ဆင်းရဲမွဲတေမှုဟူသည် ပိုင်ဆိုင်မှုနည်းပါးသော သို့မဟုတ် ဝင်ငွေနည်းပါးသောအခြေအနေကို ဖော်ပြသည်။ ဆင်းရဲမွဲတေ မှု ဝါ ဆင်းရဲနွမ်းပါးမှုကို တိုင်းတာရာတွင် လူတစ်ဦးအတွက် စားရေး၊ ဝတ်ရေး၊ နေရေး အခြေခံလိုအပ်ချက်ကို ဖြည့်ဆည်း နိုင်ရန်လိုအပ်သည့်ဝင်ငွေနှင့် တိုင်းတာသည်။ နောက်တစ်နည်း မှာ တူညီသောနေရာနှင့် တူညီသောအချိန်ကာလအတွင်း သတ်မှတ်ထားသည့် အနိမ့်ဆုံးသော လူနေမှုအဆင့်အတန်းကို ပြည့်မီခြင်းရှိ မရှိနှင့် တိုင်းတာသောနည်းဖြစ်သည်။ မည်သို့ပင် ဆိုစေ အခြေခံအကျဆုံးအချက်မှာ ဝင်ငွေနည်းပါးခြင်းပင် ဖြစ်ပြီး အကျိုးဆက်အနေဖြင့် လူမှုရေး၊ ပညာရေး၊ ကျန်းမာ ရေး စသည်ဖြင့် အဘက်ဘက်မှ နိမ့်ကျစေသည်။
မိမိတို့နိုင်ငံတွင် အမျိုးသားပညာရေးအခြေအနေနှင့် စပ်လျဉ်း၍ နိုင်ငံတော်အကြီးအကဲက မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံ (၂၀၂၃) ဖွင့်ပွဲ အမှာစကားပြောကြားရာတွင် “ ကျောင်းဆက်မတက်သူ ၁၀ ဦးကို မေးမြန်းလေ့လာရာတွင် သုံးဦးသည် မိသားစုကို ကူညီနေရ၍ ဟု ပြောဆိုပြီး နှစ်ဦးမှာ ကျောင်းဆက်တက်ရန် ငွေကြေးမတတ်နိုင်သောကြောင့်ဟု ဖြေဆိုသည်ကို သိရပါကြောင်း၊ အသက် သုံးနှစ်မှ ၅၀ နှစ် အတွင်း လူဦးရေ၏ ကျောင်းဆက်မတက်ရခြင်း အဓိက အကြောင်းရင်းမှာ မကျန်းမာခြင်း၊ ထိခိုက်ဒဏ်ရာရခြင်း၊ မသန်စွမ်းခြင်းကြောင့် ၁ ဒသမ ၉ ရာခိုင်နှုန်း၊ ကျောင်းထားရန် ငွေမတတ်နိုင်သည်မှာ ၂၁ ဒသမ ၅ ရာခိုင်နှုန်း၊ အိမ်အလုပ်ကူ ရသည်မှာ ၂၉ ဒသမ ၂ ရာခိုင်နှုန်း၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်း ကူရသည်မှာ ၇ ဒသမ ၂ ရာခိုင်နှုန်း၊ စာမေးပွဲကျခြင်း၊ စာမလိုက်နိုင်ခြင်းနှင့် စိတ်ဝင်စားစရာမကောင်းသည်မှာ ၁၂ ဒသမ ၂ ရာခိုင်နှုန်း၊ ကျောင်းကဝေးလွန်းသည်က ၄ ဒသမ ၅ ရာခိုင်နှုန်း ပါဝင်နေသည်ကို တွေ့ရပါကြောင်း၊ အဆိုပါ အချက် များအရ ဆင်းရဲမွဲတေမှုကြောင့်ဖြစ်သည်မှာ အများစုဖြစ်နေ ပါကြောင်း” ဟူ၍ ထည့်သွင်းပြောကြားခဲ့သည်။
နိုင်ငံဖွံ့ဖြိုးတိုးတက်မှုသို့ သွားရာလမ်းကြောင်းတွင် ဆိုးသွမ်းသံသရာများ (Vicious Circles) ပြည့်လျှမ်းလျက်ရှိ သည်ဟူသော အဆိုအမိန့်အတိုင်းပင် ဆင်းရဲမွဲတေခြင်း - ပညာရေးနိမ့်ပါးခြင်း - လူသားအရင်းအမြစ်မဖွံ့ဖြိုးခြင်း - နိုင်ငံမတိုးတက်ခြင်း - အလုပ်အကိုင်အခွင့်အလမ်းနည်းပါး ခြင်း စသည်တို့အပြင် ပြည်တွင်းပဋိပက္ခများ၊ သဘာဝဘေး အန္တရာယ်များ စသည့်အကြောင်းအရာများကပါ နိုင်ငံကို ဆိုးသွမ်းသံသရာတွင်သာ တစ်ကျော့ပြီးတစ်ကျော့ လည်နေ စေမည်ဖြစ်ရာ ခိုင်မာသည့်သန္နိဋ္ဌာန်၊ ထက်သန်သည့် စိတ်ဓာတ်၊ ညီညွတ်သည့် စုပေါင်းအားတို့ဖြင့် ရုန်းထွက်ကြ ရမည်ဖြစ်သည်။
လူတစ်ဦးချင်းအနေဖြင့်လည်း ဆင်းရဲနွမ်းပါးသည့် အခြေအနေတွင် လိုက်လျောညီထွေ နေသားတကျရှိအောင် ချိန်ညှိ၍မနေဘဲ ဘဝအတွက် ကြီးမားသည့်ရည်မှန်းချက်ထား ပြီး အားထုတ်ကြိုးပမ်းကြရန်လိုအပ်သည်။ ဘဝနှင့်အလုပ် အပေါ်တွင် သဘောထားမမှန်ကန်ခြင်းနှင့် ဘဝတွင်ကြီးမား သော ရည်မှန်းချက် မထားတတ်ခြင်းသည် ပျင်းရိခြင်း၊ ရောင့်ရဲတတ်ခြင်းနှင့် စွမ်းဆောင်လိုစိတ် အားနည်းခြင်းကို ဖြစ်ပေါ်စေတတ်သည်ဟူသော ပညာရှင်အဆိုအမိန့်တစ်ရပ် အရ ဆင်းရဲမွဲတေသည့် ဘဝအခြေအနေမှ လွတ်မြောက်အောင် လုံ့လ၊ ဝီရိယနှင့် ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ရုန်းကန်ကြရမည် ဖြစ်ရာ ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းတက်နိုင် ရေးနှင့် နိုင်ငံသားတိုင်း အနိမ့်ဆုံးအားဖြင့် အခြေခံပညာ အလယ်တန်းအဆင့် ပြီးဆုံးအောင်မြင်ရေးကို အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ် ဝိုင်းဝန်းထမ်းရွက်ကြရပါမည့် အကြောင်း။ ။