အဓိပတိတရားလေးပါးဖြင့် ထာဝစဉ် ကြိုးပမ်းအားထုတ်

 

၂၀၂၃   ခုနှစ်   တက္ကသိုလ်ဝင်စာမေးပွဲ    ‌အောင်စာရင်းများကို မနက်ဖြန် (ဇွန်လ ၉ ရက်)၊ သောကြာနေ့ နံနက်စောစောတွင် သက်ဆိုင်ရာက ထုတ်ပြန်ကြေညာပေးတော့မည်ဖြစ်သည်။ နံနက် ၄  နာရီအချိန်တွင်  မြန်မာနိုင်ငံ  စာစစ်ဦးစီးဌာန၏ ဝက်ဘ်ဆိုက် www.myanmarexam.org တွင် အောင်စာရင်းများ ဝင်ရောက် ကြည့်ရှုနိုင်ကြမည်ဖြစ်သလို နံနက် ၆ နာရီအချိန်တွင် မြို့နယ် အသီးသီးရှိ      စာစစ်ဌာနကျောင်းများတွင်       ကပ်ထားမည့် အောင်စာရင်းများကို သွားရောက်ကြည့်ရှုနိုင်ကြမည်ဖြစ်သည်။

 


တက္ကသိုလ်ဝင်စာမေးပွဲသည်     အခြေခံပညာအဆင့်၏ နောက်ဆုံးစာမေးပွဲဖြစ်ပြီး အဆင့်မြင့်ပညာ ဆက်လက်သင်ယူ နိုင်ရန် အဆုံးအဖြတ်ဖြစ်သည့်အလျောက် ကျောင်းသား ကျောင်းသူ များအတွက်  အရေးကြီးသည်။  အောင်စာရင်းထွက်မည့် အချိန် အခါသည် ကျောင်းသား ကျောင်းသူများအဖို့  မိမိတို့ ကြိုးပမ်း အားထုတ်ခဲ့သည့်ရလဒ် မည်သို့ထွက်ပေါ်လာမည်ကို သိလိုသည့် စိတ်ဇောတို့    မြင့်မားနေကြသကဲ့သို့    မိဘများအနေဖြင့်လည်း မိမိတို့ သားသမီးများ၏ ပညာရေးရှေ့ခရီးအတွက် မျှော်လင့်ချက် များဖြင့်    စိတ်လှုပ်ရှားကြရသော  အချိန်အခါလည်းဖြစ်သည်။ ဤသည်ကို     အခွင့်ကောင်းယူကာ      အွန်လိုင်းလူမှုကွန်ရက် စာမျက်နှာများမှနေ၍ တက္ကသိုလ်ဝင် စာမေးပွဲအောင်စာရင်းများ ကြိုတင်သိရမည်ဟုဆို၍ ငွေကြေးလိမ်လည်မှုများ ပြုလုပ်လျက် ရှိရာ ကျောင်းသား ကျောင်းသူများနှင့်  မိဘများ  သတိထားကြဖို့ လိုသည်။  ကျောင်းသား ကျောင်းသူတို့ ကြိုးပမ်းအားထုတ်ခဲ့ကြ သည့် ရလဒ်အတိုင်း စာမေးပွဲအောင်စာရင်းသည် အချိန်တန်လျှင် မဖြစ်မနေ ထုတ်ပြန်ကြေညာပေးမည်ဖြစ်ရာ စောင့်ဆိုင်းကြည့်ရှု ကြရန်သာဖြစ်သည်။ ထို့အပြင် တက္ကသိုလ်ဝင် စာမေးပွဲကျရှုံးခြင်း/ အောင်မြင်ခြင်းတို့ကို အကြောင်းပြု၍ အနိဋ္ဌာရုံသတင်းတို့ နှစ်စဉ် လိုလို  ထွက်ပေါ်လာလေ့ရှိရာ  ကျောင်းသူ ကျောင်းသားများ၊ မိဘများ၊ မိသားစုဝင်များအနေဖြင့် မှန်ကန်စွာ နှလုံးသွင်းနိုင်ကြ ရန်လိုသည်။

 


