အေးချမ်းသာယာဝပြောသည့် ပြည်ထောင်စုနိုင်ငံ

ပြည်သူများ လိုလားတောင့်တကြသည်မှာ တည်ငြိမ်အေးချမ်းနေသည့် ပုံမှန်ဘဝ တွင် ပျော်ရွှင်ချမ်းမြေ့စွာ နေထိုင်နိုင်ကြရေးဖြစ်သည်။ ယင်းအခြေအနေကို သီတင်း ကျွတ်လပြည့်နေ့က နိုင်ငံတစ်ဝန်းတွင် ပြည်သူများစိတ်ချမ်းမြေ့စွာနေထိုင်ခဲ့ကြ သည်ကို မြင်တွေ့ခဲ့ရပြီး ဤသို့ပုံမှန်ဘဝသို့ရောက်အောင် စည်းစည်းလုံးလုံးအေးချမ်း ပျော်ရွှင်စွာ ဆက်လက်နေထိုင်ကြရန်လိုအပ်သည်။


မြန်မာနိုင်ငံတစ်ဝန်းရှိ ပြည်သူအများစုသည် တည်ငြိမ်အေးချမ်းပြီး ပျော်ရွှင် ချမ်းမြေ့စွာ နေထိုင်လိုကြသူ အများစုဖြစ်သည်။ အမုန်းအာဃာတများနှင့် ပျက်စီး ရာပျက်စီးကြောင်းပြုလုပ်သည့် အဖျက်သမားများသည် အနည်းစုသာဖြစ်သည်။ အနည်းစု၏ အဖျက်လက်နက်အမျိုးမျိုးဖြင့် နှောင့်ယှက်ဖျက်ဆီးမှုများသည် အများ စု ကိုယ်စိတ်နှလုံး ဆင်းရဲဒုက္ခရောက်ပြီး အနှောင့်အယှက်ဖြစ်ကြရသည်။  သို့သော် နိုင်ငံတကာအဖွဲ့အစည်းများသည် အများစု၏ဆန္ဒကို ပစ်ပယ်မျက်ကွယ်ပြုပြီး အနည်းစုဆန္ဒကို ဖြည့်ဆည်းကူညီပေးနေကြသည်။


“တိုင်းပြည်တစ်ခုဟာ  နိုင်ငံရေးအယူအဆ သဘောမတူညီမှုကတစ်ဆင့် အကြောင်းအမျိုးမျိုးကြောင့် အခုအခြေအနေမျိုးဖြစ်ပွားခဲ့ရာမှာ ကျွန်တော်တို့အနေ နဲ့ ရှေ့လုပ်ငန်းစဉ်(၅)ရပ်ကိုချမှတ်ပြီးတော့မှ ဆောင်ရွက်လျက်ရှိပါတယ်၊ ကျွန်တော် တို့ ရည်မှန်းဆောင်ရွက်တဲ့နေရာမှာ တိုင်းပြည်သာယာဝပြောရေးနဲ့ ဒီမိုကရေစီ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့နိုင်ငံ ပြည်ထောင်စုစစ်စစ်ဖြစ်လာရေးတို့အတွက် ဖြစ်ပါတယ်။ ဒါကြောင့် အေးအေးချမ်းချမ်းနဲ့ တိုင်းပြည်တစ်ခု ပြောင်းလဲစေချင်တဲ့ ဆန္ဒရှိပါတယ်” ဟု ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အောက်တိုဘာလ ၁၈ ရက်တွင် ပြည်သူလူထုသို့ ပြောကြားခဲ့သည်။
တိုင်းပြည်တည်ငြိမ်အေးချမ်းသာယာဝပြောရေးနှင့် စစ်မှန်သည့် ဒီမိုကရေစီ ဖော်ဆောင်ရေးကို ဆောင်ရွက်ရာတွင် နိုင်ငံတွင် တရားဥပဒေစိုးမိုးရေး၊ တည်ငြိမ် အေးချမ်းရေးနှင့် ပြည်သူများ လူမှုစီးပွားဘဝ အဆင်ပြေစေရေးအတွက် ဦးစားပေး ဆောင်ရွက်ပေးလျက်ရှိသည်။ ထိုသို့ဆောင်ရွက်ရာတွင် နိုင်ငံရေးအစွန်းရောက် အကြမ်းဖက်အုပ်စုဖြစ်သည့်  CRPH နှင့် NUG တို့၏ သွေးထိုးလှုံ့ဆော်ပေးမှုများနှင့် အကြောင်းအမျိုးမျိုးကြောင့် ဆူပူဆန္ဒပြမှုများတွင် ပါဝင်ခဲ့သည့်အတွက် ပြစ်ဒဏ်ကျခံနေရသူများနှင့် အမှုစစ်ဆေးဆဲသူများမှ သင့်လျော်သူများအား သီတင်းကျွတ်ကာလတွင် စိတ်ချမ်းမြေ့စွာ ကုသိုလ်ကောင်းမှုပြုနိုင်ရန် လွတ်ငြိမ်း ချမ်းသာခွင့်များ ပြုလုပ်ပေးခဲ့သည်။ အေးချမ်းစွာနေလိုကြသော ပြည်သူအများစု မှာလည်း ဤသီတင်းကျွတ်အခါကာလတွင် ကောင်းမှုကုသိုလ်များပြုလုပ်၍ စိတ်ချမ်းမြေ့ပျော်ရွှင်စွာ နေထိုင်လျက်ရှိကြသည်။


