေသည့်   အာရှ-ပဖိစိတ်ဒေသ၏ တည်ငြိမ်အေးချမ်းရေးသည် ကမ္ဘာ့ငြိမ်းချမ်းရေး အတွက် အရေးပါသကဲ့သို့ပင် အာရှ-ပစိဖိတ်ဒေသတွင် အချက်အချာ နေရာတွင်ရှိနေသည့်  အာဆီယံအဖွဲ့၏ စည်းလုံးညီညွတ်မှုကလည်း   အာရှ -  ပစိဖိတ်တည်ငြိမ်အေးချမ်းရေးအတွက်  အရေးပါသည်။  အာဆီယံအဖွဲ့ကြီး၏   စည်းလုံးညီညွတ်မှုကို  စိန်ခေါ်နေသော   ခြိမ်းခြောက်မှုများကို      ရင်ဆိုင်ဖြေရှင်းရာတွင်     ဒေသပြင်ပမှ အင်အားကြီးတို့၏  ပါဝင်စွက်ဖက်မှုများကို  စည်းလုံးညီညွတ်မှု၊ ပူးပေါင်းဆောင်ရွက်မှုများဖြင့်     ကျော်လွှားတုံ့ပြန်ကြရပါမည့် အကြောင်း။     ။