အောင်လအန်ဆန်၏ စိန်ခေါ်ပွဲပါဝင်သည့် Full Circle ပြိုင်ပွဲကို ဖေဖော်ဝါရီ ၂၅ ရက်တွင် စင်ကာပူနိုင်ငံ၌ ကျင်းပမည်

 

ရန်ကုန်   ဖေဖော်ဝါရီ   ၂၃

 


ONE Championship က စီစဉ် ကျင်းပသည့် Full Circle ပြိုင်ပွဲကို  ဖေဖော်ဝါရီ ၂၅ ရက်တွင် စင်ကာပူ နိုင်ငံ၌ကျင်းပမည်ဖြစ်ပြီး  မြန်မာ MMA ဖိုက်တာ အောင်လအန်ဆန် ၏ စိန်ခေါ်ပွဲပါဝင်မည်ဖြစ်သည်။

 


အောင်လအန်ဆန်        သည် မစ်ဒယ်ဝိတ်တန်း စိန်ခေါ်ပွဲအဖြစ် ရုရှားနိုင်ငံသား      ဗစ်တာလီဘစ် ဒက်ရှ်နှင့် ယှဉ်ပြိုင်ထိုးသတ်ရမည် ဖြစ်သည်။ အောင်လအန်ဆန်နှင့်  ဗစ်တာလီဘစ်ဒက်ရှ်      တို့သည် တတိယအကြိမ် တွေ့ဆုံခြင်းဖြစ် ကာ     ပြီးခဲ့သည့်   နှစ်ကြိမ်တွင်  တစ်ကြိမ်စီ   အနိုင်ရထားသည်။ ယင်းကစားသမား     နှစ်ဦးသည်  ပြီးခဲ့သည့် နှစ်ကြိမ်တွေ့ဆုံရာတွင်  ကမ္ဘာ့ချန်ပီယံလုပွဲအဖြစ် ယှဉ်ပြိုင်ထိုးသတ်ရခြင်း ဖြစ်ပြီး  ယခုအကြိမ်တွင်မူ  စိန်ခေါ်ပွဲအဖြစ် ထိုးသတ် ရခြင်းဖြစ်သည်။   ၂၀၁၇  ခုနှစ်  ဇန်နဝါရီက ပထမ အကြိမ် တွေ့ဆုံရာတွင် ဘစ်ဒက်ရှ်က အမှတ်ဖြင့် အနိုင်ယူကာ ချန်ပီယံဆု ကာကွယ်နိုင်ခဲ့သော်လည်း ၂၀၁၇ ခုနှစ် ဇွန်လတွင် ဒုတိယအကြိမ်တွေ့ဆုံရာတွင်  အောင်လအန်ဆန်က   အမှတ်ဖြင့်   ပြန်လည်အနိုင် ယူကာ မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံဆု ပထမဆုံး ရယူနိုင်ခဲ့သည်။   အောင်လအန်ဆန်နှင့်   ဘစ်ဒက်ရှ် သည် ယင်းနောက်ပိုင်း ပြန်လည်ထိုးသတ်ရန် စီစဉ် ခဲ့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် ပျက်ပြယ် ခဲ့ပြီး ငါးနှစ်နီးပါးအကြာမှသာ ပြန်လည်တွေ့ဆုံခြင်း ဖြစ်သည်။

 

အောင်လအန်ဆန်သည် မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံဆုကို ၂၀၂၀ ပြည့်နှစ် အောက်တိုဘာ တွင် လက်လွှတ်ရပြီးနောက်ပိုင်း စိန်ခေါ်ပွဲများသာ  ထိုးသတ်နေရပြီး   ကမ္ဘာ့ချန်ပီယံဆုကို  ပြန်လည် စိန်ခေါ်ခွင့်မရသေးကြောင်း   သိရသည်။    အောင်လ အန်ဆန်သည် မစ်ဒယ်ဝိတ်တန်း စိန်ခေါ်ပွဲအဖြစ် ၂၀၂၁ ခုနှစ် ဇူလိုင်လကုန်ပိုင်းက ဘရာဇီးနိုင်ငံသား  လီအန်ဒရိုနှင့်ထိုးသတ်ခဲ့ရာ  ပထမအချီတွင်  အလဲ ထိုးအနိုင်ရခဲ့ပြီး    ဒုတိယမြောက်    စိန်ခေါ်ပွဲအဖြစ် ဘစ်ဒက်ရှ်နှင့် ထိုးသတ်ရခြင်းဖြစ်သည်။

 


ယင်းပြိုင်ပွဲတွင် တွဲဆိုင်းစုစုပေါင်း ၁၂ ပွဲ ပါဝင် မည်ဖြစ်ပြီး  ကမ္ဘာ့ချန်ပီယံလုပွဲနှစ်ပွဲနှင့် စိန်ခေါ်ပွဲ  ၁၀ ပွဲ ပါဝင်မည်ဖြစ်သည်။ ယင်းပြိုင်ပွဲတွင် မစ်ဒယ် ဝိတ်တန်း ကမ္ဘာ့ချန်ပီယံလုပွဲအဖြစ် လက်ရှိချန်ပီယံ  နယ်သာလန်နိုင်ငံသား    ဒီရစ်ဒါနှင့်      စိန်ခေါ်သူ ကာဂျစ္စတန်နိုင်ငံသား  အဘာဆော့ဗ်၊  လိုက်ဟဲဗီး ဝိတ်တန်း ကစ်ဘောင်ဆင်ကမ္ဘာ့ချန်ပီယံလုပွဲအဖြစ် လက်ရှိချန်ပီယံ ယူကရိန်းနိုင်ငံသား ရိုမန်နှင့် စိန်ခေါ် သူ နယ်သာလန်/တူရကီနိုင်ငံသား မူရတ်၊ စိန်ခေါ်ပွဲ များအဖြစ် ရာဟူ (အိန္ဒိယ) နှင့် ဇမ်ဘိုရီဂါ (ဖိလစ်ပိုင်)၊ ယီဘို   (တရုတ်)  နှင့်  ပါအူတေးစ် (စပိန်)၊ ဆီမို့စ် (ဘရာဇီး)   နှင့်   ဒန်နီရယ်လ်   ( ရုရှား)၊   မာတင် (သြစတြေးလျ) နှင့် ဆန်ဒေးလ် (ဆွီဒင်)၊ ခရစ္စရှော  (စကော့တလန်)   နှင့်    ဗယ်လယ်ဒီမာ    (ရုရှား)၊ ဒါဆေးလ်ဗား (ဘရာဇီး) နှင့် ဇီဘာစတန် (ဆွီဒင်)၊ ဖေဘီစီယို (ဘရာဇီး) နှင့် ဂျေမီရီ (ဖိလစ်ပိုင်)၊ ဂူတို (ဘရာဇီး) နှင့် ဘရူနို (ပေါ်တူဂီ)၊ အန်ရီကို (ဂျာမနီ) နှင့် အိုဇီချန် (တူရကီ) တို့ ယှဉ်ပြိုင်ထိုးသတ်မည်ဖြစ် သည်။                                              

 

 ရဲရင့်လွင်