
နေပြည်တော် ဇူလိုင် ၂၅
အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်နှင့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနအောက်ရှိ ဂျပန်-မြန်မာ-အောင်ဆန်း သက်မွေးပညာသင်တန်း ကျောင်း (JMASVTI) တို့ ပူးပေါင်းကျင်းပသည့် “လူငယ်နှင့် ကျင့်ဝတ်စံနှုန်းများ” လူငယ်စကားဝိုင်းကို ယနေ့နံနက် ၁၀ နာရီတွင် အစိုးရစက်မှုလက်မှုသိပ္ပံ (အင်းစိန်) ကျောင်း၌ ကျင်းပသည်။
အခမ်းအနားသို့ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်အဖွဲ့ဝင် ဦးဝင်းတည်နှင့် ကော်မရှင်ရုံးမှ တာဝန်ရှိသူများ၊ ဂျပန်-မြန်မာ-အောင်ဆန်း သက်မွေး ပညာ သင်တန်း ကျောင်း(JMASVTI) ကျောင်းအုပ်ကြီး ဒေါက်တာရန်နိုင်ထွန်းနှင့် တာဝန်ရှိသူများ၊ ကျောင်း သား၊ ကျောင်းသူများ တက်ရောက်ကြသည်။
အဆိုပါ စကားဝိုင်းတွင် ကော်မရှင်အဖွဲ့ဝင်က ကျောင်းသားလူငယ်များအနေဖြင့် အများအကျိုး ဆောင်ရွက်ခြင်းနှင့် ကိုယ်ကျိုးရှာခြင်းတို့အကြား ခွဲခြားတွေးတောသည့် အခြေခံစဉ်းစားတွေးခေါ်မှုများ မှန်ကန်စေရန်၊ ဖြောင့်မတ်တည်ကြည်မှုရှိသည့် နိုင်ငံ့ သားကောင်းများ ဖြစ်တည်စေရန်နှင့် အဂတိ လိုက်စားမှုကို လုံးဝလက်မခံသော ယဉ်ကျေးမှုတစ်ရပ် ဖြစ်ထွန်းစေရန် ရည်ရွယ်ပြီး တက္ကသိုလ်/ကောလိပ် များတွင် ယခုကဲ့သို့ လူငယ်စကားဝိုင်းများ ဆောင်ရွက် ခြင်းဖြစ်ကြောင်း၊ ကျင့်ဝတ်နှင့်ညီသည့် ခေါင်းဆောင် ကောင်းတစ်ဦး ဖြစ်လာရန်အတွက် ငယ်စဉ် ကတည်းက ဖြောင့်မတ်တည်ကြည်မှုကို အခြေပြု ရန်လိုအပ်ကြောင်း၊ လူငယ်များအနေဖြင့် ဆန်းသစ် သည့် အတွေးအခေါ်များနှင့် ခေတ်မီနည်းပညာ အသစ်များကို ကောင်းမွန်စွာအသုံးချ၍ အဂတိ လိုက်စားမှု ပုံစံအမျိုးမျိုးကို ပိုမိုထိရောက်စွာ တိုက်ဖျက်သွားနိုင်လိမ့်မည်ဟု ယုံကြည်ပါကြောင်း ပြောကြားသည်။
ထို့နောက် “လူငယ်နှင့် ကျင့်ဝတ်စံနှုန်းများ” ခေါင်းစဉ်ဖြင့် လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ကျင်းပ ရာ ဂျပန် - မြန်မာ - အောင်ဆန်း သက်မွေးပညာ သင်တန်းကျောင်း (JMASVTI) မှ ကျောင်းသား၊ ကျောင်းသူများက ၎င်းတို့ သိရှိလိုသည်များကို မေးမြန်းကြပြီး ဆွေးနွေးသူများအဖြစ် ပါဝင်ဆောင် ရွက်ကြသည့် ကျောင်းသား၊ ကျောင်းသူများက ပြန်လည် ဆွေးနွေးဖြေကြားခဲ့ကြောင်း သတင်း ရရှိသည်။
သတင်းစဉ်