
ဘားအံ ဩဂုတ် ၅
၂၀၂၂ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် အသက် ၁၉ နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲတွင် တံခွန်စိုက်ဒိုင်းဆုကို ရယူဆွတ်ခူးခဲ့သော အောင်ပွဲရ ကရင်ပြည်နယ် ဘောလုံးအသင်းသည် ဩဂုတ် ၄ ရက် မွန်းလွဲပိုင်းက ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့် ဇနီး ဒေါ်နန်းဘေဘီမြင့်၊ ပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ၎င်းတို့၏ ဇနီးများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ တက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံကျောင်းများမှ ကျောင်း သား ကျောင်းသူ၊ ဆရာ ဆရာမများ၊ ဒေသခံတိုင်ရင်း သားပြည်သူများ၊ ကရင်ရိုးရာ ယဉ်ကျေးမှုဒုံးအဖွဲ့ များက အတီး၊ အမှုတ်၊ အက၊ အခုန်များဖြင့် သောင်းသောင်းဖြဖြ ဂုဏ်ပြုကြိုဆိုခဲ့ကြသည်။
ထိုသို့ ကြိုဆိုကြရာတွင် ကရင်ပြည်နယ်ဝန်ကြီး ချုပ်နှင့် ဇနီး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ဘားအံ မြို့နေ အားကစားဝါသနာရှင် မိဘပြည်သူများက ဂုဏ်ပြုပန်းစည်းများ(အပေါ်ယာပုံ)၊ ဆုငွေများဖြင့် လှိုက်လှဲစွာ ဂုဏ်ပြုကြိုဆိုကြပြီး အောင်ပွဲရ အားကစားသမားများသည် အုပ်ချုပ်သူ၊ နည်းပြများ နှင့်အတူ မော်တော် ယာဉ်များဖြင့် ဘားအံမြို့တစ်ပတ် လှည့်လည် အောင်ပွဲခံကြသည်။
ထို့နောက် အောင်ပွဲရ ကရင်ပြည်နယ်ဘောလုံး အသင်းအား ဂုဏ်ပြုချီးမြှင့်သည့် အခမ်းအနားကို ကရင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ (၂)၌ ဆက်လက်ကျင်းပရာ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက ယခုကဲ့သို့ မင်္ဂလာရှိသော အခမ်း အနားမျိုးကို ကရင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် အကြိမ်ပေါင်းများစွာ ကျင်းပခွင့်ရရှိလိုပါကြောင်း၊ ပြည်ထောင်စုတံခွန်စိုက်ဆုဖလားကြီးကို အောင်မြင် စွာ ရယူဆွတ်ခူးပေးခဲ့သည့်အပေါ် ကရင်ပြည်နယ်သူ/ ပြည်နယ်သားအားလုံးကိုယ်စား အထူးဂုဏ်ယူ ဝမ်းမြောက်မိပါကြောင်း၊ ပြည်နယ်သူ/ပြည်နယ်သား များ ဂုဏ်တက်စေမည့် တံခွန်စိုက်ဆုဖလားကို ပြည်နယ်၏ ဇွဲကပင်တောင်အရိပ်အောက်တွင် နားခိုနိုင်ရန် ကြိုးကုပ်အားထုတ် ဆောင်ရွက်ပေးခဲ့ပါ သော အသက် (၁၉) နှစ်အောက် ကရင်ပြည်နယ် ဘောလုံးအသင်း၏ အုပ်ချုပ်မှုအဖွဲ့နှင့် အားကစား သမားများအားလုံးကို ကျေးဇူးတင်ဂုဏ်ယူ ဝမ်းမြောက်ပါကြောင်း ပြောကြားသည်။
ယင်းနောက် ကရင်ပြည်နယ်ဘောလုံးအသင်း၏ အုပ်ချုပ်သူ၊ နည်းပြ၊ ကစားသမားများက ပြည်ထောင်စုတံခွန်စိုက်ဆုဖလားကို ကရင် ပြည်နယ်ဝန်ကြီးချုပ်ထံ အပ်နှံကြပြီး ပြည်နယ် ဝန်ကြီးချုပ်က အောင်ပွဲရ ကရင်ပြည်နယ်ဘောလုံး အသင်းအား ဂုဏ်ပြုဆုငွေကျပ်သိန်း ၅၀ နှင့် အုပ်ချုပ်မှုအဖွဲ့အား ငွေကျပ် ၁၀ သိန်းတို့ကို ဂုဏ်ပြု ချီးမြှင့်ကာ ပြည်နယ်ဘောလုံးဆပ်ကော်မတီ၊ အောင်နိုင်ရေးကော်မတီဝင်များနှင့် ဘောလုံး အားကစားဝါသနာရှင်များက စုစုပေါင်း ငွေကျပ် ၁၂၉ သိန်းကို ဂုဏ်ပြုချီးမြှင့်ကြသည်။
ထို့နောက် ကရင်ပြည်နယ် အသက် ၁၉ နှစ် အောက် အမျိုးသားဘောလုံးအသင်းအုပ်ချုပ်သူက ပြိုင်ပွဲအတွေ့အကြုံများကို ရှင်းလင်းပြောကြား၍ ကျေးဇူးတင်စကား ပြန်လည်ပြောကြားကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)