အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅ အရ တရားစွဲဆိုခံရသည့် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဟောင်း ဒေါက်တာဇော်မြင့်မောင် အပေါ် အမိန့်ချမှတ်

 

နေပြည်တော်     ဇွန်    ၁၇


မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဟောင်း ဒေါက်တာ ဇော်မြင့်မောင် ၏ လုပ်ငန်းဆောင်ရွက်မှုများအပေါ် တိုင်ကြားခြင်းနှင့် စပ်လျဉ်း၍   အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က  စုံစမ်း စစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့သည်။

 


စစ်ဆေးတွေ့ရှိချက်အရ      ဝန်ကြီးချုပ်ဟောင်း    ဒေါက်တာ ဇော်မြင့်မောင် သည် နိုင်ငံရေးရာထူး လက်ရှိဖြစ်ခဲ့စဉ်က မန္တလေးတိုင်း ဒေသကြီးအတွင်း     မြို့သစ်စီမံကိန်းဧရိယာနှင့်   ဆက်စပ်သည့် လယ်ယာမြေများကို  အခြားနည်းသုံးစွဲခွင့်ရရှိရေးနှင့်  စီမံကိန်း လုပ်ငန်းများ ဆက်လက်လုပ်ကိုင်နိုင်ရေးတို့အတွက် ဆောင်ရွက်ရသည့် ဆက်စပ်ကုမ္ပဏီတစ်ခုမှပေးအပ်သည့်    စုစုပေါင်း  ထိုင်းဘတ်ငွေ သုံးသိန်း၊ အမရပူရမြို့ပြဖွံ့ဖြိုးရေးစီမံကိန်းကို လုပ်ကိုင်ဆောင်ရွက် နေသော ကုမ္ပဏီတစ်ခုကပေးအပ်သည့်  စုစုပေါင်း ငွေကျပ် သိန်း ၆၅၀၊    လုပ်ငန်းရှင်တစ်ဦးကပေးအပ်သည့်    အမေရိကန်ဒေါ်လာ တစ်သိန်း တို့ကို တံစိုးလက်ဆောင်အဖြစ် လက်ခံရယူခဲ့ခြင်း၊ ၂၀၁၉ ခုနှစ်အတွင်း မြင်းခြံခရိုင်/မြို့နယ် NLD ပါတီရုံးအတွက် နိုင်ငံတော် အစိုးရက စီမံခန့်ခွဲခွင့်ရှိသည့်   မြေနေရာ ၀ ဒသမ ၀၁၇၁ ဧကနှင့် ပြင်ဦးလွင်မြို့နယ် NLD ပါတီရုံးအတွက် မြေနေရာ  ၀ ဒသမ ၁၇၂ ဧကတို့ကို တည်ဆဲဥပဒေ စည်းမျဉ်းများကို ဖောက်ဖျက်၍ ချထား ပေးခဲ့သည့်အတွက် နိုင်ငံတော်မှ ငွေကျပ်သိန်း ၃၄၃၀ ကျော် နစ်နာဆုံးရှုံးစေခဲ့ခြင်းတို့ကြောင့် ဝန်ကြီးချုပ်ဟောင်း ဒေါက်တာဇော်မြင့်မောင် အပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ အရ မန္တလေး တိုင်းဒေသကြီး တရားလွှတ်တော်တွင် ၂၀၂၁ ခုနှစ် ဇူလိုင် ၁၆ ရက်၌ တရားစွဲဆိုတင်ပို့ခဲ့ရာ ရာဇဝတ်ကြီးမှုအမှတ် ၆/၂၀၂၁ မှ ၁၀/၂၀၂၁ အထိ အမှုငါးမှုဖြင့် လက်ခံစစ်ဆေးခဲ့သည်။ 

 


မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော်က ဝန်ကြီးချုပ်ဟောင်း ဒေါက်တာဇော်မြင့်မောင် ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ အရ ပြစ်မှုထင်ရှားစီရင်ပြီး ယနေ့တွင် အမှုငါးမှုအတွက် ထောင်ဒဏ်   ၂၁ နှစ်   ကျခံစေရန်     အမိန့်ချမှတ်ခဲ့ကြောင်းနှင့် အဂတိလိုက်စားကြောင်း စစ်ဆေးပေါ်ပေါက်ချက်အရ စုံစမ်းစစ်ဆေး ရေးအဖွဲ့က စစ်ဆေးစဉ် အထောက်အထားမပြနိုင်သော မြန်မာငွေကျပ် သိန်း ၉၀၀၀ ကျော်၊ အမေရိကန်ဒေါ်လာ နှစ်သောင်း၊ ထိုင်းဘတ်ငွေ ငါးသိန်းတို့ကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းနိုင်ရေး ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိသည်။

သတင်းစဉ်