မြန်မာ့အလင်းအယ်ဒီတာအာဘော်
ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို မြန်မာနိုင်ငံတွင်း၌ စတင် ထိုးနှံနေပြီဖြစ်သည်။ အခြားသော ကမ္ဘာ့နိုင်ငံများကဲ့သို့ပင် လက်ဝယ် ရရှိထားသော ကာကွယ်ဆေးနှင့် ထိုးနှံရန်လိုအပ်သည့် လူအရေ အတွက် မမျှမတဖြစ်နေသည့်အတွက် မည်သို့သောသူများကို ပထမဆုံး စတင်ထိုးနှံမည်၊ ထို့နောက် မည်သူတို့ကို ဆက်လက် ထိုးနှံမည် စသည့် ကာကွယ်ဆေးထိုးနှံရေး ဦးစားပေးအစီအစဉ်များ ရေးဆွဲကာ အကောင်အထည်ဖော်နေခြင်းဖြစ်ပါသည်။
ထိုအစီအစဉ်များအရ လွန်ခဲ့သောရက် ဇန်နဝါရီ ၂၇ ရက်နေ့က ကျန်းမာရေးဝန်ထမ်းများကို ကာကွယ်ဆေး စတင်ထိုးနှံနေပြီ ဖြစ်ပါသည်။
နေပြည်တော်ရှိ ကျန်းမာရေးဝန်ထမ်းများကို ကာကွယ်ဆေး စတင်ထိုးနှံရာသို့ ကိုရိုနာဗိုင်းရပ်စ် ရောဂါ (ကိုဗစ်-၁၉) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သွားရောက် ကြည့်ရှုအားပေးသည်ကို သတင်းများတွင် တွေ့ရပါသည်။
ကိုဗစ်-၁၉ ရောဂါသည် ဗိုင်းရပ်စ်ပိုးကူးစက်ခံရသူ၏ ကိုယ်တွင်း သို့ ဝင်ရောက်လာပြီး လူ၏ အသက်ရှူလမ်းကြောင်းကို တိုက်ခိုက် အန္တရာယ်ပြုပါသည်။ ထိုသို့အန္တရာယ်ပြုခံရပြီဆိုလျှင် ခံစားရသည့် ဝေဒနာပြင်းထန်လေ့ရှိ၏။ အချို့သော မူလရောဂါအခံရှိသူများ ဆိုလျှင် အသက်အန္တရာယ်ကို ထိခိုက်ဆုံးရှုံးရသည်ထိ ဖြစ်လေ့ ရှိသည်။ ထိုသို့ရောဂါဖြစ်ပွားပြီ၊ ဗိုင်းရပ်စ်ပိုး၏ တိုက်ခိုက်မှုကို ခံရပြီဆိုလျှင် ကုသရန်အတွက် တိကျသေချာသော ဆေးဝါးများ မပေါ်ပေါက်သေး။
နိုင်ငံတကာ ဆေးသုတေသနအဖွဲ့ကြီးများနှင့် ဆေးကုမ္ပဏီတို့ ပူးပေါင်းပြီး ယခုအခါတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကိုမူ ထုတ်လုပ်လာနိုင်ပြီ။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့နှင့် သက်ဆိုင်ရာ တာဝန်ရှိသူတို့က ထိုကာကွယ်ဆေးများကို စတင်အသုံးပြုထိုးနှံနိုင် ပြီဖြစ်ကြောင်း အတည်ပြုပေးခဲ့ပြီဖြစ်သည့်အတွက် နိုင်ငံအချို့တွင် စတင်ထိုးနှံနေပြီဖြစ်ပါသည်။ မြန်မာနိုင်ငံသည်လည်း ထိုကဲ့သို့ အဦးအစပိုင်းတွင် စတင်ကာကွယ်ဆေးထိုးနှံနိုင်သည့် နိုင်ငံတစ်ခု ဖြစ်ပါသည်။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးသည် ရောဂါပြန့်ပွားမှုနှုန်း အလွန်မြန်ဆန် များပြားနေသည့်အတွက် အရေးပေါ်စမ်းသပ် စစ်ဆေးထုတ်လုပ်ရသည်ဖြစ်ရာ၊ နိုင်ငံတစ်ခုလုံးရှိ ပြည်သူလူထု အားလုံးကို ခြုံငုံထိုးနှံနိုင်မည့် အနေအထားမရှိသေး။ မြန်မာနိုင်ငံက နည်းပညာနှင့် ဓနဥစ္စာ မြင့်မားသည့် နိုင်ငံတစ်ခုလည်း မဟုတ်သေး သည့်အတွက် ယခုကဲ့သို့ စတင်ထိုးနှံနိုင်ဖို့ဆိုသည်ကပင် လွယ်ကူ လှသည် မဟုတ်ပါ။ စီစဉ်ပြင်ဆင် စီမံခန့်ခွဲသည့် နိုင်ငံတော်အစိုးရ ၏ ကြိုတင် မြော်မြင်အားထုတ်နိုင်မှု၊ ဝါယမစိုက်ထုတ်မှု အင်အား တို့ကြောင့်သာ ယခုလို ဆောလျင်စွာ စတင်ထိုးနှံနိုင်ခြင်းဖြစ်ပါသည်။ နိုင်ငံတော်၏ စိုက်ထုတ်မှု၊ ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှုတို့ဖြင့် လိုအပ်သမျှ ကာကွယ်ဆေးများကို ဝယ်ယူရရှိနိုင်ရန် ပြင်ဆင် သဘောတူထားပြီးဖြစ်သော်လည်း ကမ္ဘာလုံးအတိုင်းအတာဖြင့် လိုအပ်သမျှကို ထုတ်လုပ်နိုင်မှု မရှိသေးသည့်အတွက် နိုင်ငံသား ပြည်သူအားလုံးအတွက် ခြုံငုံမိနိုင်ရန် အချိန်ကာလတစ်ခု စောင့်ဆိုင်း ကြရမည် ဖြစ်ပါသည်။
ထို့ပြင် ကာကွယ်ဆေး၏ အာနိသင်နှင့် မည်မျှလောက် အချိန် ကြာမြင့်သည်ထိ ထိရောက်စွာ ကာကွယ်နိုင်မည်ဆိုသည်ကိုလည်း ယတိပြတ်ပြောဆိုရန် ခက်ခဲနေဆဲဖြစ်ပါသည်။ သည့်အတွက် နိုင်ငံတကာတွင်လည်း ကာကွယ်ဆေးထိုးပြီးသည်နှင့် လုံးဝစိတ်ချ ရပြီဟုဆိုကာ ကျန်းမာရေးဆိုင်ရာ အခြေခံကာကွယ်ရေးစည်းမျဉ်း များကို လျစ်လျူရှုထားရန် မသင့်သေးကြောင်း ကြေညာထားပါသည်။
မြန်မာနိုင်ငံတွင် ပိုးကူးစက်မှုနှုန်း တဖြည်းဖြည်း ကျဆင်းလာ နေပြီဖြစ်ပါသည်။ ယင်းသို့ ကျဆင်းလာနေမှုကို ဆက်လက် ထိန်းသိမ်းထားကြရန်လိုပါမည်။ ထို့ပြင် ကမ္ဘာ့နိုင်ငံကြီးများတွင် ကာကွယ်ဆေး စတင်ထိုးနှံနေသည့်ကြားမှ မျိုးဗီဇပြောင်းဗိုင်းရပ်စ် ပိုး၏ ပျံ့နှံ့မှုမြန်ဆန်မှုကြောင့် ကူးစက်ပြန့်ပွားနှုန်း များပြားနေဆဲ ဖြစ်သည်ကို သတိပြုသင့်ပါသည်။
အချုပ်ကိုဆိုရလျှင် ကိုဗစ်-၁၉ ရောဂါ ပြန့်ပွားမှုက ရှိနေဆဲ ဖြစ်၏။ လူတိုင်း ကာကွယ်ဆေး ထိုးနှံနိုင်ရန် ချက်ချင်းမဖြစ်နိုင်သေး သော်လည်း ကာကွယ်ထိန်းချုပ်နိုင်သည့် အနေအထားတစ်ခုတွင် ရှိနေပါ၏။ ယင်းအတွက် ပြည်သူလူထုသည် စိုးရိမ်လွန်ပူပန်မှု ဖြစ်ရန်မလိုအပ်သော်လည်း သတိကြီးကြီးဖြင့် ဗိုင်းရပ်စ်ကာကွယ်ရေး အခြေခံစည်းမျဉ်းများဖြစ်သည့် လက်ကိုမှန်မှန်နှင့် စနစ်တကျဆေးရန်၊ လူစုလူဝေးရှောင်ရန်၊ လူချင်းဆက်ဆံရာတွင် ခြောက်ပေကွာမှာ နေရန်၊ အပြင်ထွက်လျှင် နှာခေါင်းနှင့် ပါးစပ်စည်း၊ မျက်နှာဖုံးအကာ များ တပ်ဆင်ကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါကြောင်း။ ။