
ရောမ အောက်တိုဘာ ၁၀
အီတလီနိုင်ငံ၌ အောက်တိုဘာ ၉ ရက်က အသက် ၆၀ နှင့်အထက်များကို ကိုဗစ် - ၁၉ ကာကွယ်ဆေး တတိယအကြိမ် စတင်ထိုးပေးနေပြီဟု သိရသည်။
ဥရောပဆေးအေဂျင်စီက ယခုလအစောပိုင်း၌ ကာကွယ်ဆေးနှင့် ပတ်သက်၍ မီးစိမ်းပြပြီးနောက် စတင်ခဲ့ခြင်းဖြစ်သည်။ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးပြီးသည်မှာ ခြောက်လရှိပြီဖြစ်သော အသက် ၁၈ နှစ်နှင့်အထက်များကိုပါ တတိယအကြိမ် ကာကွယ် ဆေးထိုးပေးရန် စဉ်းစားသင့်သည်ဟု ဥရောပ ဆေးအေဂျင်စီက ခွင့်ပြုပေးခဲ့သည်။
စက်တင်ဘာလနှောင်းပိုင်းမှ စတင်ကာ အီတလီနိုင်ငံသည် ကိုဗစ် - ၁၉ ကာကွယ်ဆေး တတိယအကြိမ်ထိုးနှံပေးမှုကို စတင်ခဲ့သည်။ ဖိုက်ဇာ သို့မဟုတ် မော်ဒါနာကာကွယ်ဆေးကို အသုံးပြုကာ ကိုယ်ခန္ဓာအစိတ်အပိုင်း လဲလှယ်ထားသူများနှင့် အသက် ၈၀နှင့်အထက် သက်ကြီးရွယ်အိုများ၊ သက်ကြီးစောင့်ရှောက်ရေးဂေဟာတွင် နေထိုင်ကြ သူများနှင့် ကျန်းမာရေးလုပ်သားများကို စတင် ထိုးပေးခဲ့သည်။ ယခုအချိန်အထိ အီတလီနိုင်ငံတွင် အသက် ၁၂ နှစ်နှင့်အထက် သတ်မှတ်ထားသည့် လူဦးရေ၏ ၇၉ ဒသမ ၉ ရာခိုင်နှုန်းကို ကာကွယ်ဆေး ထိုးပေးခဲ့ပြီး ကာကွယ်ဆေးအပြည့်ထိုးပြီးသူ ၄၃ သန်းကျော်ရှိသည်ဟု တရားဝင်အချက်အလက်များအရ သိရသည်။
ဆင်ဟွာ