အစ္စရေးနိုင်ငံက အာဖရိကနိုင်ငံ ၅၀ သို့ ခရီးသွားခြင်းကို ပိတ်ပင်တားမြစ်

ဂျေရုဆလင်  နိုဝင်ဘ   ၂၈


အစ္စရေးနိုင်ငံသည်  အာဖရိက၌တွေ့ရှိသည့် အိုမီခရွန်(Omicron) ဗီဇပြောင်းကိုရိုနာဗိုင်းရပ်စ်ကူးစက် ပျံ့နှံ့မှုကို ကြိုတင်ကာကွယ်ရန်အတွက် အစ္စရေးနိုင်ငံသားများအား အာဖရိကနိုင်ငံ ၅၀ သို့ ခရီးသွားခြင်းကို နိုဝင်ဘာ ၂၇ ရက်မှ စတင်ကာ ပိတ်ပင်တားမြစ်ခဲ့ကြောင်း အစ္စရေးကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက် တစ်ရပ်တွင် ဖော်ပြထားသည်။


အစ္စရေးနိုင်ငံသည်   နိုဝင်ဘာ ၂၅ ရက်တွင် အာဖရိကနိုင်ငံ ခုနစ်နိုင်ငံအား အစ္စရေးနိုင်ငံသားများ ခရီးသွားရောက်ခြင်းမပြုရမည့် အနီရောင်အဆင့်ရှိနိုင်ငံများအဖြစ် သတ်မှတ်ခဲ့ပြီး လက်ရှိတွင် အခြားသော အာဖရိကနိုင်ငံပေါင်း ၄၃ နိုင်ငံသို့လည်း ခရီးသွားရောက်ခြင်းမပြုရန် ထပ်မံပိတ်ပင်တားမြစ်ခဲ့ခြင်းဖြစ်သည်။
အစ္စရေးနိုင်ငံသားတစ်ဦးအနေဖြင့် ယင်းအာဖရိကနိုင်ငံ ၅၀ အနက် နိုင်ငံတစ်နိုင်ငံသို့ ခရီးသွားရန် ကြိုးပမ်းပါက ရှီကယ် ၅၀၀၀ ဒဏ်ရိုက်မည်ဖြစ်ကြောင်း အစ္စရေးကျန်းမာရေးဝန်ကြီးဌာနက မှတ်ချက်ပြု ပြောကြားသည်။


ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပြီးသူများနှင့် ပြန်လည်ကျန်းမာလာသူများအပါအဝင် အာဖရိက နိုင်ငံ ၅၀ မှ  ပြန်လာသည့်  အစ္စရေးနိုင်ငံသားအားလုံးသည်  အနည်းဆုံးခုနစ်ရက်ကြာ သီးသန့်ခွဲထား စောင့်ကြည့်မှုခံယူရမည် ဖြစ်ကြောင်း သိရသည်။

        ကိုးကား - ဆင်ဟွာ၊ ဘာသာပြန် - အလင်းသစ်