မြန်မာနိုင်ငံတွင် ကလေးသူငယ်များ၏ ၉ ရာခိုင်နှုန်း (၁ ဒသမ ၁ သန်းခန့်)သည် ကလေးလုပ်သားများဖြစ်ကြောင်း၊ ၂၀၁၅ ခုနှစ် က အလုပ်သမားညွှန်ကြားရေးဦးစီးဌာနနှင့် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့တို့ ပူးပေါင်းကောက်ယူခဲ့သည့် စစ်တမ်း တွင် ဖော်ပြထားသည်။ ယင်းအနက်မှ ထက်ဝက်ခန့်သည် အန္တရာယ်ရှိသော လုပ်ငန်းခွင်များတွင် အလုပ်လုပ်နေကြခြင်း ဖြစ်သည်ဟု ဆိုထားသည်။
ကလေးလုပ်သားဆိုသည်မှာ အသက် ၅ နှစ်မှ ၁၇ နှစ်အတွင်း ကလေးများကို အဆိုးရွားဆုံးပုံစံဖြင့် ကလေးလုပ်သားခိုင်းစေခြင်း၊ လုပ်ငန်းခွင်သို့ ဝင်နိုင်မည့် အငယ်ဆုံးအသက်ထက်ငယ်၍ အလုပ်လုပ်ကိုင်ခြင်း၊ အခကြေးငွေမရဘဲ အန္တရာယ်ရှိသည့် အိမ်မှု ကိစ္စများတွင် လုပ်ကိုင်နေရခြင်းဟူ၍ အဓိပ္ပာယ်ဖွင့်ဆိုထားသည်။ ဤတွင် အဆိုးရွားဆုံးပုံစံဆိုသည်မှာ ကျွန်အဖြစ် ပုံစံဖွဲ့စည်းခြင်း သို့မဟုတ် ကျွန်ကဲ့သို့ လက်တွေ့ခိုင်းစေခြင်း ဥပမာအားဖြင့်- ကလေးများကို ကုန်ပစ္စည်းအဖြစ် ရောင်းခြင်းနှင့် တရားမဝင် ကုန်ကူးခြင်း၊ အဓမ္မပြုခြင်းနှင့် ကျေးကျွန်အဖြစ် ခိုင်းစေခြင်း၊ အတင်းအဓမ္မအလုပ်ခိုင်းစေခြင်း၊ စစ်မြေပြင်တွင် ကလေးများကို အသုံးပြုပြီး ခိုင်းစေခြင်း၊ ပြည့်တန်ဆာလုပ်ငန်းတွင် စေခိုင်းခြင်း သို့မဟုတ် ဖျော်ဖြေရန်အတွက် ပြည့်တန်ဆာအဖြစ် ကလေးများ ကို ဝယ်ယူဈေးပေးခြင်းဖြင့် အသုံးပြုခြင်း၊ မူးယစ်ဆေးဝါး ရောင်းဝယ်ခြင်းလုပ်ငန်းများတွင် ကလေးများကို အသုံးပြုခြင်း၊ ကလေးများအတွက် ဘေးအန္တရာယ်ရှိခြင်း သို့မဟုတ် ကိုယ်ကျင့် တရားကို ထိခိုက်စေခြင်း စသောအလုပ်များဟူ၍ အဓိပ္ပာယ်ဖွင့်ဆို ထားသည်။ ကလေးလုပ်သား ၁ ဒသမ ၁ သန်းခန့်တွင် ယောက်ျား လေး ၀ ဒသမ ၆ သန်းနှင့် မိန်းကလေး ၀ ဒသမ ၅ သန်းတို့ ပါဝင်လျက်ရှိရာ နိုင်ငံ၏အခြေအနေအရ လက်ရှိကာလတွင်လည်း ယင်းထက် လျော့နည်းဖွယ်မရှိနိုင်ဟု ယူဆမိသည်။