ဤပကတိအရှိတရား၊ အမှန်တရားတို့ကို နိုင်ငံတကာအဖွဲ့အစည်းများအနေဖြင့် မှန်မှန်ကန်ကန် ရှုမြင်နိုင်ခြင်းမရှိပေ။ အမှန်တရားသည် အေးချမ်းစွာရပ်တည်နေ သော်လည်း မမှန်တရားများသည် ကမ္ဘာတစ်ပတ်ပတ်ကာ အမျိုးမျိုးအဖုံဖုံ နှောင့်ယှက် ဖျက်ဆီးနေသည်။ ပကတိအရှိတရားနှင့် အမှန်တရားကို လိုလားသူများက မည်သူ့ ကိုမျှ မလိုမုန်းထား နှောင့်ယှက်ဟန့်တားခြင်းမရှိဘဲ ရိုးရိုးသားသား အေးအေး ချမ်းချမ်းနေထိုင်နေကြသော်လည်း အမုန်းတရား၊ အာဃာတများဖြင့် တိုင်းပြည် ပျက်စီးရာပျက်စီးကြောင်း ပြုလုပ်လိုသူများနှင့် မြန်မာနိုင်ငံအပေါ် ၎င်းတို့၏ နိုင်ငံရေးရည်မှန်းချက်ကို တစိုက်မတ်မတ်ဦးတည်ထားပြီး ဖိအားအမျိုးမျိုးပေး၍ ဖျက်လိုဖျက်ဆီးလုပ်သူများက တိုင်းပြည်အလုံးစုံပျက်စီးရေး ဟန့်တားနှောင့်ယှက် ဖိအားပေးမှုများကိုသာ ပြုလုပ်လျက်ရှိသည်။ အေးချမ်းစွာနေထိုင်လိုကြသော ပြည်သူများ၏ အကျိုးစီးပွားကို အလေးမထား၊ အကြမ်းဖက်ဖျက်ဆီး၊ လုယက်၊ သတ်ဖြတ်သူများကို မဟန့်တား၊ မထိန်းသိမ်း၊ ပြစ်တင်ပြောဆိုခြင်းမရှိဘဲ မြန်မာ နိုင်ငံအပေါ်တွင်သာ ဦးတည်ပစ်မှတ်ထားနေသည်မှာ ရိုးသားခြင်းမရှိဟု ဆိုရမည် ဖြစ်သည်။
မည်သို့ပင်ဖြစ်စေ မြန်မာနိုင်ငံသည် သမိုင်းအစဉ်အဆက် မိမိနိုင်ငံ၏ တည် ထွန်းနေသော အခြေခံကောင်းများဖြင့် ဂုဏ်တင့်တယ်စွာနေထိုင်ခဲ့သော တိုင်းပြည် ဖြစ်သည်။ ဒေသတွင်း၌လည်း မျက်နှာမငယ်သည့်  ကိုယ်ပိုင်အစွမ်းအစများ ရှိထားပြီးဖြစ်သည်။

ပြည်ထောင်စုအတွင်း ဖြစ်ထွန်းနေသော ရေမြေသဘာဝ အနေ အထားများဖြင့် မပူပင်မကြောင့်ကြဘဲ နေထိုင်နိုင်သော နိုင်ငံဖြစ်သည်။ အဓိက လိုအပ်ချက်မှာ စည်းလုံးညီညွတ်ရေးဖြစ်သည်။ မလိုမုန်းထား အာဃာတထားသည့် သဘောထားကွဲလွဲသူများကို ဘေးဖယ်ထား၍ ကျန်သောတိုင်းရင်းသားပြည်သူ လူထုအများစုအနေဖြင့် စည်းစည်းလုံးလုံးညီညီညွတ်ညွတ် အေးအေးချမ်းချမ်း ပျော်ပျော်ရွှင်ရွှင် နေထိုင်နိုင်ကြပါလျှင် မည်သည့်နှောင့်ယှက်ဟန့်တားမှုများနှင့် ဖိအားပေးမှုများကို မှုနိုင်စရာအကြောင်းရှိမည်မဟုတ်ပေ။


သို့ဖြစ်ရာ မြန်မာနိုင်ငံအပေါ်တွင်လည်းကောင်း၊ မြန်မာနိုင်ငံအတွင်း၌လည်း ကောင်း မည်သို့ပင် နှောင့်ယှက်ဖျက်ဆီး ဖိအားပေးဟန့်တားမှုများရှိနေသော်လည်း စည်းလုံးညီညွတ်စွာဖြင့် လက်တွဲနေထိုင် ဆောင်ရွက်နိုင်ပါလျှင် ပြည်ထောင်စုမြန်မာ နိုင်ငံတော်နှင့် နိုင်ငံသူ နိုင်ငံသားအများစုအတွက် ရည်မှန်းဆောင်ရွက်နေသည့် တိုင်းပြည်သာယာဝပြောရေးနှင့် ဒီမိုကရေစီဖက်ဒရယ်စနစ်ကို အခြေခံသည့်နိုင်ငံ ပြည်ထောင်စုစစ်စစ် ပေါ်ထွန်းလာမည်မှာ သေချာပါကြောင်း။        ။