အီရတ်နိုင်ငံ၏ ပါလီမန်ရွေးကောက်ပွဲ ယနေ့စတင်

ဘဂ္ဂဒက်   အောက်တိုဘာ   ၁၀ 


အီရတ်နိုင်ငံ၌ ပါလီမန်ရွေးကောက်ပွဲ ယနေ့စတင်လျက်ရှိရာ မဲဆန္ဒရှင်ပြည်သူများက ကိုဗစ်-၁၉ ရောဂါ စည်းမျဉ်းများနှင့်အညီ မဲရုံများသို့ သွားရောက်ကာ ထောက်ခံမဲများ ပေးလျက်ရှိသည်။ 


နိုင်ငံအတွင်း အမေရိကန်နိုင်ငံ၏ ဝင်ရောက်စွက်ဖက်မှုများ လျော့ကျသွားသည့် အတွက် တည်ငြိမ်အေးချမ်းမှုကို ရေရှည်ဆောင်ကြဉ်းပေးမည့် အစိုးရတစ်ရပ်ပေါ်ထွက် လာနိုင်မလားဆိုသည်ကို ဆက်လက်စောင့်ကြည့်ရမည်ဖြစ်သည်။ 


ဆန္ဒမဲပေးမှုများကို ယနေ့ ဒေသစံတော်ချိန် နံနက် ၇ နာရီတွင် စတင်သည်။ လွှတ်တော်အမတ်လောင်း ၃၂၀၀ ကျော်က ၃၂၉ နေရာအတွက် ဝင်ရောက်ယှဉ်ပြိုင်လျက် ရှိသည်။ အိုင်အက်စ်စစ်သွေးကြွအဖွဲ့၏ အကြမ်းဖက်တိုက်ခိုက်မှုများ မဖြစ်ပွားစေရန် လုံခြုံရေးတပ်ဖွဲ့ဝင် ၂၅၀၀၀၀ ခန့် နိုင်ငံတစ်ဝန်း၌ တပ်ဖြန့်ထားကြောင်း သိရသည်။ 


နိုင်ငံအတွင်း   လုံခြုံရေးအခြေအနေ    မတည်ငြိမ်မှုများရှိနေသည့်အတွက် အမေရိကန်တပ်ဖွဲ့ဝင်များ နိုင်ငံအတွင်း၌ ဆက်လက်တပ်ဖြန့်ထားသင့်၊ မသင့် ဆိုသည် မှာ ရွေးကောက်ပွဲကျင်းပရေးဆိုင်ရာ အဓိကကိစ္စရပ်များအနက် တစ်ခုအပါအဝင် ဖြစ်သည်။ 


အမေရိကန်တပ်ဖွဲ့များက အိုင်အက်စ်စစ်သွေးကြွများအား တိုက်ခိုက်ချေမှုန်းမှု များကို ယခုနှစ်မကုန်မီ အဆုံးသတ်သွားမည်ဟု မျှော်လင့်ရသည်။ အမေရိကန်တပ်များ ပြန်လည်ဆုတ်ခွာသွားသည့်တိုင် အီရတ်တပ်ဖွဲ့ဝင်များအား စစ်ရေးလေ့ကျင့်ပေးမှု များကို လုပ်ဆောင်ပေးသွားနိုင်ဖွယ်ရှိသည်။


နောက်ထပ်နိုင်ငံရေးအကျပ်အတည်းတစ်ခုမှာ အီရတ်နိုင်ငံက အီရန်နိုင်ငံနှင့် မည်သို့သော   ဆက်ဆံရေးတစ်ရပ်ကို   ပြန်လည်ထူထောင်သွားမည်လဲဆိုသည့် အချက်ပင်ဖြစ်သည်။ အီရတ်နိုင်ငံအတွင်းရှိ အမေရိကန်တပ်ဖွဲ့ဝင်များကို အီရန်နိုင်ငံက ကျောထောက်နောက်ခံပေးသည့် စစ်သွေးကြွများက တိုက်ခိုက်ချေမှုန်းမှုများ ပြုလုပ် ခဲ့သည်။


ဆန္ဒမဲများကို ယနေ့ညနေ ၆ နာရီအချိန်တွင် စတင်ရေတွက်သွားမည်ဖြစ်ပြီး ရွေးကောက်ပွဲရလဒ်များကို ရက်အနည်းငယ်အတွင်း ကြေညာသွားမည်ဖြစ်ကြောင်း သိရသည်။      

 

       ကိုးကား - အင်န်အိတ်ချ်ကေ၊ ဘာသာပြန် - အောင်ကျော်ကျော်