မြန်မာနိုင်ငံသည် ၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလ ၁၈ ရက်တွင် ကလေးအလုပ်သမားများကို အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေမှု ဆိုင်ရာပြဋ္ဌာန်းချက် ILO Convention - 182 ကို လက်မှတ်ရေးထိုး ခဲ့ပြီး အကောင်အထည်ဖော်မှု အစီရင်ခံစာကို ၂၀၁၅ ခုနှစ် စက်တင်ဘာလတွင် ILO သို့ တင်သွင်းခဲ့သည်။ မြန်မာနိုင်ငံတွင် ကလေးလုပ်သားပပျောက်ရေးအစီအစဉ်ကို ၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာ လမှ ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလအထိ လေးနှစ်စီမံကိန်းတစ်ရပ်ကို လည်း အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည်။ မိမိတို့နိုင်ငံ တွင် ၂၀၂၀ ပြည့်နှစ် နှစ်ဦးပိုင်းမှ စတင်ဖြစ်ပေါ်ခဲ့သည့် ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်ပျံ့နှံ့မှုနှင့် ၂၀၂၁ ခု နှစ်ဦးပိုင်းမှ စတင်ခဲ့သော အကြမ်းဖက်တိုက်ခိုက်မှုများနှင့် ဒေသမတည်ငြိမ်မှုများက မြို့ပြ ဝင်ငွေနည်းမိသားစုများနှင့် ကျေးလက်မိသားစုများ၏ ရပ်တည် နေထိုင်မှုကို များစွာထိခိုက်စေပြီး ကလေးများကို ကလေးအလုပ် သမားများအဖြစ် လုပ်ငန်းခွင်များသို့ ရောက်ရှိသွားစေခဲ့သည်။
ကလေးအလုပ်သမားပြဿနာ၏ အခြေခံအကျဆုံး အကြောင်းရင်းမှာ မိသားစုဆင်းရဲနွမ်းပါးမှုဖြစ်သည်။ ဆင်းရဲ နွမ်းပါးမှုဟုဆိုရာတွင် မိဘတစ်ဦးဦးဖြစ်စေ၊ နှစ်ဦးလုံးဖြစ်စေ အရက်၊ မူးယစ်ဆေးဝါးစွဲနေခြင်း၊ လောင်းကစားသမားဖြစ်နေ ခြင်းနှင့် အသိဉာဏ်ပညာ လွန်စွာနိမ့်ကျနေခြင်းကဲ့သို့သော ချို့ယွင်းချက်များလည်း ပါဝင်နေလေ့ရှိရာ ကလေးအလုပ်သမား ပြဿနာမှာ များစွာနက်ရှိုင်းလေ့ရှိသည်။ ကလေးအလုပ်သမား ပြဿနာကို ဖြေရှင်းရာတွင် သက်ဆိုင်ရာဌာနတာဝန်ရှိသူများ၊ ကလေးမိဘ သို့မဟုတ် အုပ်ထိန်းသူ၊ အလုပ်ရှင်နှင့် လူမှုရေး အဖွဲ့အစည်းများအားလုံးက ပူးပေါင်းဖြေရှင်းနိုင်ရန် လိုအပ်သည်။
ကလေးအလုပ်သမားများအား ကျောင်းပြင်ပ ပညာရေးနှင့် သက်မွေးပညာရပ်များ ကျွမ်းကျင်အောင် သင်ကြားပေးနိုင်ရေး၊ ကုန်ထုတ်လုပ်ငန်းများနှင့် ဝန်ဆောင်မှုလုပ်ငန်းများနှင့် ချိတ်ဆက်ပေးနိုင်ရေး၊ မိဘများ၏ အလုပ်အကိုင်အခက်အခဲများ ကိုလည်း ဖြေရှင်းဆောင်ရွက်ပေးနိုင်ရေးနှင့် အသိပညာပေးရေး တို့ကို ရေရှည်စဉ်ဆက်မပြတ် ဆောင်ရွက်သွားကြရပါမည့် အကြောင်း။ ။