
ဂျေရုဆလင် နိုဝင်ဘာ ၅
အစ္စရေးကျန်းမာရေးဝန်ကြီးဌာနသည် အသက် ငါးနှစ်မှ ၁၁ နှစ်ကြား ကလေးများကို ကိုဗစ်- ၁၉ ကာကွယ်ဆေးထိုးပေးရန်အတွက် လူထုဆွေးနွေးပွဲ ကို နိုဝင်ဘာ ၄ ရက်က ပြုလုပ်ခဲ့ကြောင်း သိရသည်။
လေးနာရီကြာအစည်းအဝေးကို တိုက်ရိုက် ထုတ်လွှင့်ခဲ့ပြီး ကလေးများတွင် ကာကွယ်ဆေး ထိုးပေးသင့် မသင့် မဆုံးဖြတ်ရသေးမီ ဝန်ကြီးဌာန ၏ ကာကွယ်ဆေးထိုးပေးခြင်းဆိုင်ရာ ကော်မတီနှင့် ကပ်ရောဂါတုံ့ပြန်ရေးအသင်းတို့ကို တင်ပြရန် ရည်ရွယ်ထားသည်။ အမေရိကန် ဆေးဝါးနှင့် အစားအသောက်ကြီးကြပ်ကွပ်ကဲရေးဌာနက ကလေး ငယ်များအတွက် အရေးပေါ်ဆေးဝါးအဖြစ် ကိုဗစ်-၁၉ ကာကွယ်ဆေးကို ခွင့်ပြုချက်ပေးပြီးနောက် ခြောက်ရက်အကြာတွင် ယခုလို ဆွေးနွေးမှုကို ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
အဆိုပါဆွေးနွေးပွဲတွင် အစ္စရေးလူထုမှ သက်ဆိုင် ရာနယ်ပယ်အသီးသီးကို ကိုယ်စားပြုသော လူ ၁၆ ဦး ပါဝင်ခဲ့သည်။ ပြည်သူလူထုက ပေးပို့ခဲ့သောမေးခွန်း များထဲမှ ရွေးချယ်ထားသည့် မေးခွန်းများကို ဝန်ကြီးဌာနမှ ကျွမ်းကျင်သူများက ဖြေကြားခဲ့ကြ သည်။
လာမည့်ရက်များအတွင်း နောက်ထပ်ဆွေးနွေးမှု များ ပြုလုပ်သွားရန်ရှိသည်။ နိုင်ငံတစ်ဝန်းလုံးရှိ ကလေးများကို ကာကွယ်ဆေး ထိုးပေးသင့် မသင့် ထောက်ခံချက်ပေးရန် အချက်အလက်များကို ဝန်ကြီးဌာန ကော်မတီနှင့်အဖွဲ့တို့က လေ့လာသုံးသပ် မှုများ ပြုလုပ်သွားမည်ဟု သိရသည်။
အစ္စရေးနိုင်ငံတွင် ကိုဗစ်- ၁၉ ကာကွယ်ဆေး ထိုးပေးသည့်အစီအစဉ်ကို ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၂၀ ရက်တွင် စတင်ခဲ့ပြီး ပထမအဆင့်အနေဖြင့် အသက် ၆၅ နှစ်နှင့်အထက် သက်ကြီးရွယ်အိုများကို ဦးစားပေးထိုးနှံပေးခဲ့သည်။ ထို့နောက် ကာကွယ် ဆေး ထိုးနိုင်သည့် အသက်အုပ်စုကိုတဖြည်းဖြည်းချင်း လျှော့ချပေးခဲ့သည်။ ထို့နောက် အသက် ၁၂ နှစ်နှင့် အထက်များကို ကိုဗစ်- ၁၉ ကာကွယ်ဆေး ထိုးပေး ခဲ့သည်။
ဆင်ဟွာ