
ရန်ကုန် ဇွန် ၈
၂၀၂၃ အာရှဖလား တတိယအဆင့် ခြေစစ်ပွဲ အုပ်စု (စ) ပထမနေ့ကို ဇွန် ၈ ရက်က ကာဂျစ္စတန်နိုင်ငံ၌ စတင်ကျင်းပရာ မြန်မာအသင်း သည် တာဂျစ်ကစ္စတန်အသင်းကို လေးဂိုးပြတ်ဖြင့် အရေးနိမ့်ခဲ့သည်။
အုပ်စုကျပ်အတွင်း ကျရောက် နေသည့် မြန်မာအသင်းသည် ရလဒ်ကောင်းရယူနိုင်ရန် ကြိုးပမ်း ခဲ့သော်လည်း ဂိုးပြတ်ရှုံးပွဲကြုံတွေ့ ခဲ့သည်။ မြန်မာအသင်းသည် တာဂျစ်ကစ္စတန်အသင်းကို ဒုတိ ယအဆင့်ခြေစစ်ပွဲ ဒုတိယ အကျော့ရလဒ်အတိုင်း လေးဂိုး ပြတ် ထပ်မံအရေးနိမ့်ခဲ့ခြင်း ဖြစ်သည်။
မြန်မာအသင်း၏ ပွဲထွက် လူစာရင်းတွင် ပြည့်ဖြိုးသူ (ဂိုး)၊ ကျော်ဇင်လွင်၊ ရဲမင်းသူ၊ စိုးမိုး ကျော်၊ ဇော်ရဲထွန်း၊ ဝင်းမိုးကျော်၊ လှိုင်းဘိုဘို၊ လွင်မိုးအောင်၊ မြတ် ကောင်းခန့်၊ ဆွမ်လမန်နှင့် အောင် ကောင်းမာန်တို့ ပါဝင်ကစားခဲ့ သည်။ မြန်မာအသင်းသည် ယခု ပွဲတွင် ရလဒ်ကောင်းရယူနိုင် ရန် သေချာပြင်ဆင်ခဲ့သော်လည်း ပွဲအစ ကိုးမိနစ်မှာပင် ဂိုးစတင်ပေး ခဲ့ရသည်။ ထောင့်ကန်ဘောမှ တစ်ဆင့် ပြန်လျှံထွက်လာသော ဘောလုံးကို မာဘတ်ရှာရော့ဗ်က သွင်းယူခဲ့သဖြင့် တာဂျစ်ကစ္စတန် အသင်း အဖွင့်ဂိုးရခဲ့သည်။ ယင်း နောက်ပိုင်းတွင် မြန်မာအသင်းက ချေပဂိုးပြန်ရရန် ကြိုးပမ်းခဲ့ရာ အပြန်အလှန်ရှိခဲ့သော်လည်း မိနစ် ၅၀ ကျော်တွင် အပြောင်းအလဲ ဖြစ်ပေါ်ခဲ့ရသည်။
မြန်မာအသင်းသည် မိနစ် ၅၀ ကျော်အထိ တစ်ဂိုးဖြင့်သာ အရေးနိမ့်နေသော်လည်း အနီ ကတ် တစ်ကတ်၊ ပယ်နယ်တီ တစ်ကြိမ် ပေးလိုက်ရပြီးနောက် သုံးဂိုး ထပ်မံခွင့်ပြုခဲ့ရကာ ဂိုးပြတ်အရေးနိမ့်ခဲ့ခြင်း ဖြစ်သည်။ ၅၄ မိနစ်တွင် နောက်ခံလူ စိုးမိုးကျော် ဖျက်ထုတ်ပုံကြမ်း သဖြင့် တိုက်ရိုက်အနီကတ်ဖြင့် ထုတ်ပယ်ခံရသလို ၅၆ မိနစ်တွင် ပယ်နယ်တီကန်ခွင့် ထပ်မံခွင့်ပြု ခဲ့ရသည်။ ယင်းပယ်နယ်တီကို ဒီဇာလီလော့ဗ်က သွင်းယူခဲ့သဖြင့် တာဂျစ်ကစ္စတန်အသင်း ဒုတိယ ဂိုးရခဲ့ပြီး ယင်းနောက်ပိုင်းတွင် တာဂျစ်ကစ္စတန် အသင်းက စိတ်ကြိုက် ကစားသွားသည်။ တာဂျစ်ကစ္စတန်အသင်း အတွက် အနိုင်ဂိုးများကို ၅၇ မိနစ်တွင် မာဘတ်ရှာရော့ဗ်၊ ၈၄ မိနစ်တွင် ပန်ဂျာရှန်ဘီတို့ကသွင်းယူခဲ့သည်။
မြန်မာအသင်းသည် ဒုတိယပွဲ အဖြစ် ဇွန် ၁၁ ရက်တွင် ကာဂျစ္စ တန်အသင်းနှင့် ယှဉ်ပြိုင်ကစားရ မည်ဖြစ်သည်။
ရဲရင့်လွင်၊ ဓာတ်ပုံ - MFF