
ယခုအပတ် ပရီမီယာလိဂ် ပွဲစဉ် (၃၂) ဧပြီ ၉ ရက်မှာ ယှဉ်ပြိုင်မယ့် ပွဲစဉ်များက အဲဗာတန်နှင့် မန်ယူ၊ အာဆင်နယ်နှင့် ဘရိုက်တန်၊ ဗီလာနှင့် စပါး၊ ဆောက်သမ်တန် နှင့် ချယ်ဆီး၊ ဝက်ဖို့ဒ်နှင့်လိဒ်စ် ပွဲစဉ်များ ယှဉ်ပြိုင်ကစားမှာ ဖြစ်ပါတယ်။
အဲဗာတန်က ယခုပွဲစဉ်မတိုင်မီ ကြားရက်မှာ တန်းဆင်းဇုန်က ဘန်လေအသင်းနဲ့ ကစားပြီး ရှုံးနိမ့်ထားပါတယ်။ အဲဒီရှုံးပွဲကြောင့် အဲဗာတန်အနေနဲ့ တန်းဆင်းဇုန်အသင်းနဲ့ ရမှတ်ကွာဟမှု တစ်မှတ် သာရှိတော့ပါတယ်။ ပြိုင်ဘက် မန်ယူအသင်းအနေနဲ့ ပြီးခဲ့တဲ့ ပွဲစဉ်မှာ သရေကျခဲ့တာကြောင့် အဆင့် (၄) ဝင်ရေးမျှော်လင့်ချက်က မှေးမှိန်စပြုလာပြီ ဖြစ်ပါတယ်။ မည်သို့ပင်ဆိုစေ ရပ်တည်မှုအရ နှစ်သင်း စလုံး နိုင်ပွဲလိုအပ်နေတယ် ဆိုသော်လည်း မန်ယူထက် အဲဗာတန် ရလဒ် ကောင်းရရှိမယ်။
အာဆင်နယ်က ပြီးခဲ့တဲ့ပွဲမှာ ပဲလေ့စ်ကို ဂိုးပြတ်ရှုံးနိမ့်ထားပြီး ဘရိုက်တန်က နောက်ဆုံးငါးပွဲမှာ တစ်ပွဲ သရေနဲ့ လေးပွဲအထိ ရှုံးနိမ့်ထားပါတယ်။ နှစ်သင်းစလုံး နိုင်ပွဲရရှိရေး အာရုံစိုက်လာမှာဖြစ်တာကြောင့် ပြိုင်ဆိုင်မှုပြင်းထန်လာမှာဖြစ်ပါတယ်။ အာဆင်နယ်က ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အမှားခံလို့ မရတာ ကြောင့် အသင်းကို အကောင်းဆုံးပြင်ဆင်လာမှာဖြစ်ပါတယ်။ ဘရိုက်တန်ထက် အာတီတာရဲ့ အာဆင်နယ် အသင်းရလဒ် ကောင်းရရှိမယ်လို့ ခန့်မှန်းရပါတယ်။
ဗီလာက နောက်ဆုံးသုံးပွဲဆက်ရှုံးနိမ့်ထားပြီး စပါးက နောက်ဆုံးသုံးပွဲဆက် နိုင်ပွဲရရှိထားပါတယ်။ အဆင့် (၄) မှာ ဆက်လက်ရပ်တည်ဖို့ ခြေကုန်ထုတ်လာမယ့် စပါးကို ဂျရတ်ရဲ့ ဗီလာအသင်း ဟန့်တားဖို့ ခက်ခဲပါလိမ့်မယ်။
ရှုံးပွဲဆက်နေမှုကို ရပ်တန့်ဖို့ နိုင်ပွဲရရှိရေးဦးတည်လာမယ့် ဗီလာအသင်းထက် ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အမှားခံလို့မရတဲ့ စပါးအသင်း ရမှတ်အပြည့်ရရှိနိုင်ပါတယ်။
အောင်ဇော်