
ဘဂ္ဂဒက် ဇူလိုင် ၄
အီရတ်နိုင်ငံတွင် ပူပြင်းလှသည့် နွေရာသီကာလအတွင်း အစိုးရကို လျှပ်စစ်ဓာတ်အားပေးနိုင်မှုကို ဟန့်တားနှောင့်ယှက်ရန်အတွက် ရည်ရွယ်ကာ စစ်သွေးကြွများသည် ပြီးခဲ့သည့် ၁၀ ရက်အတွင်း တိုက်ခိုက်မှုပြုလုပ်ခဲ့သည်။ ယင်းတိုက်ခိုက်မှုအတွင်း လျှပ်စစ် ဝန်ထမ်း ခုနစ်ဦး အသတ်ခံရကာ ၁၁ ဦး ဒဏ်ရာရရှိခဲ့သည်ဟု အီရတ်အစိုးရက ဇူလိုင် ၃ ရက်တွင် ပြောသည်။
ဓာတ်အားပေးစက်ရုံအချို့နှင့် အဓိက ဓာတ်အားထုတ်လွှတ် သည့်လိုင်းများ ကိုပစ်မှတ်ထားကာ တိုက်ခိုက်ခဲ့သည်ဟု အီရတ် အစိုးရက သတင်းထုတ်ပြန်သည်။ ပေါက်ကွဲစေသည့်ပစ္စည်းများ အသုံးပြုခြင်း၊ ဒုံးကျည်ပစ်ခတ်မှုတို့ပြုလုပ်ကာ တိုက်ခိုက်ခဲ့ပြီး ဓာတ်အားထုတ်လွှတ်ရေးလိုင်း ၆၁ လိုင်း ထိခိုက်ခဲ့သည်ဟု သိရ သည်။ တိုင်းပြည်တစ်ဝန်းအဖျက်အမှောင့်လုပ်ငန်းကြောင့် ပျက်စီး သွားရသည့် ဓာတ်အားထုတ်လွှတ်ရေးလိုင်များကို လျှပ်စစ်ဝန်ကြီး ဌာနက ပြင်ဆင်မှုများ ဆက်လက်ဆောင်ရွက်လျက်ရှိသည်။
ပြီးခဲ့သည့်နှစ်ရက်ကလည်း အီရတ်နိုင်ငံတစ်လွှား အပူလှိုင်းနှင့် ကြုံတွေ့ရစဉ်အတွင်း လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုများ ကြုံတွေ့ခဲ့ရသည်။ အီရတ်နိုင်ငံသည် ၂၀၀၃ခုနှစ် အမေရိကန် ဦးဆောင်သည့် ကျူးကျော်မှုအပြီးတွင် ကာလရှည်ကြာ လျှပ်စစ် ဓာတ်အားပြတ်လပ်မှုနှင့် ကြုံတွေ့ရသည်။ ဆင်ဟွာ