
ရန်ကုန် ဩဂုတ် ၁၈
မြန်မာ ယူ-၁၉ အမျိုးသားအသင်းသည် စက်တင်ဘာ တွင်ယှဉ်ပြိုင်ရမည့် ၂၀၂၃ အာရှဖလား ယူ-၂၀ ခြေစစ်ပွဲအတွက် လေ့ကျင့်ပြင်ဆင်မှုများ ပြန်လည် ပြုလုပ်လျက်ရှိသည်။
မြန်မာ ယူ-၁၉ အသင်းသည် ဗီယက်နမ် ယူ-၁၉ ဖိတ်ခေါ်ပြိုင်ပွဲအပြီး ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိ ကတည်းက နားရက်မယူဘဲ ဆက်လက်ပြင်ဆင်နေ ခြင်းဖြစ်သည်။ ထို့အပြင် ကစားသမားများ ပြိုင်ပွဲ အတွေ့အကြုံရစေရန် ဝင်ရောက်ယှဉ်ပြိုင်နေသည့် ပြည်တွင်းလိဂ်ဖြစ်သော MNL-2 (ပထမတန်း) ပြိုင်ပွဲ မှာလည်းယှဉ်ပြိုင်နေရသောကြောင့် ဆက်တိုက်လေ့ကျင့်ပြင်ဆင်နေခြင်းဖြစ်သည်။ မြန်မာ ယူ-၁၉ အသင်းသည် ဗီယက်နမ် ယူ-၁၉ ဖိတ်ခေါ်ပြိုင်ပွဲ ယှဉ်ပြိုင်ခဲ့သည့် ကစားသမားများကို အခြေခံကာ ကစားသမားသစ်အချို့ ထပ်မံအင်အားဖြည့်တင်းပြီး စုစုပေါင်း ၃၅ ဦးဖြင့် လေ့ကျင့်ပြင်ဆင်နေခြင်းဖြစ်သည်။ မြန်မာ ယူ-၁၉ အသင်းသည် ယခုနှစ်အတွင်း တတိယ မြောက် နိုင်ငံတကာပြိုင်ပွဲအဖြစ် အာရှဖလား ယူ-၂၀ ခြေစစ်ပွဲယှဉ်ပြိုင်ရမည်ဖြစ်ပြီး ဇူလိုင်လတွင် အာဆီယံ ယူ-၁၉ ချန်ပီယံရှစ်ပြိုင်ပွဲ၊ သြဂုတ်လတွင် ဗီယက်နမ် ယူ-၁၉ ဖိတ်ခေါ်ပြိုင်ပွဲတို့ ယှဉ်ပြိုင်ခဲ့သည်။
၂၀၂၃ အာရှဖလား ယူ-၂၀ ခြေစစ်ပွဲကို စက်တင်ဘာ ၁၀ ရက်မှ ၁၈ ရက်အထိကျင်းပမည် ဖြစ်ပြီး မြန်မာအသင်းသည် အုပ်စု(က)တွင် ဆော်ဒီအာရေဗျ၊ တရုတ်၊ မော်လ်ဒိုက်၊ ဥဇဘက်ကစ္စတန်အသင်းတို့နှင့်အတူ ကျရောက်နေသည်။ ခြေစစ်ပွဲတွင် အသင်းစုစုပေါင်း ၄၄ သင်း ယှဉ်ပြိုင်မည်ဖြစ်ပြီး အုပ်စု ၁၀ စုမှ ထိပ်ဆုံး ၁၀ သင်းနှင့် ဒုတိယနေရာရအသင်းများ အနက် အကောင်းဆုံးငါးသင်း ခြေစစ်ပွဲအောင်မြင်မည်ဖြစ်သည်။
ရဲရင့်လွင်