
ရန်ကုန် ဩဂုတ် ၃၁
အာဆီယံဘောလုံးအဖွဲ့ချုပ်က စီစဉ်ကျင်းပမည့် AFF Cup 2022 ပြိုင်ပွဲ အုပ်စုမဲခွဲပွဲကို သြဂုတ် ၃၀ ရက်က ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ ကျင်းပရာ မြန်မာအသင်းသည် ဗီယက်နမ်၊ မလေးရှား၊ စင်ကာပူ၊ လာအိုအသင်းတို့နှင့် တစ်အုပ်စုတည်း ကျရောက်ခဲ့သည်။
ပြိုင်ပွဲကို ငါးသင်း နှစ်အုပ်စုခွဲ၍ ကျင်းပမည် ဖြစ်ပြီး အုပ်စု (က) တွင် ထိုင်း၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ ကမ္ဘောဒီးယား၊ ခြေစစ်ပွဲအောင်အသင်း (တီမော/ဘရူနိုင်း)၊ အုပ်စု (ခ) တွင် ဗီယက်နမ်၊ မလေးရှား၊ စင်ကာပူ၊ မြန်မာနှင့် လာအိုအသင်းတို့ ပါဝင်နေ သည်။ မြန်မာအသင်းသည် နောက်ဆုံးကျင်းပသည့် ၂၀၂၀ ပြိုင်ပွဲတွင် တစ်အုပ်စုတည်း ကျရောက်ခဲ့သည့် အသင်းများအနက် စင်ကာပူအသင်းနှင့်သာ ပြန်လည်တွေ့ဆုံလျက်ရှိ သည်။ မြန်မာအသင်းသည် ဗီယက်နမ်၊ မလေးရှား၊ စင်ကာပူတို့နှင့် တစ်အုပ်စု တည်း ကျရောက်နေသဖြင့် နောက်တစ်ဆင့် တက်ရောက်နိုင်ရန် ရုန်းကန်ရဖွယ် ရှိနေသည်။
အာဆီယံဘောလုံးအဖွဲ့ချုပ်သည် အရှေ့တောင် အာရှ ၁၁ သင်းအနက် အဆင့်သတ်မှတ်ချက် အမြင့်ဆုံး ကိုးသင်းကို နောက်ဆုံးအဆင့်၌ တိုက်ရိုက် ယှဉ်ပြိုင်ခွင့်ပြုခဲ့၍ အနိမ့်ဆုံး နှစ်သင်းဖြစ်သည့် တီမောနှင့် ဘရူနိုင်းအသင်းတို့မှာ ခြေစစ်ပွဲကစားရ ပြီး အနိုင်ရသည့် တစ်သင်းသာ နောက်ဆုံးအဆင့် ကစားခွင့်ရမည် ဖြစ်သည်။
ပြိုင်ပွဲဝင်အသင်းများအနေဖြင့် အုပ်စုလေးပွဲကို အိမ်ကွင်း နှစ်ပွဲ၊ အဝေးကွင်း နှစ်ပွဲ ကစားရမည်ဖြစ်ပြီး ဆီမီးဖိုင်နယ်နှင့် ဗိုလ်လုပွဲကို အိမ်ကွင်း၊ အဝေးကွင်း နှစ်ကျော့စနစ်ဖြင့် ကျင်းပမည်ဖြစ်သည်။
အာဆီယံဘောလုံးအဖွဲ့ချုပ်၏ ထုတ်ပြန်ချက် အရ ခြေစစ်ပွဲကို နိုဝင်ဘာတွင် ကျင်းပမည်ဖြစ်ပြီး နောက်ဆုံးအဆင့် ပွဲစဉ်များကို ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၂၀ ရက်မှ ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၁၆ ရက်အထိ ပြုလုပ်သွားမည်ဖြစ်သည်။
ရဲရင့်လွင်
ဓာတ်ပုံ-AFF