အစ္စရေးနိုင်ငံ၌ ရဟတ်ယာဉ်ပျက်ကျမှုကြောင့်   ပိုင်းလော့နှစ်ဦးသေဆုံး 


 

ဂျေရုဆလင်  ဇန်နဝါရီ   ၄
အစ္စရေးနိုင်ငံမြောက်ပိုင်း ကမ်းရိုးတန်းဒေသတွင် ဇန်နဝါရီ ၃ ရက်  ညပိုင်းက ရဟတ်ယာဉ်တစ်စင်းပျက်ကျမှုဖြစ်ပွားခဲ့ပြီး အစ္စရေး တပ်ဖွဲ့မှ ပိုင်းလော့နှစ်ဦးစလုံး သေဆုံးခဲ့ကြောင်း အစ္စရေးတပ်ဖွဲ့က ပြောသည်။ 
ပင်လယ်ရေကြောင်းလေ့လာရေး ရဟတ်ယာဉ်သည် ဟိုင်ဖာ မြို့ ကမ်းရိုးတန်းမြေထဲပင်လယ်အတွင်းသို့  ပျက်ကျသွားခဲ့သည်။ 
လေယာဉ်ပေါ်တွင်   ပိုင်းလော့နှစ်ဦးနှင့်  ဝေဟင်လေ့လာသူ တစ်ဦးလိုက်ပါလာခဲ့ပြီး  လေ့ကျင့်ပျံသန်းစဉ်   ပျက်ကျခဲ့ခြင်းဖြစ် ကြောင်း အစ္စရေးတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူက ပြောသည်။
ဝေဟင်လေ့လာသူမှာ  ဒဏ်ရာရရှိခဲ့ပြီး ၎င်းကို ရမ်ဘမ်ဆေးရုံ သို့ ပို့ဆောင်ပေးခဲ့သည်ဟု အစ္စရေးတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူကသတင်းထုတ်ပြန်သည်။    
ဝေဟင်လေ့လာသူမှာ အသက်အန္တရာယ်စိုးရိမ်ရခြင်းမရှိဘဲ ဟိုင်ဖာရှိ ရမ်ဘမ်ဆေးရုံသို့ပို့ဆောင်ပေးနိုင်ခဲ့သည်။  ယခုအခါ ၎င်းမှာ   တည်ငြိမ်သည့်အခြေအနေသို့    ရောက်ရှိနေပြီဖြစ်ပြီး သွေးအားနည်းခြင်းအတွက်သာ   ကုသပေးနေရသည်ဟု ရမ်ဘမ် ဆေးရုံမှ   ညွှန်ကြားရေးမှူးဖြစ်သူ   မစ်ကီဟာဘာတယ်လ်က သတင်းထောက်များကို ပြောသည်။                                                            ဆင်ဟွာ