သတိပြုသင့်သည်မှာ     တက္ကသိုလ်ဝင်     စာမေးပွဲသည် အောင်မြင်သူ ရာခိုင်နှုန်းထက်  ကျရှုံးသူရာခိုင်နှုန်း  ပိုမိုများပြား သော စာမေးပွဲဖြစ်ပြီး ယခုနှစ်တွင်ကျရှုံးပါက မိမိ၏အားနည်း ချက်ကိုပြုပြင်ပြီး  နောက်နှစ်တွင်  ပြန်လည်ဖြေဆိုရန်   အခွင့် အလမ်းရှိခြင်းဖြစ်သည်။  ယမန်နှစ်  ၂၀၂၂  ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲတွင် ၂၈၁၇၅၁ ဦးဝင်ရောက်ဖြေဆိုခဲ့ပြီး ၁၃၂၀၇၇ ဦး အောင်မြင်ခဲ့ရာ အောင်ချက်ရာခိုင်နှုန်း ၄၆ ဒသမ ၈၈ ရာခိုင်နှုန်း ဖြစ်သည့်အတွက်   ဖြေဆိုသူထက်ဝက်နီးပါး   အောင်မြင်ခဲ့ပြီး ကျန်သည့်ထက်ဝက်ကျော် ကျရှုံးခဲ့ခြင်းဖြစ်သည်။ ၂၀၁၇ ခုနှစ် တွင် အောင်ချက် ၃၃ ဒသမ ၈၉ ရာခိုင်နှုန်း၊ ၂၀၁၈ ခုနှစ်တွင် အောင်ချက် ၃၂ ဒသမ ၈၂ ရာခိုင်နှုန်း၊ ၂၀၁၉ ခုနှစ်တွင် အောင်ချက်   ၃၁ ဒသမ ၄၄ ရာခိုင်နှုန်း၊ ၂၀၂၀ ပြည့်နှစ်တွင် အောင်ချက် ၃၂ ဒသမ ၀၆ ရာခိုင်နှုန်းရှိခဲ့ရာ ဖြေဆိုသူ၏ သုံးပုံ တစ်ပုံခန့်သာလျှင် အောင်မြင်နိုင်ခဲ့ကြခြင်းဖြစ်သည်။

 


စာမေးပွဲကျရှုံးခြင်းကြောင့် ကျောင်းသား ကျောင်းသူ ကိုယ်တိုင် မိမိကိုယ်ကို အပြစ်တင်ခြင်း၊ အခြားသူများကို ရှက်ခြင်း၊ သိမ်ငယ် စိတ်ဝင်ခြင်း၊ မိခင် သို့မဟုတ် ဖခင်တို့က အလွန်အကျွံပြစ်တင် ကြိမ်းမောင်းခြင်း၊ ရိုက်နှက်ခြင်း၊ အစ်ကိုအစ်မ စသည့်မိသားစုဝင် တို့က  ဝိုင်းဝန်းပြစ်တင်ကြခြင်း  စသည့်အကြောင်းများကြောင့် စာမေးပွဲကျရှုံးသူက ကိုယ့်ကိုယ်ကိုယ် သတ်သေခြင်းအပါအဝင် မလုပ်သင့်မလုပ်ထိုက်သည်များကို   ပြုလုပ်ခဲ့ကြသည့်  သတင်း များ နှစ်စဉ်ကြားရလေ့ရှိရာ ဆင်ခြင်တုံတရားထားရှိကြရန်လို သည်။ ရှုံးသူကို ဝိုင်းဝန်းနှစ်သိမ့်အားပေးကြပြီး ပြန်လည်ကြိုးစား နိုင်ရန် ပံ့ပိုးကူညီကြရမည်ဖြစ်သည်။

 


တက္ကသိုလ်ဝင်စာမေးပွဲ ‌အောင်မြင်ခြင်း သို့မဟုတ် ကျရှုံးခြင်း သည်   ကျောင်းသား ကျောင်းသူအဖို့  ဘဝ၏  မှတ်တိုင်တစ်ခု ဖြစ်သော်လည်း ဘဝအတွက် အဆုံးအဖြတ်တစ်ခု မဟုတ်သေး။ ပညာရှာမှီးမှု၏  လမ်းဆုံးလည်းမဟုတ်သေးပေ။  ဆန္ဒ၊  ဝီရိယ၊ စိတ္တ၊ ပညာဟူသည့် လေးပါးသော အဓိပတိတရားတို့ ကြီးမှူး၍ ထာဝစဉ် ကြိုးပမ်းအားထုတ်ကြခြင်းဖြင့် အခက်အခဲ အတားအဆီး ဟူ၍မရှိ အောင်မြင်ကြရမည်သာ ဖြစ်ပါကြောင်း။        ။